Wednesday, June 17, 2015

တောင်းပန်စာ




ကိုယ်နဲ့ မင်းနဲ့တွေ့ခဲ့တာ ခုဆို ငါးနှစ်ကျော်ခဲ့ပြီနော် .. ကိုယ် မင်းကို ဘယ်လောက်ထိ ချစ်ခဲ့လဲ.. ကိုယ် ဘယ်လောက်ထိ ဂရုစိုက်လဲဆိုတာ မင်းအသိဆုံးဖြစ်မှာပါ .. ။

ကိုယ်မင်းအတွက်ဆို အလုံခြုံဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကာကွယ်ပေးဆပ်ခဲ့တယ်လေ။ ကိုယ် မင်းကို ပိုင်ဆိုင်ခွင့်ရဖို့ ဘယ်လောက်ကြိုးစားခဲ့ရတယ်ထင်လဲ။  မင်းကို သိပ်ကြမ်းတမ်းတဲ့ လောကဒဏ် မိုးဒဏ် လေဒဏ်တွေကြောင့် မင်းဘဝလေး ပျက်စီးသွားမှာကို အရမ်း စိုးရိမ်ခဲ့ရတာ။ ဒါကြောင့်လဲ ကိုယ်မင်းကို အမြတ်တနိုးနဲ့ တန်ဖိုးထားခဲ့တာပေါ့။

ကိုယ်ဟာ ငွေကြေးသိပ်ချမ်းသာတဲ့ လူမဟုတ်တဲ့ အတွက် ကိုယ့်နဲ့ မထိုက်တန်တာတွေကို ကိုယ် မမျှော်မှန်းခဲ့ပါဘူး။ မင်းလေးကတော့ ကိုယ့်ဘဝနဲ့ ထပ်တူကျခဲ့ပါတယ် ။ ကိုယ့်ကို ပျော်ရွှင်မှုတွေ၊ ကျေနပ်စရာတွေပဲ ပေးခဲ့တာကိုး။ ကိုယ် သိပ်ကို ကျေးဇူးတင်မိပါတယ်ကွယ်။

ဒါပေမယ့် ခက်တာတစ်ခုက နောက်ပိုင်းတွေမှာ မင်း ကိုယ့်အလိုကို ဟိုးအရင်တုန်းကလို ဖြည့်ဆည်းမပေးနိုင်တော့တာပဲ။ အေးလေ … မင်းလဲ ကိုယ့်လက်ထဲမှာ ကြာပြီဆိုတော့ ဘယ်လိုလုပ် ကိုယ်စိတ်ကျေနပ်လောက်တဲ့ထိ ဖြည့်စွမ်းပေးနိုင်ပါတော့မလဲ ။ ကိုယ် အပြစ် မတင်ရက်ပါဘူး။
ဟိုးတုန်းကတော့ မင်းက အသစ်လေးဆိုတော့ ကိုယ် ပွတ်ရင် ပွတ်သလောက် မင်းထတာပေါ့။ ဒီနောက်ပိုင်းတွေမှာတော့ မင်းက ကိုယ်ပွတ်သလောက် မထတော့သလို ကိုယ်မင်းကိုဖွင့်တိုင်းလဲ မင်းကမပွင့်နဲ့ မသိချင်ယောင် ဆောင်တတ်နေပြီလေ။ ကိုယ်ကလဲ ကိုယ့်ဘဝမှာ မင်းပဲရှိတာဆိုတော့ မင်းကိုပဲ ပွတ်ချင်တာ။ ကိုယ့် ကံကြမ္မာပဲပေါ့။

ဒီတော့ ကိုယ်မင်းကို စိတ်မကောင်းစွာနဲ့ပဲ လမ်းခွဲရတော့မယ်။ မင်းကတော့ ‘ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်း တလည်လည် ‘ လို့ ကိုယ့်ကို ပြောနေမှာပေါ့ …။ ဒါပေမယ့်လဲ ကိုယ် မတတ်နိုင်တော့ဘူးလေ။ ကိုယ်က အသစ်ကို ရွေးခဲ့ပြီးပြီကိုး… ။ မင်းကိုတော့ အမြဲ ကိုယ် သတိရနေမှာပါကွာ။

ခုတော့ ကိုယ်စိတ်ပါတဲ့ အချိန် ခုပွတ် ခုထလာတဲ့ သူကိုပဲ ကိုယ်ရွေးခြယ်လိုက်ပါပြီ။ သူက တစ်ချက်ပဲထိတာနဲ့ ပွင့်ပြီးသားလဲ ဖြစ်နေတာကိုး။

ဒါကြောင့်ကိုယ် Mi Brand ပဲ ကိုင်တော့မယ် Huawei လေးရယ် …… ။

Photo credit: http://genius.com/

#အချစ်မဲ့ဂစ်တာ
12:29 AM
17.6.2015