Saturday, February 27, 2010

အိမ် အပြန်



လေစိမ်းတွေ တဖြူးဖြူးတိုက်ခတ်လို့….။ အေးမြလှသော လေအဟုန်က ကျွန်တော့်မျက်နှာကို ဝေ့ဝဲတိုက်ခတ်လျှက်ရှိသည်။ ကျွန်တော်ရောက်နေသော နေရာက တောင်ထိပ် စွန်းလေးတစ်ခုမှာ.။ ဒီတောင်ထိပ်စွန်း လေးရဲ့ အောက်ဖက်မှာ မိးရောင်မှိန်ပြပြနှင့် ချစ်စဖွယ် မြို့ပြလေးတစ်ခု။ ၀ိုင်းစက်နေသော လတစ်စင်းဟာ မြို့လေးပေါ်မှာ ဖြေးညှင်းစွာ ရွှေ့လျှားနေတယ်…။ လရောင်ဟာ ကျဆင်းနေသော မြူခိုးများကြားမှ ထိုးဖောက်ကာ ကျွန်တော့်ပတ်ဝန်းကျင်ဆီသို့…။ အစီအရီ ပေါက်နေသော ချယ်ရီပင်တန်းကြီး တစ်ခုလုံးဟာ ကျွန်တော့ နောက်ကွယ်မှာ..။ လေအဝှေ့မှာ တိုက်ခတ်လာသော လေနဲ့ အတူ ချယ်ရီပန်းရနံ့ကို ရှူရှိုက်မိသည်။ ချယ်ရီပန်းမှာ အနံ့ရှိချင်မှရှိမည် .. သို့ပေမယ့် ကျွန်တော်ချယ်ရီပန်းနဲ့ကို ရနေသည်။ ကျွန်တော်ထိုင်နေသော တောင်စွန်းရဲ့ အောက်တည့်တည့်မှာတော့ လူသားတွေရဲ့ လောဘတွေကြောင့် လှပလှသော မြို့လေးကို အကျည်းတန်စေခဲ့တဲ့ တွင်းကြီးတွင်းငယ်တွေ…။ လမ်းမတွေဟာ တစ်ဝက်တပျက်။ ချိုင့်ကြီးတွေ အလျိုလျို..။



အော်… ဒီမြို့လေးတစ်မြို့ဟာဆိုရင် ဟိုးအရင်က အတော်ပင် လှပခဲ့သော၊ ကြွယ်ဝခဲ့သော၊ သတင်းကြီးခဲ့သော မြို့တစ်မြို့။ ပတ္တမြား၊ နီလာဆိုတဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေကိုလည်း မွေးထုတ်ပေးခဲ့တဲ့မြို့.။ မြန်မာပြည်သာမက ကမ္ဘာမှာတောင် ထင်ပေါ်ကျော်ကြားတဲ့ မြို့..။ လက်ဖက်စိုက်ခင်းတွေနဲ့ လက်ဖက်မြို့တော်လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့မြို့။ မြို့လယ်ကောင်မှာ ရှိတဲ့ အင်းကြီးနဲ့ မြို့ကို ကျက်သရေဆောင်နေတဲ့မြို့။ ဘာသာရေး အလွန်တရာမှ ကိုင်းရှိုင်းကြတဲ့ မြို့။ ခုတော့လည်း……….. လူကြီးအိုမတွေနဲ့ ကျောင်းနေအရွယ်တွေသာ များပြားလာတဲ့ မြို့..။ လူလတ်ပိုင်းအရွယ်ဆိုတဲ့ ဦးဆောင်နိုင်တဲ့ လူငယ်တွေ နည်းပါးလာတဲ့ မြို့။ တစ်နေရာပြီး တစ်နေရာ လက်ညိုးထိုး ရောင်းစားခံနေရတဲ့ မြို့။ ဂေါ်ရခါးနဲ့ မုန်ညှင်းခင်းလောက်သာ ကျန်တော့တဲ့ မြို့။ အကာ သာရှိကြပြီး အဆံပျောက်နေကြသူတွေ များနေတဲ့ မြို့။ အရာရာဟာ လွမ်းစရာတွေပဲပေါ့…။



ဒီမြို့လေးကို ဒီတောင်စွန်းလေးပေါ်ကနေ ထိုင်ကြည့်နေမိသော ကျွန်တော်…။ နက်သည်ထက်နက်လာသော ညဉ့်အမှောင်ဟာ တစ်စ တစ်စကြီးစိုးလာလေပြီ။ လရောင်သာ ရှိမနေဘူးဆိုရင် ဒီနေရာဟာ အတော်ကို မှောင်မိုက်နေမှာ အသေအချာပါပဲ..။ ထိုင်နေသော မြက်ခင်းပြင်တစ်ခုလုံးပေါ်မှာလည်း စိုစွတ်သော နှင်းမှုန် နှင်းစလေးတွေဟာ လရောင်နဲ့ ဖိတ်ဖိတ်တောက်လျှက်.။ ညဉ့်ငှက်လေးများစွာဟာ လရောင်အောက်မှာ ဟိုမှဒီသို့။ မျက်နှာမူထားသော တောင်တစ်ဖက်ခြမ်းမှ လောင်ကျွမ်းနေသော တောမီးရောင်ကို အဓိပ္ပာယ် မဲ့စွာ ငေးကြည့်နေမိသည်။ ဒီတောမီးကို ကြည့်နေရင်းနှင့်ပင် တော်မီး၏ ညှော်နံ့တောင်ရနေသလိုလို…။ အော်… ကျွန်တော် ဒီနေရမှာ ထိုင်နေတာ အတော်တောင် ကြာနေပြီပဲ..။ ဒီနေရာလေးကနေပဲ ဒီမြို့လေးရဲ့ နေဝင်ချိန်ကိုလည်း တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ အေးအေးဆေးဆေး ထိုင်ကြည့်ခဲ့ဖူးတယ်..။ ဒီနေရာမှာ ဒီလောက်အကြာကြီး တစ်ခါမှလည်း မထိုင်ခဲ့ဖူးဘူး။ အတော်ကို လှပတဲ့ နေရာလေးကို ဒီအသက်အရွယ်ရောက်မှ သိလိုက်မိတာကိုပဲ နှမြောသွားသလိုလို။ နောက်ပိုင်းတော့ ဒီနေရာလေးကို မကြာခဏလာဖြစ်အောင် လာဖို့ ဆုံးဖြတ်လိုက်မိတယ်..။



အိမ်ပြန်တော့မယ်ဆိုတဲ့ စိတ်နဲ့ အရာအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ထိုင်ရာမှ ထလိုက်သည်။ ထုံကျဉ်နေသော ခြေထောက်တစ်ဖက်ကို အသာကြွကာ နှိပ်နယ်လိုက်ရင်း လမ်းမကြီးအတိုင်း ကျန်ခြေထောက်တစ်ဖက် ကို အားပြုကာ တရွေ့ရွေ့ ဆင်းလာခဲ့သည်။ လျှောက်လာသော လမ်းမကြီးပေါ်တွင် လူတစ်ယောက်မှ မရှိ။ အိမ်တံခါးပေါင်း များစွာလည်း ပိတ်လျှက်သားချည်းသာ။ ရှင်းလင်းနေသော လမ်းမကြီးပေါ်မှာ တစ်ဦးတည်းလျှောက်ရတဲ့ အရသာဟာ ဘာနဲ့မတူ..။ ဆိုးတာတစ်ခုပဲရှိသည်။ ကျွန်တော့်ကို တွေ့တဲ့ ခွေးတိုင်း ဟောင်နေခြင်းပင်။ ဘာကြောင့်များ ဒီလောက် ဟောင်နေကြပါလိမ့်…။ ခွေးဟောင်တာ မဆန်းပါဘူး…။ စကားပုံတစ်ခုတောင် သတိရလိုက်မိသေးရဲ့…။ ခွေးတွေ ဘယ်လောက်ပဲ ဟောင်ဟောင် လှည်းတန်းကြီးကတော့ သွားနေမြဲ ဆိုတာလေ..။



အိမ်ရောက်တော့မယ်…။ အဖေကတော့ ပြောဦးမှာပေါ့..။ ဒီအချိန်မှ ဘာကြောင့်ပြန်လာတာတုန်းဆိုတာ။ ဒါမှ မဟုတ်ရင် တံခါးရောဖွင့်ပေးပါဦးမလား… ဒီလောက်တောင် အိမ်ကို မပြန်လာချင်တဲ့ကောင် အပြင်မှာပဲ အိပ်ဆိုပြီးတော့လေ။ ဒါပေမယ့် ငါ့ညီရှိပါတယ် .. သူတံခါးဖွင့်ပေးမှာပါ…။ ခါတိုင်းလည်း အိမ်ပြန်နောက်ကျလို့ အဖေတံခါးမဖွင့်ပေးရင် သူလာလာဖွင့်ပေးနေကျပဲလေ..။ အမေရှိတုန်းကဆိုရင်တော့ ဒီလိုအိမ်ပြန်နောက်ကျရင် ဘာမှ မပြောပေမယ့် နောက်တစ်ရက်မနက်ဆိုရင်တော့ အမြဲတမ်း ဆုံးမတတ်တယ်။ ခု အမေဆုံးပြီးနောက်ပိုင်းတော့ ဒီလို အိမ်ပြန်နောက်ကျတဲ့အချိန်မှာ အမေ့ကိုလည်း သတိရမိပါရဲ့..။ ဟိုးတောင်ထိပ်လေးကနေ တွေးချင်တာတွေ တွေးပြီး လျှောက်လာလိုက်တာ အိမ်ရှေ့ရောက်လာလေပြီ…။ ထူးထူးဆန်းဆန်း အိမ်တံခါး မခတ်ထားဘူး…။ ကျွန်တော် တံခါးကို အသာဟပြီး ၀င်လိုက်တယ်..။ ကြက်သားနပ်ထားသော အနံက တစ်အိမ်လုံးမွှေးပျ့ံလျှက်…။



ဘယ်သူမှ မအိပ်ကြသေးပါလား..။ ခါတိုင်းများ ဒီလောက်နောက်ကျရင် အကုန်အိပ်ကုန်ကြပြီ..။ တံခါးခေါက်ရင်တောင် တော်တော်နဲ နိုးတာမဟုတ်ဘူး…။ ခုတော့…….။ အိမ်ကိုလည်း ရှင်းထားတာ သန့်ရှင်းနေတာပဲ..။ ထူးထူးခြားခြား…။ ကော်ဇောတွေရော ဖျာတွေရော မနက်ဖြန်များ ဆွမ်းကပ်မှာမို့လားမသိ..။ ကျွန်တော် အဖေ့နားကို ခဏဝင်ထိုင်လိုက်၏။ အဖေကတော့ မသိချင်ယောင်ဆောင်နေသလိုလို..။ ကျွန်တော် အိမ်ပြန်နောက်ကျလို့များ စကားမပြောတာများလား..။ မျက်နှာမကောင်းတာတော့ သေချာသိသည်။ အဖေ့တစ်ခုခုကို ၀မ်းနည်းနေတာလည်း ရိပ်မိသည်။ ညီလေးနဲ့ ညီမလေးကလည်း ကျွန်တော့်ကို တစ်ချက်မှ လည့်မကြည့်။ အေးလေ.. သူတို့လည်း ဒီလောက်ဆိုးတဲ့ အစ်ကိုဆိုပြီး စိတ်ဆိုးချင်ဆိုးနေမှာပေါ့…။ ဒါပေမယ့် သူတို့ကို ကြည့်ရတာ ကျွန်တော်တောင် ဘာမှန်း မသိ စိတ်ထဲ ၀မ်းနည်းလာသလိုလို…။ တော်ပါပြီလေ… မနက်ကျမှပဲ အားလုံးကို နောက်ဆို စောစောပြန်လာတော့မယ် ဆိုပြီး နှစ်သိမ့်တော့မယ်..။ နောက်ပြီး ကျွန်တော်ထိုင်နေခဲ့တဲ့ တောင်စွန်းလေးဟာ ဘယ်လောက် လှပလိုက်လဲဆိုတာကိုလည်း အားလုံးသိအောင် ပြောပြမယ်.။ ခုတော့ အနားယူလိုက်တော့မယ်လေ…။ ကိုယ့်ဖာသာ ဆုံးဖြတ်လိုက်ပြီး ဘယ်သူ့ကိုမှ ဘာမှ မပြောတော့ပဲ အိပ်ခန်းထဲဝင်ပြီး အိပ်ပစ်လိုက်သည်။



ဘုန်းကြီးတစ်ပါး တရားဟောသံ…။ သရဏဂုံ တင်နေသောအသံများ….။ ကျွန်တော် မျက်လုံးမဖွင့်ပဲ အခန်းထဲမှ နားစွင့်နေမိသည်…။ အိမ်မှာ ဆွမ်းကပ်နေတာပဲ…. ဒါတောင် ကျွန်တော့်ကို ဘယ်သူမှ လာမနိုးကြပါလား..။ ဒါနဲ့ပဲ အိပ်ရာထဲမှ ဘုန်းကြီးဟောနေသော တရားကို နားထောင်နေမိသည်။ လူတိုင်းဟာ မွေးလာတာ သေဖို့ပါတဲ့..။ ဒါပေမယ့် မသေခင်မှာ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ကြဖို့ ၊ တရားကို မမေ့ဖို့၊ ဘယ်အရာမှ မမြဲဘူးဆိုတာတွေကို အကျယ်ချဲ့ပြီး တရားကို ဟောနေသည်။ နောက်တရားဟော အပြီးမှာ “ ဘဝတပါးသို့ ကူးပြောင်းသွားသော မောင်ဟိန်းမောင် အားရည်စူးပြီး ” ဆိုသော အသံ…..။ အမျှ… အမျှ…. အမျှ …. ဆိုသော အမျှဝေသံ..။ ကြေးစည်သံ…။ ငိုကြွေးသံ….။



ကျွန်တော့်ကို အမေဆုံးမနေသည်။ အမေ့မျက်နှာကို ကျွန်တော် လွမ်းခြင်းများစွာနဲ့ ကြည့်နေမိသည်။ မတွေ့ရတာလည်း ကြာခဲ့ပြီလေ..။



အချစ်မဲ့ဂစ်တာ

27/2/2010

No comments:

Post a Comment