Friday, July 9, 2010

တစ်ခါတုန်းက တက္ကသိုလ်မှာ….



” ဟယ်လို ”
” အမေလား…. သားပါ…. ”
” အမေ နေကောင်းရဲ့လား…. ”
” ကောင်းပါတယ် သားရယ်…. သားရော ”
” ကောင်းတယ် အမေ….. သားခု ပိုက်ဆံလိုလို့ ပို့ပေးလိုက်ပါဦး….။ “

ဒီလိုနဲ့ အစချီလို့ တက္ကသိုလ်ကျောင်းသားဘဝ အိမ်ကို ပိုက်ဆံတောင်းပုံလေးပေါ့…။ အမေနေကောင်း သားဆုတောင်း ပိုက်ဆံတစ်သောင်း အမြန် ပို့လိုက်ပါဆို သလိုမျိုးပေါ့….။ အဆောင်နေကျောင်းသားတိုင်း ပြောနေကျ စကားလေးတွေပေါ့လေ..။ ရောက်လာပါပြီ..။ အိမ်က ပို့လိုက်တဲ့ ငွေ..။

” သွားစို့ သယ်ရင်းတို့ရေ….. ဒီနေ့ အိမ်က ပိုက်ဆံရောက်တယ်…။ “

အစချီလို့.. ရောက်သွားပါပြီ ဘီယာဆိုင်ကိုပေါ့လေ…. အဟ….။ သောက်ကြ စားကြ ….. ဟိုအကြောင်းပြော ဒီအကြောင်းပြော….။

နောက်နေ့မနက်… ကုန်ပြီပေါ့ အိမ်ကပို့တဲ့ ပိုက်ဆံ…. အဆောင်နေ ကျောင်းသားဘဝလေ…။ သိတယ်ဟုတ်…။ ဒီနေ့ ဟိုကောင့် အိမ်က ပိုက်ဆံရောက်တယ် တဲ့….. အဟ..ရောက်ပြန်ပြီပေါ့…ဘီယာဆိုင်…. ။ နောက်ရက်တောင် မခံလိုက်သော အိမ်က ပို့သော ပိုက်ဆံများ………။ ဒီလိုနှင့်…….

နေ့လည် ၂ နာရီ…..။
တစ်နေ့ကမှ ပို့ထားသော ပိုက်ဆံများ တစ်နေ့ကရဲ့ အရင်တစ်ရက်က ပို့လာသော ပိုက်ဆံများ…။ အနိစ္စသဘောနဲ့ ကိစ္စ ချောသွားခဲ့လေပြီ..။ အဆောင်မှာ အတူနေ သူငယ်ချင်း သုံးယောက်..။ ၀င်းမောင်၊ မျိုးသီဟ နဲ့ ကျွန်တော်….။ ၄င်း အချိန်ထိ ရေသောက် ဗိုက်မောက်နေရပြီ…။

ထိုအချိန် 2002 ခုနှစ်..။ စားနေကျဆိုင်တွင် ထမင်းတစ်ပွဲ တစ်ခါပြင် ၂၅၀…။ လိုက်ပွဲတစ်ပွဲ ၅၀….။ ခါတိုင်းနေ့ဆိုရင်တော့ ပိုက်ဆံလေးရှိတော့ ထမင်းတစ်ပွဲနဲ့ လိုက်ပွဲတစ်ပွဲ ၃၀၀…. ဗိုက်အပြည့်….။ ဒီနေ့မှာတော့… နေ့လည် ၂ နာရီထိုးလေပြီ…။ နေ့လည်စာ ထမင်းမစားရသေး…..။ ကြည့်လိုက်ဦးလေ… ပိုက်ဆံကလည်း သုံးယောက်ပေါင်းမှ ရှိတာ မြန်မာငွေ ၁၇၀ ကျပ်တိတိ..။ ခါတိုင်းဆိုရင်တော့ ပိုက်ဆံမရှိသော အချိန်တွေတိုင်း သူငယ်ချင်း မိန်းကလေးများရှိသော အဆောင်ဆီသို့ သွားကာ….

” ဟေ့ နင့်ဆီမှာ ဘာမုန့်တွေ ရှိသေးလဲ…ငါဘာမှ မစားရသေးဘူးဟ ” လို့ အစချီလို့ မုန့်များ တောင်းစားခဲ့ရတယ်….။ သူငယ်ချင်း မိန်းကလေးတွေ အတော်များများကလည်း ကျွန်တော်တို့ အဖွဲ့ကို ခင်ကြပါတယ်…။ သူတို့ကလည်း ကျွေးရှာကြပါတယ်….။

` ရော့… ကိတ်ခြောက်´ ဆိုတာမျိုး..။ ကဲ…နောက်တစ်ယောက်…
` ဘာရှိတုန်းဟ…. ´ ဆိုလျှင်ပင်.. ` ရော့ ခေါက်ဆွဲထုပ်…. ရော့ သရက်သီး´ ဆိုတာမျိုး..။ ကျွန်တော်တို့လည်း အားကျမခံ အဆောင်ရှေ့မှာ ဗိုက်ပြည့်သလောက်စားသည်။ မကုန်နိုင်တဲ့ မုန့်ဟူသမျှကို ညနေစာအဖြစ် သတ်မှတ်ပြီး ပေးသမျှ အကုန် လွယ်အိတ်ထဲထည့်ကာ ညစာ စုတတ် တဲ့ အကျင့်ကြောင့် နောက်ပိုင်း သွားတောင်းစားစရာ သူငယ်ချင်း မိန်းကလေး အဆောင်များ ကုန်လေပြီ…။ နောက်ပိုင်း သွားလည်ကာ ` ဘာမုန့်ရှိလဲလို့ မေးလျှင်ပင်´ ဘာမှ မရှိတော့ဘူးနှင့်ပင် ညားတော့တဲ့ အချိန်ရောက်နေလေပြီ….။

ဒီလိုနှင့် အိမ်ကပို့ထားသော ပိုက်ဆံများ ကုန်ကာ အကြွေးပင်တင်နေသော အနေအထားသို့ပင် ရောက်နေလေပြီ..။ ဖုန်းဆက်ပြီး မှာထားသော အိမ်ကပို့မယ့် ပိုက်ဆံကလည်း နောက်နေ့လောက်မှပင် ရောက်မည်…။ ဒီလိုနှင့် ထိုနေ့အဖို့တော့ ဘယ်နေရာကမှ ထမင်းဖိုး ချေးလို့ရမည် မထင်….။ လက်ထဲမှာရှိတာကလည်း သုံးယောက်မှ ၁၇၀ ကျပ်တိတိ….။ စားနေကျဆိုင်မှာ သွားစားရင်လည်း ပိုက်ဆံ ၁၇၀ နှင့် သုံးယောက်ကို လို်က်ပွဲ သုံးပွဲသာ ရလိမ့်မည်…။ ဟင်းလည်း ပါမည်မဟုတ်….. ။ ဗိုက်လည်း ဆာနေလေပြီ…။ အချိန်ကလည်း ကြည့်ဦးလေ… ။ မနက်ကတည်းက ဘာမှ မစားကြရ သေးသော ကျွန်တော်တို့ သုံးယောက် နေ့လည် ၂ နာရီမှာ ဘယ်လောက်ဆာနေပြီလဲဆိုတာတော့ စဉ်းစားကြည့်လို့ ရနိုင်ပါတယ်..။

ဒီလိုနဲ့ မျိုးသီဟ မနေနိုင်တော့….. ` ငါ စားစရာသွားရှာဦးမယ်ကွာ.. ပေးငါ့ကို ပိုက်ဆံ ၁၇၀ ´ လို့ ဆိုပြီး ပိုက်ဆံယူကာ ထွက်သွားလေသည်။ သူက မန္တလေးမှာ အဆောင်နေပြီး အလုပ်လုပ်နေတာဆိုတော့ မန္တလေးကို ကျွန်တော်တို့ထက်စာရင်တော့ ကျွမ်းတယ်ပေါ့ဗျာ…။ ကျွန်တော်တို့ကတော့ ဒီလို အဝေးသင်အချိ်န်မှသာ မန္တလေးကို ရောက်တာဆိုတော့ ဘယ်နားက ဆိုင်မှာ ဘယ်လိုရနိုင်မှန်း မသိဘူးလေ.။ ဒါနဲ့ သူ့ကိုပဲ အားလုံး သုံးယောက်ပေါင်းမှ ရှိသမျှစည်းစိမ် ပိုက်ဆံ ၁၇၀ ကို ရက်ရက်ရောရော အပ်လိုက်တော့သည်။ သူက မန္တလေးမှာပဲ နေ မန္တလေးမှာပဲ အလုပ်လုပ် နေတာဆိုတော့ ကျွန်တော်တို့ထက်စာရင် ပိုသိနိုင်တယ်လေ…။ ဒီလိုနဲ့…….။

` ဟေ့ကောင်တွေ ရော့ ဆွဲကြတော့ကွာ…..။ ´

ဆိုတဲ့ အသံနဲ့ အတူ ထမင်းပန်းကန် နှစ်ပန်းကန်ကိုင်က အဆောင်ထဲသို့ ဂုဏ်ယူဝင့်ကြွားစွာ ရောက်လာလေသည်။ ထို ထမင်း ပန်းကန်ထဲကြည့်လိုက်တော့ ၀က်သားတုံးနှစ်တုံးစီ၊ ငါးလေးအစပ်ကြော်၊ ချည်ပေါင်ကြော်.. စသဖြင့် စားချင်စဖွယ်ပင်….။ သုံးယောက်သား ထမင်းနှစ်ပန်းကန်ကို အားရပါးရ ဆော်ထည့်လိုက်တာ ၀က်သားအခေါက်မှာ ပြောင်အောင်မရိတ်ပဲ ချက်ထားတဲ့ အမွေးများလည်း ဂရုမစိုက်..။ ဖွယ်တယ်တယ် ဆန်သားများကိုလည်း ဂရုမစိုက်နိုင်..။ ချည်ပေါင်ကြော်ထဲမှ ဆံပင်မွေးကိုလည်း မရွံတော့..။ ဗိုက်ဆာဆာနဲ့ စားလိုက်ကြတာ နှစ်ပန်းကန်လုံး ခွေးစိတ်ညစ်လောက်အောင်ပင် …။
( သူ့(ခွေး)မှာ လျှက်စရာ တစ်စက်မှ မကျန်တော့၍ ဖြစ်သည်) စားပြီးသောက်ပြီး သူဝယ်လာသောဆေးပေါလိပ် နှစ်လိပ်ကို သုံးယောက်မျှပြီး ဆွဲလိုက်ကြသည်..။ တော်တော်ပင် ပြည့်စုံသွားသလိုလို..။ ဒါတောင် လန်ဒန် တစ်လိပ်ကျန်နေသေးသည်..။ နှမြောစွာဖြင့် မည်သူမှ မသောက်ကြ.။ အမြတ်တနိုးပင် တယုတယဖြစ်နေလေသည်။

ဗိုက်လည်း ပြည့်လေပြီ..။ ဒီတော့မှ ပြောင်သလင်းခါနေသော ပန်းကန်များကိုကြည့်ကာ
` ဟေ့ကောင် မင်း ဘယ်ကနေရှာလာတာတုန်း… ´…… ဆိုတော့
` ငါတို့ အဆောင်ရှေ့ မျက်စောင်းထိုး ရေမြောင်းဘေးကဆိုင်က ´ တဲ့…..
အလို… အဲဒါ ထမင်းဆိုင်လား….. တွေ့နေတာတော့ ကြာလှပါပြီ… ဒီဆိုင်ကကို ထမင်းဆိုင်လို့ပင် မထင်….။ ရေမြောင်းဘေး ယိုင်နဲ့နဲ့ အတော်ပင် စားချင်စရာမကောင်းသောကြောင့် လှည့်မကြည့်ခဲ့သော ဆိုင်….။ ခုတော့ အဲဒီဆိုင်က ထမင်းတဲ့…. ကောင်းရော..။ ဒါပေမယ့် ဗိုက်ကလည်း ဆာဆာ ဆိုတော့ ဘယ်ဆိုင်ကလည်း မမေးတော့..။ ဘယ်လောက်လဲ မမေးတော့…။ စားရဖို့က အဓိကဖြစ်နေပြီကော…။ စားလည်း စားခဲ့ပြီးလေပြီ မဟုတ်လား..။

` ဟေ့ကောင် ထမင်းက ဘယ်လောက်ပေးရသတုန်း..။ ´ လို့ အမေးမှာ သူကလည်း စျေးကိုင်လျှက် သူကပဲ ဘယ်သူ့ဆီက ပို်က်ဆံရလို့ စိုက်ပြီး ၀ယ်ခဲ့သလိုလို။ မျက်နှာပေးကလေ…။ နောက်မှ ` ထမင်းနဲ့ ဟင်း တစ်ခါပြင်ကို ၈၀ ´ …။ ကျွန်တော် အတော် အံ့သြသွားသည်။ ဒီခေတ် ဒီအခါမှာ ၈၀ တန် ထမင်း ရှိသေးတယ်ဆိုတာကို..။ စားနေကျဆိုင်ဆိုရင် ထမင်းနဲ့ ဟင်းတစ်ခါပြင်ကို ၂၅၀..။ ဒါတောင် အတော်စျေးသက်သာသော ဆိုင်ဖြစ်သည်။ ယခုတော့ ထမင်းနဲ့ ဟင်း တစ်ခါပြင်ကို ၈၀ တဲ့…။ ( ဝက်သားဟင်းက အမွေးမပြောင်တာ တစ်ခုပဲ ပြောစရာရှိသည်..။ ) ဒါကြောင့် သူ ထမင်းနဲ့ဟင်း နှစ်ပွဲ ဝယ်လာတာဖြစ်သည်။ ပေးလိုက်တာက ၁၇၀ ဆိုတော့ ၁၀ ပိုနေသေးသည်။ ပိုတဲ့ ၁၀ ကို ဆေးပေါလိပ် နှစ်လိပ်နဲ့ လန်ဒန် ၁ လိပ်တောင်ပါလာခဲ့ခြင်းဖြစ်သည်။

အော်…. ကျောင်းသားဘဝတွေနော်….။

တစ်ရက်ကလည်း ကိုငယ်လို့ ခေါ်တဲ့ ကျွန်တော်တို့ရဲ့ ဇတ်လိုက်ကျော် ကင်းကောင်ပေါ့….။ သူ့ကို ကင်းကောင် လို့ခေါ်တာကလည်း အကြောင်းရှိတယ်လေ..။ သူက ဘယ်ဘဝက ကုသိုလ်နဲ့ ဆုတောင်းတွေကြောင့်လည်းတော့ မသိ ။ စကားပြော အရမ်းကောင်း.၊ သီချင်းဆို.. ဂစ်တာတီး အရမ်းကောင်းသလို သလောက် သူ့ပုံက ရုတ်တစ်ရက်ကြည့်လိုက်လျှင် သရုပ်ဆောင် ကင်းကောင်နဲ့ ခပ်ဆင်ဆင်ပင်..။ ဒါကြောင့် အဆောင်မှ သူူငယ်ချင်းအားလုံးက ချစ်စနိုးနဲ့ ကင်းကောင်…။ ဒီလိုနှင့် .. သူ့နာမည် ကင်းကောင်ဖြစ်လေပြီ..။

တစ်ရက် သူ သူ့ဂစ်တာကိုကိုင်ကာ အဆောင်မှ ထွက်သွားလေသည်။ မန္တလေးတက္ကသိုလ်ရဲ့ နာမည်ကြီး ဗန်းမော်တိုက်လမ်းကြားမှာ ဂစ်တာသွားတီးမယ် ဆိုပဲ…..။ ည ၁၁နာရီ ခွဲလောက်မှာ သူပြန်ရောက်လာသည်။ သူ့ပုံက အတော်ပင် မောဟိုက်ကာ ပြဿနာ တစ်ခုခု တက်လာတဲ့ ဒီဇိုင်း…။ အဆောင်မှ သူငယ်ချင်း အားလုံးလည်း သူ့ကိုကြည့်ပြီး စိတ်ပူသွားသည်။ အဆောင်ထဲရောက်တဲ့ အထိပင် အမောမပြေသေး..ဒါနဲ့ သူ့ကို ရေတိုက်သည်။ နောက် အသက်ရှူသံပြင်းစွာဖြင့်……

` ဟိုကောင်တွေကွာ…. ဆော်ထည့်လိုက်တာ အကုန်လုံး ..အတုံးအရုံးပဲ… ခုတော့ တစ်ယောက်တစ်နေရာစီ လစ်သွားကြပြီ…..။ တော်တော် မှတ်လောက်သားလောက် ဖြစ်သွားတယ်ကွ ´

ဟိုက်… ဒီလူတော့ အဲဒီကောင်တွေကို ဆော်ခဲ့ပြီ…။ ဒါနဲ့ ကျွန်တော်တို့ကလည်း ဘယ်လိုစဖြစ်ကြတာတုန်း ပြောပါဦးဆိုတော့………

` ဗန်းမော်တိုက်ထဲမှာကွာ…. ငါ ဂစ်တာတီးနေတုန်း…. ခေါင်းနောက်ကို တစ်ခုခု လာထောက်သလို ခံစားရလို့ လှည့်ကြည့်လိုက်တော့ နှစ်တစ် တုတ်တစ်ချောင်းနဲ့ ငါ့ခေါင်းကို ထောက်ပြီး… မင်းပြန်မလား မပြန်ဘူးလားဆိုလို့ငါလည်း ဘာမှပြန်မပြောတော့ပဲ ထပြန်မလို့ လုပ်တာပေါ့ကွာ..။ အဲဒီမှာ အဲဒီတစ်ယောက်နဲ့ သူ့အဖွဲ့တစ်ဖွဲ့လုံး ငါဆီကနေ ထွက်သွားပြီး ငါ့နဲ့ မျက်စောင်းထိုးလောက်က အဖွဲ့တစ်ဖွဲ့ကို သွားပြီးရစ်တယ်လေ..။ ငါလည်း ဘာဖြစ်မလဲ ဆိုတာ သိချင်တာနဲ့ မသွားသေးဘဲ စောင့်ကြည့်နေတာ….။ အဲဒီမှာ အဖွဲ့နှစ်ဖွဲ့ စကားတွေ များကြပြီး ဆော်ကြတာကွာ..။ ငါလည်း ဘယ်နေနိုင်မလဲ.. သိတယ်ဟုတ်..။ လာရစ်တဲ့ အဖွဲ့ကကောင်တွေ ကွဲတဲ့ကောင် ကွဲ ပြဲတဲ့ကောင် ပြဲ ကုန်ကြတာ…..။ တော်တော် မှတ်လောက်သားလောက် ဖြစ်သွားတယ်ကွ….။ နောက်ဆို ဒီလမ်းကြားထဲ လာတောင် လာရဲမှာ မဟုတ်ဘူး….. ´
အလဲ့….ဒီလူ တယ်ဟုတ်ပါလား… ဟိုနှစ်ဖွဲ့ ရန်ဖြစ်တာကို ဒီလူက ဆွမ်းကြီးလောင်းခဲ့တယ်ပေါ့လေ… ။ ဒါက ကျွန်တော်တို့ အထင်….။

ဒါနဲ့ ခင်ဗျား ဘယ်နှစ်ယောက်တောင် ဆော်ထည့်လိုက်တာလဲလို့ သိချင်ဇောနဲ့မေးလိုက်တော့…..
` အာ..ငါလည်းကြောက်သဟ..ဒါနဲ့ သစ်ပင်အကွယ်ကနေ ကြည့်နေတာ….ဆော်လိုက်ကြတာကွာ… မြင်ရက်စရာကို မရှိဘူး…ဟိုကောင်တွေ အဖွဲ့ အားလုံး ကုန်းရုန်းပြေးသွားတော့မှ ငါလည်း သစ်ပင်အကွယ်ကနေ အသာလေးပြန်ခဲ့ရတာ..။ အပြန် ငါတစ်ယောက်ထဲ လမ်းမှာ ခွေးတွေဟောင်လို့တောင် ငါ့မှာ ပါလာတဲ့ ဂစ်တာလေးနဲ့ ကာကွယ်ပြီး အဆောင်ကို မနည်းရောက်အောင်ပြန်ခဲ့ရတာ….´ …။

ကဲ ကြည့်ဦး… သူမောလာလို့ ဘယ်နှစ်ယောက်နဲ့တောင် ဆော်ခဲ့ရလို့လည်း ထင်တာ ဒငး်ကတော့ ခွေးကြောက်လို့ ပြေးလာခဲ့ရတာကိုး…..။

ကျွန်တော့်ရဲ့ ကျောင်းသားဘဝမှာ အဲလို စိတ်ညစ်စရာ၊ အမှတ်ရစရာ နဲ့ ရယ်စရာ အဖြစ်မျိုးလေးတွေလဲ ကြုံခဲ့ဖူးလေရဲ့……။

PS : ခုအချိန်မှာ ကျွန်တော် အဆောင်နေကျောင်းသားဘဝကို အတော်ပင် သတိရနေမိသောကြောင့် ဒီပို့စ်လေးကို ရေးမိပါသည်။

အချစ်မဲ့ဂစ်တာ

9/7/10