Monday, September 13, 2010

ကြုံခဲ့ရ ညများ



ညတစ်ည အဲဒီညမှာ ကျွန်တော် ပြေးလွားနေတယ်။ မျက်လုံးကလည်း အငြိမ်မနေ၊ တောင်ရှာမြောက်ရှာနဲ့ ဂဏှာမငြိမ်ဖြစ်နေတယ်။ ကျွန်တော်ရှာနေတာကို လုံးဝမတွေ့ဘူး။ အခန်းတွေကလည်း အများကြီး၊ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ပြီး ကျွန်တော်တစ်ခါမှ မရောက်ဖူးတဲ့ နေရာတစ်ခု။ ကျွန်တော် တစ်ခန်းပြီး တစ်ခန်း လိုက်ဖွင့်နေတယ်။ ရေချိုးခန်းတွေ၊ အိပ်ခန်းတွေ၊ စာကြည့်ခန်းတွေ၊ မီးဖိုခန်းတွေ။ ကျွန်တော်ရှာနေတဲ့ အခန်းက ဘယ်ပျောက်နေပါလိမ့်။ အမြန်ရှာတွေ့မှကို ဖြစ်မယ်။ ဒီအတိုင်းဆိုရင်တော့ မလွယ်၊ ဒုက္ခတွေများကုန်တော့မယ် လို့ စိတ်ထဲမှာတွေးနေမိတယ်။ ရှာစမ်း၊ ရှာစမ်း၊ တွေ့အောင်ရှာစမ်း။ ကိုယ့်ကိုကိုယ် အားပေးစကားပြောနေတယ်။ စိတ်ကိုလည်း အတော် ထိန်းထားနေရတယ် ။   လျှော့ပစ် လိုက် လို့မဖြစ်။ ဘယ်လိုမှမဖြစ်။ ကော်ရစ်တာတွေကလည်း အများကြီး။ တွေ့သမျှအခန်းတွေကို အကုန်လုံးလိုက်ဖွင့်ရှာနေတယ်။ မဟုတ်။ ကျွန်တော်ရှာနေတဲ့ အခန်းမဟုတ်။

အချိန်ကြာလာတာနဲ့ အမျှ လူကလည်း အတော်မောဟိုက်လာပြီ။ ချွေးစေးတွေတောင် ထွက်လို့ပေါ့။ လမ်းတောင်အနိုင်နိုင် လျှောက်နေရတယ်။ ဒါပေမယ့် စိတ်ကိုတင်းပြီး တစ်ချက်မှ မနားပဲ တံခါးတွေ အကုန်လုံးကို လိုုက်ရှာနေတုန်း။ တဖြည်းဖြည်းနဲ့ ကျွန်တော်မရတော့ဘူး။ စိတ်ကိုလျှော့ပစ်လိုက်ချင်နေပြီ။ သွားပြီ၊ သွားပြီ လို့ စိတ်ထဲမှာ ရေရွတ်နေရင်း ကိုယ့်ကိုကိုယ်ရှက်ရွ့ံနေမိတယ်။ ဟော… အခန်းတစ်ခန်း ဒီအခန်းဟာ နောက်ဆုံးအခန်းပဲ။ ကျွန်တော့်ရဲ့ နောက်ဆုံးမျှော်လင့်ချက်။ ဒီအခန်းသာမဟုတ်ရင်တော့ ကိစ္စက ဒီနားတင်ပြတ်ပြီ။ သိပ်လည်း မစဉ်းစားနိုင်တော့ဘူးလေ။ ဥုံဖွဟဲ့ … ဆိုပြီးတံခါးကို အမြန်ဆွဲဖွင့်လိုက်တယ်။ အလို … ဘုရားသခင်…  ကံကောင်းပေလို့ပေါ့။ ကျွန်တော်ရှာတွေ့ပြီ။ ၀မ်းသာအားရနဲ့ အထဲကို အမြန်ပြေးဝင်လိုက်တယ်။ ၀ူး….. စိတ်ကို အကုန်လျှော့ချပစ်လိုက်ပြီ။ စိတ်ထဲမှာလည်း တဖြည်းဖြည်းနဲ့ အတော်ပေါ့ပါး လာတယ်။

အဲဒီအချိန်မှာပဲ ကျွန်တော့်ဘေးကနေ ပြောလိုက်တဲ့ အဖေ့အသံကို ကြားလိုက်ရတယ်။
” ဟာ.. ဒီကလေးကတော့ အိပ်နေရင်း အိပ်ရာထဲမှာ သေးပေါက်ချပြန်ပြီ..။” တဲ့။

ကျွန်တော် ၄ နှစ် ၅ နှစ်သားအရွယ်တုန်းအဖြစ်လေးပါ။

အချစ်မဲ့ ဂစ်တာ
13/9/2010