Monday, November 16, 2009

နယ်မြေစိမ်းမှာ



ကျယ်လောင်လှသော ရင်ခုန်သံတစ်ခု…. ။ ဒီရင်ခုန်သံသည် မည်သည့် အရပ်မှ ပေါ်လာသနည်း။ ဟင်… င့ါရင်ဘတ်ထဲက အသံပါလား… ဒီတော့မှ ကိုယ့်ကိုယ်ကို ပြန်လည် သတိထားမိသည်။ ကျွန်တော့် ရင်ဘတ်တစ်ခုလုံးမှာ နိမ့်ချည် မြင့်ချည်ဖြင့်….. ပြင်းထန်လှသော မောဟိုက်မှုကို ခံစားနေသည်။ တစ်ကိုယ်လုံးမှာလည်း ချွေးများနှင့် ရွှဲနစ်လျှက်… စိုးရိမ်စိတ်များလည်း ရင်နှင့် မဆံ့အောင်ပင်…။



ဒီအကောင်ဟာ ဘာကောင်လဲ…… ????



ကျွန်တော့် အရှေ့တည့်တည့်တွင် ကြီးစိုးနေသော အမှောင်ရိပ်များစွာ….။ ထို အမှောင်ရိပ်ထဲမှ တစ်ချက်တစ်ချက်တွင် စူးရှလှသော၊ ကောက်ကျစ်မှုဆန်လှသော၊ လင်လက် တောက်ပလှသော မျက်ဝန်းသေးသေးလေး တစ်စုံ….။ ပေါ်လိုက်…. ပျောက်သွားလိုက်….။ ထို မျက်ဝန်းလေးမှာ တစ်နေရာထဲမှ မဟုတ်… တစ်ကြိမ်တွင် ထိုနေရာတစ်ခုမှ ပေါ်လာပြီးလျှင် နောက်တစ်ကြိမ်တွင်တော့ ထိုနေရာတွင် မဟုတ်….။ နောက်ထပ် တစ်နေရာမှ ထပ်မံ ပေါ်ထွက်လာသည်။



ယိုင်နဲ့နေသော ခြေလှမ်းများဖြင့် ရှေ့သို့ တစ်ဖြည်းဖြည်း လျှောက်လာမိသည်။ ရှေ့မှ မြင်ကွင်းတွင် အမှောင်ထုမှ တဖြည်းဖြည်း လင်းလာကာ လမ်းကြောင်းလေးတစ်ခုကို မြင်ရသည်ဆိုရုံ မှိန်ပြပြ….။ ဘေးဘက်များတွင်တော့ ပကတိအတိုင်း မှောင်မည်းလျှက်…။ ခပ်လှမ်းလှမ်းသို့ လျှောက်လာမိသောအခါ ယခင် ရပ်ခဲ့သော နေရာသို့ ပြန်ှလှည့် အကြည့်..။ ဟာ…. ရင်ထဲတွင် ထိတ်ခနဲ….။ ထိုနေရာကား ပြန်လည် မှောင်မည်းလျှက်။ စိတ်ကို ပြန်တင်းလိုက်ကာ ရှေ့သို့ ပြန်အလှည့် ….။ လျှင်မြန်လှသော အရှိန်ဖြင့် လူတစ်ယောက်၏ ဒူးဇစ်လောက်သာသာ အရပ်အမောင်းရှိသော လူနှင့် ခပ်ဆင်ဆင် တစ်ကုယ်လုံး အမွေးကြမ်းကြမ်းများဖြင့် ဖုံးအုပ်ထားသော ကြောက်မက်ဖွယ် ရုပ်သွင်ဖြင့် အကောင်လေးတစ်ကောင် ကျွန်တော့ဆီသို့ ပြေးလာပြီး ကိုယ်ပေါ်သို့ ခုန်တက်လာသည်။ ပုံသဏ္ဍာန်ကို မြင်လိုက်ရုံရှိသေးသည် ထိုအကောင်ကား ကိုယ်ပေါ်သို့ ရောက်နေနှင့်ပြီး ကျွန်တော့်အား စတင် တိုက်ခိုက်လေတော့သည်။



ရုတ်တရက် ထိတ်လန့် ကြောက်ရွံ အံ့သြမှုများစွာဖြင့် ထိုအကောင်လေး၏ တိုက်ခိုက်မှုကို အရူးတစ်ယောက်ပမာ တစ်ကိုယ်တည်း လှည့်ပတ်ကာကွယ်နေရသည်။ တစ်ချက် ထိုကောင်လေး၏ သေးငယ်လှသော လက်သေးသေးလေးနှစ်ဖက်ကို အမိအရဆုပ်ကိုင်မိချိန် ကိုယ်ခန္ဓာမှ အမြန်ဆွဲခွာ၍ ရှိရှိသမျှ အင်အားဖြင့် အဝေးသို့ ပစ်ပေါက်လိုက်သည်။ ပစ်လိုက်သော အရှိန်ဖြင့် အကောင်လေးမှာ ကြမ်းပြင်သို့ ခြေထောက်မိသည်နှင့် အမှောင်ထုသို့ လျှင်မြန်စွာ တိုးဝင်ပျောက်ကွယ်သွားလေသည်။ လွန်စွာ မောပန်းမှုများစွာ နှင့် အတူ အမှောင်ထုများဝိုင်းရံနေသော ထိုနေရာတွင် ကိုယ့်ကိုယ်ကို အားငယ်ကြောက်ရွံ့စိတ်များစွာ….။ ဒီအကောင်လေးမှ ဒီဝန်းကျင်မှာပဲ ရှိနေသည်ကိုလည်း စိတ်ထဲ အလိုလို သိနေမိသည်။ သူ ထပ်မံ ထွက်လာဥိးမည်။ ဘယ်နေရာမှ ထွက်လာမည်ကိုကား မသိ…။



စိတ်ကို အစွမ်းကုန်တင်းလိုက်ကာ ရှေ့သို့ ရှိသမျှ ခွန်အားဖြင့် … တစ်လှမ်း …. နှစ်လှမ်း…. သုံးလှမ်း….။ “ ၀ှစ် ” ခနဲ့ အသံနှင့် အတူ ကျွန်တော့် ခြေထောက်ကြားမှ ဖြတ်ပြေး သွားသည်ကို သိလိုက်သည်။ ပတ်ဝန်းကျင်မှ အမှောင်ထုမှာလည်း ပိုမို သိပ်သည်းလာသလိုလို ….။ တိတ်ဆိတ်မှုကလည်း အပြည့်….။ အလင်းရောင် မှိန်ပြပြကိုတော့ မျက်စိရှေ့ လေးငါးလှမ်းစာလောက်ထိတော့ မြင်နေရသည်။ ပေါ်လိုက် ပျောက်လိုက်ဖြင့် မျက်ဝန်းတစ်ခုကိုလည်း အမှောင်ရိပ်ထဲ ကြည့်လိုက်လျှင် တစ်ချက်တစ်ချက် တွေ့တွေ့လိုက်သည်။ ရှေ့သို့ တစ်လှမ်းခြင်းနေရင်းဖြင့် ဒီအကောင်ဟာ ဘာကြောင့် ကျွန်တော့်ကို နှောက်ယှက်မှု ပြုနေလဲ စဉ်းစားနေမိသည်။ သို့သော် မ်ညသို့မှ စဉ်းစားလို့ မရ….။



“ ခွီး ”

အသံနက်ကြီးနှင့် အတူကျောပေါ်သို့ အကောင်တစ်ကောင် ကျလာပြန်လေသည်။ အား………….. ကျွန်တော် ကျယ်လောင်စွာ အော်ဟစ်ရင်း ထို အကောင်လေးနှင့် လုံးထွေးတိုက်ခိုက်နေရသည်။ မကြာမီ အမှောင်ထဲသို့ တိုးဝင် ကွယ်ပျောက်သွားပြန်လေသည်။ “ ခွီး ” အသံဆိုးကြီးနှင့် ဘေးဘက်မှ ထပ်မံ တိုက်ခိုက်လာပြန်သည်။ သူ၏ သေးငယ်လှသော လက်ကလေးဖြင့် ကျွန်တော့်ကို နေရာအနှံ့ကုတ်ဖဲ့နေလေ၏။ ကျွန်တော်လည်း ကြောက်လန့်တကြားဖြင့် ပြန်လည်ခုခံရပြန်သည်။ နောက် အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြန်သည်။ ကျွနတော်လည်း အတော်ပင် မောဟိုက်နေလေပြီ ..။ ခြေလက်များလည်း ပျော့ခွေ နုံးချိကာ လမ်းပင် မလျှောက်ချင်တော့ …အားအင်များလည်း ကုန်ခမ်းနေလေပြီ..။ နောက်တစ်ကြိမ် ဒီအကောင် ထပ်မံပေါ်ထွက်လာမှာကိုလည်း အလွန် ကြောက်ရွံ့နေမိသည်။ ထိုနေရာမှလည်း အဝေးဆိုးသို့ ထွက်ပြေးလွတ်မြောက်ချင်လှပြီ…။ သို့သော် ဘယ်ဘက်သို့ ပြေးရမည်ကို မသိ..။ ကိုယ့်ကိုယ်ကိုလည်း သိနေသည်..။ ဒီနေရာမှ လွတ်မြောက်အောင် မည်သို့ မှ မစွမ်းဆောင်နိုင်တော့…. ဒီလိုပဲ နေနေလို့လည်း မဖြစ်… ဒီလိုနှင့်တစ်လှမ်းခြင်း တစ်လှမ်းခြင်း အရှေ့သို့သာ ဦးတည်လျှက်……



“ ခွီး ” ……………………………………………..။



* ကျွန်တော် နယ်မှ နေစဉ်အချိန်အတွင်း (၇) ခါထက် မနည်း တစ်ပုံစံတည်း မက်ခဲ့ဖူးသော အိမ်မက်တစ်ခု ….။



အချစ်မဲ့ဂစ်တာ

16/11/2009

Wednesday, November 11, 2009

အရှုံး



အပြုံး တစ်ပွင့်
နှစ်ပွင့် …သုံးပွင့်
…   အား  …
ပြို   ပျက်   လဲ   ကျ   မူး   ယစ်

…   အား  …
ပြို   ပျက်   လဲ   ကျ   မူး   ယစ်
စကား တစ်ခွန်း
နှစ်ခွန်း …. သုံးခွန်း

အကြည့် တစ်ချက်
နှစ်ချက် …. သုံးချက်
…   အား  …
ပြို   ပျက်   လဲ   ကျ   မူး   ယစ်

အနမ်း…..
……x ……
ပြို   ပျက်   လဲ   ကျ   မူး   ယစ် ယစ် ယစ်
အား …….. ။

#အချစ်မဲ့ဂစ်တာ

Wednesday, November 4, 2009

မွန်မြတ်သောအလှူ




ခေတ်မှီစက်ကလေးထဲမှ လျှင်မြန်စွာ လည်နေသော ဖန်ပုလင်းရှည်လေးကိုကြည့်ရင်း ကျွန်တော့ရင်ထဲတွင်အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ သိပ်မကြာခင်မှာပဲ စက်ထဲမှ ပုလင်းရှည်လေးကိုထုတ်ကာ အထဲမှ အရည်ကြည်လေးများကို စက္ကူချောင်းလေးများပေါ်သို့ တစ်စက်ခြင်းချလိုက်တာကို တွေ့လိုက်ရသည်။ပုလင်းရှည်လေးအတွင်းမှ အရည်ကြည်လေးများ စက္ကူချောင်းလေးထဲသို့ အစိမ့်စိမ့်စီးဆင်းနေသလို ကျွန်တော့်နှလုံးသားမှာလည်း တဆတ်ဆတ်ခုန်လျှက်ရှိသည်။ စိတ်ထဲတွင်လည်း လွန်စွာမှ လေးလံလှသော အရာတစ်ခုကို တနင့်တပိုးထမ်းထားရသကဲ့သို့ ခံစားနေရသည်။ တစ်စက္ကန့်…. နှစ်စက္ကန့်….  သုံးစက္ကန့်….။ ရင်ခုန်သံများကလည်း တဒိုင်းဒိုင်းနှင့်။

—————————–

“ A သွေးတစ်လုံးလိုတယ်… အခုချက်ချင်းရမှဖြစ်မယ်…လူနာက အရမ်းကို အရေးကြီးနေတာ”
ဆိုသော အသံကို ဆိုင်ကယ်ပေါ်ထိုင်နေသော ကျွန်တော်နားစွန်နားဖျား ကြားလိုက်မိသည်။ ဆေးရုံဆိုင်ကယ်တက္ကစီဂိတ်လေးမှ အမြဲခရီးသည် စောင့်လေ့ရှိသော  ကျွန်တော်တို့ တက္ကစီသမားများအဖို့တော့  ထိုစကားများမှာ မကြာခဏဆိုသလို ကြားနေရလေ့ရှိသည်။
“ A ေသြးဆိုပါလား”
ကျွန်တော်နုတ်ဖျားမှ ရေရွတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်သွေးအမျိုးအစားမှာ A သွေးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

“ လူနာက အရမ်းအရေးကြီးနေသည်တဲ့… လိုနေတဲ့သွေးကလည်း A ငါလှူလို့ရသားပဲ… ငါလှူလိုက်ရင်ကောင်းမလား ”
“ အာ… ငါသွေးလှူနေရင် ခရီးသည်တွေ လွတ်ကုန်မှာပေါ့… ပြီးတော့ ငါ့စီနီယာကလည်း နံပါတ်တစ် ရောက် နေပြီ.. ဒီတစ်ခါ ခရီးသည်လာတာနဲ့ ငါ့အလှည့်.. ငါထွက်ရတော့မှာ”
“ ခရီးသည်လာလည်း ဘာဖြစ်လဲကွာ…ဟိုမှာက အသည်းအသန်ဖြစ်နေတာ... တကယ်လိုအပ်နေတဲ့ အချိန်မှာ လှူရမယ့်သွေးအတွက် ဘယ်လောက် ကုသိုလ်ရလိုက်မလဲ”
“ တော်ကြာ တစ်ကြောင်းထဲနဲ့ ၁၅၀၀ တို့ ၂၀၀၀ တို့ရမယ့် အချီကြီးခရီးသည်လာရင် ဘယ်လိုလုပ်မလဲ”
“ ဒါပေမယ့်ကွာ… အဲလောက်ပိုက်ဆံက ပြန်ရှာလို့ရပါတယ်လေ..လူ့အသက်တစ်ချောင်းကို ကယ်ဖို့က ပိုအရေးကြီးတယ်…”
ကျွန်တော့်စိတ်ထဲမှ သွေးလှူဖို့နဲ့ မလှူဖို့ကို လွန်စွာလျှင်မြန်လှသော စိတ်အဟုန်ဖြင့် ဆွဲနေသော လွန်ဖြစ်သည်။

“ ကျွန်တော်လှူမယ်ဗျာ”
ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်ပြီး လူနာရှင်ကိုကျွန်တော်ပြောလိုက်သည်။
“ ငါ့ညီက A သွေးလား”
“ ဟုတ် ကျွန်တော် A သွေးပါ”

“ ဒါဆို အဆင်ပြေတယ်ကွာ… လာ”

ကျွန်တော်သူခေါ်ရာနောက်သို့လိုက်လာရင်း တစ်ခါမှ သွေးမလှူဖူးသောကျွန်တော် တကယ့်တကယ် သွေးလှူရတော့မည် ဆိုတော့ အတော် စိတ်လှုပ်ရှားနေမိသည်။ သွေးစစ်ခန်းထဲကိုရောက်တော့ ကျွန်တော့်သွေး အနည်းငယ်ကို ယူကာ ပုလင်းရှည်လေးထဲသို့ထည့်သည်။ နောက် ထိုပုလင်းရှည်လေးကို စက်အတွင်းသို့
ထည့်လိုက်သည်။

—————————-

“ ကဲ..ငါ့ညီလာ မင်းသွေးလှူလို့ရပြီ… မင်းရဲ့သွေးကို အကုန်စစ်ပြီးပြီ အားလုံးကောင်းတယ်…”
ဆိုတော့မှပင် ကျွန်တော့်ရင်ထဲမှာ အတော်လေးပေါ့ပါးလန်းဆန်းသွားမိသည်။ နောက် ခုတင်တစ်လုံးပေါ်တွင် အိပ်ခိုင်းသည်။
“ အပ်ထိုးမယ်နော်.. ခဏလေးတော့ နာမယ်”
ဆစ်ကနဲ ခံစားမှုနှင့်အတူ ပီတိတစ်ခု ကျွန်တော့်ရင်ထဲသို့ ကိန်းဝပ်လာခဲ့သည်။ သွေးထုတ်အပြီးတွင် တစ်ကိုယ်လုံး ပေါ့ပါးသွားလို လူလည်း အတော်ပင်လန်းဆန်းသွားသည်။ သွေးလှူဘဏ်မှ ပေးသော သွေးလှူရှင်ကတ်လေးကို ကိုင်ကာကျွန်တော့်သွေးကို အလှူခံသော လူနာကိုသွားကြည့်သည်။ ကျွန်တော့်သွေးကို သွင်းနေသော လူနာကလေးငယ်လေးကို ကျွန်တော်ကြည့်ရင်း ရင်ထဲမှာလည်း ဖော်မပြတတ်သော ခံစားမှု တစ်ခုကို ခံစားလိုက်ရသည်။ ဂိတ်ပြန်ရောက်တော့
“ မင်းသွေးသွားလှူနေတုန်း ခရီးသည်လာလို့ နံပါတ်နှစ်ကတစ်ယောက်လိုက်သွားတယ်…၁၀၀၀ တန်ခရီး ”  
လို့ ဂိတ်က အစ်ကိုကြီးကပြောတော့ ကျွန်တော်ဝမ်းမနည်းမိပါ။ ထိုပိုက်ဆံ တစ်ထောင်အစား တန်ဖိုးရှိသော အလှူတစ်ခုကို ပြုလိုက်ရသည့်အတွက် ကိုယ့်ကိုယ်ကိုလည်း ကျေနပ်အားရမိသည်။

“ အမေရေ.. ဒီနေ့သားပထမဆုံး အကြိမ်သွေးလှူခဲ့တယ်.. ဒီမှာ”
ဆိုပြီး ကျွန်တော်က သွေးလှူရှင်ကတ်လေးကိုပြတော့ အမေက
“ နင်က သွေးလှူခဲ့တယ် .. နင်က အရက်ကလည်း သောက်သေးတယ် ဆေးလိပ်လည်း မလွတ်ဘူး… နင့်သွေးကို ရတဲ့လူတော့ ”
လို့ ကျွန်တော့်ကို စသည်။ နောက်မှ အမေက
“ ငါ့သား သွေးလှူခဲ့တယ်ဆိုတော့ အေပိုး၊ ဘီပိုး၊ စီးပိုး တွေကင်းတာပေါ့.. ”
“ ဟုတ်တယ်အမေ.. အကုန်လုံးစစ်ပြီး အောင်မှ လှူလို့ရတာလေ”
“ အေး..အမေက စိုးရိမ်နေတာ သားရဲ့.. အမေက စီပိုးရှိတယ်ဆိုတော့ ငါ့သားတွေကိုလည်း စီပိုးရှိနေမှာစိုးတာ.. ခုလို မရှိဘူးဆိုတော့ ကောင်းတာပေါ့ သားရယ်.. နောက် သွေးလှူတယ်ဆိုတာ အလွန်  မွန်မြတ်တဲ့ အလှူတစ်ခုပဲသားရဲ့   … ကိုယ့်ရဲ့ အသွေး နဲ့ အသား ဆိုတဲ့ ထဲက အသွေးကိုလှူတဲ့ အလှူ ၊ ကိုယ့်သွေးသားကိုတောင် လှူတဲ့အလှူဆိုတော့ စဉ်းစားကြည့်လေသားရဲ့    .. ပစ္စည်းဥစ္စာတွေ လှူတဲ့ အလှူထက် အများကြီးမြတ်တယ်သားရဲ့ … နောက် သွေးလှူမယ်ဆိုတော့ သွေးတွေစစ်ရတယ်.. အဲဒီတော့ ကိုယ်ရဲ့ ကျန်းမာရေးအတွက်လည်း စစ်ပြီးသားဖြစ်သွားတယ်… ခန္ဓာကိုယ်ထဲက သွေးတစ်ပုလင်း ထုတ်လိုက်တဲ့ အတွက် အဲဒီသွေးတစ်ပုလင်းစာ ကိုယ်ထဲမှာ အသစ်ပြန်ဖြစ်တယ်လေ…   သွေးသစ်လောင်းတာဆိုတော့ ကျန်းမာတာပေါ့ကွယ်… ပြီးတော့ သွေးလှူနေတဲ့ လူတစ်ယောက်ဟာ အကြီးအကျယ် သွေးထွက်သံယိုမှုတွေဆိုတာ ဖြစ်ခဲတယ်သားရဲ့… သားလှူခဲ့တဲ့ သွေးအတွက် အမေ သာဓုခေါ်ပါတယ်သားရယ်…”
ဆိုပြီး အမေပြောပြတော့မှပင် သွေးလှူခြင်း အကျိုးတွေကို ကျွန်တော်ပိုသိခဲ့ရသည်။ ပိုပြီးလည်း ဝမ်းသာပီတိဖြစ်မိသည်။

——————————

“ ဟယ်လို .. ကိုမောင်မောင် ရှိပါသလား”
“ ဟုတ်ကဲ့ ပြောနေပါတယ်”
“ ရင်ခုန်သံ သွေးလှူအသင်းကပါ.. လာမယ့် ၆ လပိုင်း ၆ ရက်နေ့ စနေနေ့မှာ သွေးလှူပွဲရှိတယ်ဆိုတာ အကြောင်းကြားပေးတာပါရှင် ”

——————————-

နံပါတ် ၅ သို့ ရောက်ပြီဖြစ်သော ကျွန်တော့်သွေးလှူကတ်လေးကို ကိုင်ပြီး လက်မောင်းမှ သွေးထုတ်ထားသော နေရာသို့ တစ်ချက်ကြည့်မိသည်။ 
ဒီနှစ် သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ကျွန်တော့်အမေသာရှိနေဦးမယ်ဆိုရင် ဘာပြောဦးမည် မသိ………။

အချစ်မဲ့ဂစ်တာ
4-11-2009