Friday, April 18, 2008

ဘူးသီးဖီလင်




ဘူးသီးဖီလင် ဆိုတာ ကျိုက်ထီးရိုးတောင် ခြေလျှင်တောင်တက်လမ်းက ဘူးသီးကြော်ဆိုင်လေးပေါ့…

ဒီနှစ် ဧပြီ ၁၁ ရက် သင်္ကြန်မတိုင်ခင်က ရောက်သွားတဲ့ကျိုက်ထီးရိုး အမှတ်တရလေးပါပဲ သူငယ်ချင်းတို့ရေ…အဲဒီနေ့က ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ ကျွန်တော့် အကိုတစ်ယောက်နဲ့ အားလုံး စုပြီးတက်ကြတာလေ…အရမ်းပျော်ဖို့ကောင်းတဲ့ ခရီးလေးတစ်ခုပါပဲ…ကျွန်တော်တို့ အဖွဲ့လည်း မနက် ၁၀ နာရီခွဲလောက်ကစပြီး တောင်ပေါ်စပြီး တောင်ပေါ်စတက်ကြတယ်လေ ….တောင်တက်လမ်းမှာလည်း ပုဇဉ်းရင်ကွဲ အော်သံတွေနဲ့ ငှက်ပေါင်းစုံတို့ရဲ့ အသံတွေနဲ့ အတော်သာယာတယ်ဗျာ..

ဒီလိုနဲ့ ကျွန်တော်တို့ တက်လာရင်းနဲ့ အကိုက ပြောတယ် “ဘူးသီးဖီလင်”ကို ရောက်အောင်တက်နှင့် အဲဒီမှာ ငါ့ ညီတစ်ဝမ်းကွဲရှိတယ်”ဆိုပြီးတော့ သူက ဖြေးဖြေးတက်လာတယ်လေ..ဒါနဲ့ ကျွန်တော်တို့လည်း တက်ရင်းနဲ့ ဘူးသီးဖီလင်ဆိုတဲ့ ဆိုင်ကို ရှာရင်းတက်ရင်းနဲ့ပေါ့….ဒီလိုနဲ့ ဖိုးပြန်တောင်ကိုလဲ ကျော်လာရော ..တွေ့ပါပြီ…ဘူးသီးဖီလင် ဆိုင်လေးကလည်း တော်တော်လှတယ်ဗျ…ကျွန်တော်တို့လည်း ရောက်တာနဲ့ ကျွန်တော့အကို နာမည်ပြောပြီးမိတ်ဆက်လိုက်တာပေါ့…သူလည်း ကျွန်တော့ အကိုနာမည်ကြားတော့ အတော်ဝမ်းသာသွားတယ်လေ.. ဒါနဲ့ ကျွန်တော်တို့လည်း အမောဖြေပြီး အကို့ကို စောင့်ရင်းနဲ့ တစ်ရေးလောက်နှပ်လိုက်ကြတာပေါ့…သိပ်မကြာပါဘူး အကိုလည်းရောက်လာရော..သူတို့တွေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလိုက်ကြတာ အတော်ကြာသွားတယ်..နောက်တော့ ဆိုင်က အကိုကပြောတယ် မင်းတို့တွေ ရေမိုးချိုးပြီး ထမင်းစားပြီးမှပဲ ဆက်တက်ရမယ်တဲ့ …ဟီး …ဒီက ကောင်တွေကလည်း သိပ်မငြင်းကြပါဘူး..ရေချိုးမယ် ထမင်းစားမယ်ဆိုတာပဲ…

ဒါနဲ့ သူကပဲ ဦးဆောင်ပြီး ရေချိုးတဲ့နေရာကို သွားမယ်လဲလုပ်ရော တောကပြန်လာတဲ့ မုဆိုးတစ်ယောက်က ဆိုင်မှာလာရောင်းတယ်လေ…”တောဝက်သား”တဲ့…ကံတဲ့လူတွေများ မပူနဲ့..ဟီး…. အကုန်လုံးဝယ်ပြီး သူ့မိန်းမကို ချက်ခိုင်းထားပြီးတော့ ရေချိုးဖို့ သွားကြတာပေါ့…. လမ်းကနေ တော်တော်လေး အောက်ဆင်းလိုက်တော့ သဘာဝအလျှောက်ထွက်နေတဲ့ ရေတွင်းလေးကို တွေ့တယ်ဗျ…သူတို့က အဲဒါကို ရေချောက် လို့ခေါ်တယ်တဲ့ …ရေကလည်း အေးမှအေးဗျာ.. မိုးကုတ်ကိုတောင် ပြန်သတိရသွားတယ်…ကောင်းလိုက်တဲ့ ရေ…အဲဒီမှာ ရေအဝချိုးပြီး ပြန်တက်လာတော့ ဆိုင်မှာ ထမင်းဝိုင်းက အသင့်ဗျာ.. တောင်တက်လာတဲ့ အရှိန်နဲ့ ဆာတဲ့ အရှိန်နဲ့ တွယ်ထည့်လိုက်ကြတာ ဆလုံနဲ့ နှစ်ပန်းကန်စီလောက် ကုန်ကြတယ်..နောက်ပြီး ငပိရေနဲ့ တို့စရာလည်းကောင်းမှကောင်း…နောက် ကျွန်တော်တစ်ခါမှ မစားဖူးတဲ့ တို့စရာ တစ်ခုလည်းတွေ့သေးတယ်..နာမည်ကလည်း ကြည့်ဦးလေ “ခွေးအီးသီး”တဲ့…အတော်ကောင်းတယ်ဗျ…စားဖူးကြလားတော့ မသိဘူး…ဒီလိုနဲ့ စားပြီးသောက်ပြီးတော့ နေတောင် အတော်စောင်းနေပြီလေ….ဒါနဲ့ တောင်ဆက်တက်လိုက်ကြတာ ည ၈နာရီလောက်မှာ တောင်ပေါ်ရောက်ခဲ့တယ်ဗျ…တောင်ပေါ်ရောက်တော့ ဘုရားကို ဖူးလိုက်ရတာနဲ့ တစ်လမ်းလုံးတက်လာလို့ မောတဲ့ အမောတွေ ဘယ်ရောက်သွားမှန်းတောင် မသိဘူးဗျာ…အရမ်းကို သပ္ပာယ်လိုက်တာ ….မီးရောင်တစ်ဝင်းဝင်းနဲ့..။

ကျွန်တော်တို့လည်း ဘုရားဖူးပြီး တည်းဖို့နေရာရှာတော့ နေရာရပါတယ်...ရင်ရင်ပြုံး ထမင်းဆိုင်တဲ့…ဆိုင်ရှင် အကိုကြီးကလည်း သဘောကောင်းတယ်ဗျ…ဆိုင်က အမတွေကလည်း အတော်လေး ဖော်ရွေတယ်..ကျွန်တော်တို့လည်း ဆိုင်မှာတစ်ညအိပ်၊ မနက်ကျတော့ ဆွမ်းတော်ပွဲတွေကိုယ်စီနဲ့ ဆွမ်းတော်ကပ်ပြီး မနက်ပိုင်းမှာပဲ တောင်အောက်ကို ပြန်ဆင်းခဲ့တယ်…..ဒီလိုနဲ့ ဘူးသီးဖီလင်ကို ပြန်ရောက်လာတယ်လေ…. အော်..ပြောဖို့ကျန်ခဲ့တော့မလို့ ဘူးသီးဖီလင် က အကိုကြီးက ဆိုင်ကယ်လေးတွေကို သစ်တွေဝါးတွေနဲ့ လုပ်ရောင်းတာ အတော်လက်ရာမြောက်တယ်ဗျာ…ကျွန်တော်တောင် တစ်ခုဝယ်ခဲ့သေးတယ်…လက်ဆောင်ပေးဖို့ (ဘယ်သူ့ကို ပေးမှာလဲဆိုတာတော့ ပြောပြဘူး) ဟီး…. ဘူးသီးဖီလင်မှာ ခဏနားပြီး တောင်အောက်ကို ပြန်ဆင်းလာခဲ့တယ်လေ…ဒါတောင် ထမင်းစားပြီးမှ ပြန်ခိုင်းတာ အားနာလို့မစားခဲ့တော့ဘူး…

သူငယ်ချင်းတို့ရေ ..သူငယ်ချင်းတို့လည်း ကြုံလို့များ ကျိုက်ထီးရိုးကို ခြေလျှင်လမ်းက တက်မယ်ဆိုရင်တော့ ဘူးသီးဖီလင်ဆိုင်မှာ ဝင်နားကြဦးနော့….ဆိုင်ကယ်လေးတွေလဲမိုက်တယ်. ဘူးသီးကြော်လည်းကောင်းတယ်…ကံကောင်းရင်တော့ ထမင်းလေးပါဝင်တွယ်ရမှာဗျ….

ဒီလိုနဲ့ သင်္ကြန်အကျနေ့ ဧပြီ ၁၃ ရက်နေ့မှာ ကျိုက်ထို ကနေ ရန်ကုန်ကို ပြန်ခဲ့ကြတယ်ဗျ…အကျနေ့ဆိုတော့ သိတဲ့ အတိုင်းပဲ တစ်လမ်းလုံး ရေပက်ခံခဲ့ရတာပေါ့ဗျာ…တစ်လမ်းလုံးဆိုတော့လဲ ပဲခူးရောက်တော့ မနေနိုင်တော့ဘူးဗျ..ဒါနဲ့ပဲ တစ်လုံးပေါ့ဗျာ (ဒါတောင် မလောက်ဘူးဗျ ချမ်းတုန်း)..ဟဲဟဲ..

အချစ်မဲ့ဂစ်တာ


Thursday, April 3, 2008

ပိတောက်ပင်




ညက မိုးရွာခဲ့တယ်
မနက် ပိတောက်တွေပွင့်သွားတယ်
မျှော်နေကြသူတွေ
လွမ်းနေကြသူတွေ
ပျော်နေကြတယ်
ပိတောက်ပင်ကြီးလည်း
မီးကုန်ယမ်းကုန်
ပွင့်ပေးရကျိုးနပ်
ရနံ့တွေနဲ့
ပတ်ဝန်းကျင်ကို ခြုံလွမ်းပေး
ပီတိတွေနဲ့ပေါ့။

ဒါပေမယ့်
လူတွေလူတွေ
နှိပ်စက်လိုက်ကြတာ...။

သိပ်မကြာခင်ပဲ
ပိတောက်ပင်ကြီးဟာ
ဒဏ်ရာဒဏ်ချက်များစွာနဲ့
မျက်ရည်တွေစီးကျလို့...။

နောက်တစ်နှစ်အတွက်
သူ
အားပြန်မွေးရဦးမယ်…။

အချစ်မဲ့ဂစ်တာ