Sunday, May 31, 2009

ဒီဘဝ ကောင်းတာလုပ်ရင် နောင်ဘဝ ကောင်းတာဖြစ်မလား

လွန်လေပြီးသော အခါက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိသတဲ့။ အဲဒီဘုရင်ကြီးဟာ သူ့တိုင်းပြည်ကြီးကို မင်းကျင့်တရားဆယ်ပါးနဲ့ အညီ အုပ်ချုပ်သတဲ့။ ဒီတော့ တိုင်းပြည်ဟာ အလွန်မှ သာယာဝပြောပြီး စည်ကားလှသတဲ့။ ဘုရင်ကြီးဟာလည်း နေ့စဉ်ဆိုသလို အလှူအတန်းကိုလည်း အကြီးအကျယ်ပေးပြီး သီလ သမာဓိလည်း ပြည့်စုံတော့ တိုင်းသူပြည်သားတွေဟာ ဘုရင်ကြီးကို လွန်စွာမှ ချစ်ကြသတဲ့။ ဘုရင်ကြီးကလည်း သူရဲ့ တိုင်းသူပြည်သားတွေအားလုံးကို ရင်ဝယ်သားလိုစောင့်ရှောက်သတဲ့။

တစ်ရက်မှာတော့ အမတ်ကြီးတစ်ပါးက ဘုရင်ကြီးကို လျှောက်သတဲ့။

“ အရှင်မင်းမြတ်ဘုရား အရှင်မင်းကြီးတစ်ရက်တစ်ရက်လှူတန်းပြီး သီလတွေ သမာဓိတွေ ဆောက်တည်နေတာတွေဟာ ဘာအတွက်လုပ်နေတာပါလဲဘုရား ”

ဆိုတော့ ဘုရင်ကြီးက

“ ဒီဘဝမှာ ကောင်းမှုလုပ်တဲ့ အတွက် ဒီဘဝမှာသာမက နောင်ဘဝမှာလည်း ကောင်းကျိုးတွေခံစားရတယ်လို့ ကြားဖူးတယ်လေ အမတ်ကြီးရဲ့”

ထိုအခါ အမတ်ကြီးက ဘုရင်ကြီးကို

“ ဒီဘဝမှာ ကောင်းတာလုပ်လို့ နောက်ဘဝမှာ ကောင်းတာမဖြစ်ပါဘူးဘုရား”

“ အလို.. ဘယ်လိုကြောင့်ဒီလိုလျှောက်တင်ရသတုန်း အမတ်ကြီးရဲ့ ”

“ အရှင်ဘုရား.. ကျွန်တော်မျိုးဟာ ကျွန်တော်မျိုးရဲ့ အရင်ဘဝတစ်ဘဝကို မြင်ရပါတယ် ဘုရား…”

ဆိုတော့ ဘုရင်ကြီးဟာ လွန်စွာအံ့သြသွားပြီး

“ဒါဖြင့် အမတ်ကြီးရဲ့ အရင်ဘဝကို လျှောက်တင်စမ်းပါဦး ”

“ ကျွန်တော်မျိုး အရင်ဘဝတုန်းက မုဆိုးတစ်ယောက်ဖြစ်ခဲ့ပါတယ်ဘုရား…သားသတ် ငါးသတ်နဲ့ ကောင်းမှုဆိုလို့ တစ်ခုမှ မလုပ်ခဲ့ဖူးပါဘူးဘုရား…ဒီလောက် မကောင်းမှုတွေကို အရင်ဘဝက အများကြီးလုပ်ခဲ့တာတောင်မှ ယခုဒီဘဝမှာ အရှင်မင်းကြီးအပါးမှာ ခစားရတဲ့ အမတ်ကြီးတစ်ယောက်ဖြစ်ပြီး စည်းစိမ်အပြည့်နဲ့ နေနေရပါတယ်ဘုရား…. ဒါကြောင့် ဒီဘဝမှာ ကောင်းတာလုပ်ရင် နောင်ဘဝ ကောင်းတာရမယ်ဆိုတာ မဟုတ်ပါဘူးဘုရား.. ဒီဘဝမှာ မကောင်းတာလုပ်လည်း နောင်ဘဝမှာ မကောင်းတာမဖြစ်နိုင်ပါဘူး ဘုရား…. အကယ်၍ ဒီဘဝမှာ မကောင်းတာလုပ်လို့ နောင်ဘဝ မကောင်းတာဖြစ်ရမယ်ဆိုရင် ကျွန်တော်မျိုးဟာ ဒီလိုဘဝမျိုးတောင် ရောက်နေမှာမဟုတ်ပါဘူးဘုရား…ဒီတော့ အရှင်မင်းကြီး အနေနဲ့လည်း အလှူအတန်းတွေ သီလတွေ လုပ်နေစရာတောင် မလိုပါဘူးဘုရား.. လုပ်နေလို့လည်း နောင်ဘဝမှာ ကောင်းတာခံစားဖို့ မသေချာပါဘူးဘုရား .. မလုပ်လို့လည်း မကောင်းတာ မဖြစ်နိုင်ပါဘူးဘုရား …”

ဆိုတော့ ဘုရင်ကြီးဟာ ယုံကြည်မိသွားသတဲ့။

အဲဒီအချိန်ကနေစလို့ ဘုရင်ကြီးဟာ မင်းကျင့်တရားတွေ ပျက်စီးပြီး အလှူအတန်းတွေကို ရပ်လိုက်သတဲ့။ တစ်ရက်နဲ့တစ်ရက် တိုင်းရေးပြည်ရေးတွေကိုမလုပ်တော့ပဲ အပျော်အပါးနဲ့ သာ အချိန်ကုန်နေတော့တယ်။  ဒီတော့ အချိန်ကြာလာတာနဲ့ အမျှ တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်က မင်းကောင်းမင်းမြတ်လို မကျင့်လေတော့ တိုင်းပြည်ဟာ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်စ ပြုလာတာပေါ့။ အဲဒီအချိန်မှာ ဘုရင်ကြီးရဲ့ သမီးတော်တစ်ပါးက

ဘုရင်ကြီးကို လျှောက်တင်သတဲ့။

“ ဖခမည်းတော်ဘုရား ဘာကြောင့် အရင်တုန်းကလို အလှူအတန်းများ၊ သီလ သမာဓိများကို မလုပ်တော့ပဲ နေပါသလဲဘုရား”

လို့ မေးတော့ ဘုရင်ကြီးဟာ အမတ်ကြီး အကြောင်းကို ပြန်ပြောပြသတဲ့။ ဒီဘဝ ကောင်းတာလုပ်လည်း နောင်ဘဝကောင်းတာမရနိုင်ဘူးပေါ့လေ။ ဒီတော့ မင်းသမီးလေးက ဘုရင်ကြီးကို

“ ဖခမည်းတော့ဘုရား အဲဒီအမတ်ကြီးဟာ အရင်ဘဝ တစ်ခုကိုပဲ မြင်ရတာပါဘုရား.. သမီးတော်ဟာ အရင်ဘဝ ခုနှစ်ဘဝကို ပြန်မြင်ရပါတယ်ဘုရား”

လျှောက်တော့ ဘုရင်ကြီးဟာ အလွန့်အလွန်ကို အံ့သြသွားသတဲ့။ အဲဒီမှာ မင်းသမီးလေးဟာ

“ သမီးတော်ဟာ ဟိုးခုနှစ်ဘဝမြောက်က ယောကျာ်းလေးတစ်ယောက်ဖြစ်ပါတယ်…သမီးတော် ယောကျ်ားလေးဖြစ်ခဲ့တဲ့ အဲဒီဘဝမှာ မိန်းကလေးတစ်ယောက်ကို အလိုမတူပဲ တစ်ခါစော်ကားခဲ့မိပါတယ် .. အဲဒီတစ်ခါအမှားကြောင့် နောက် ခြောက်ဘဝမြောက်ကနေစလို့ ယခု ဘုရင့်သမီးတော် မဖြစ်ခင် အရင်ဘဝအထိဟာ တိရိစ္ဆာန်ဘဝတွေကိုပဲရခဲ့ပါတယ်…အဲဒီရတဲ့ တိရိစ္ဆာန်ဘဝမှာလည်း ဘဝတိုင်း အထီးဘဝမရပဲ အမဘဝသာ ရခဲ့ပါတယ်ဘုရား…ယခု ဟိုးခုနစ်ဘဝအလွန်က ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုလေးတွေရှိလို့ လူ့ဘဝပြန်ရတော့လည်း သားတော်အနေနဲ့ မရပဲ သမီးတော်အဖြစ် အမဘဝသာ ရနေတုန်းပါပဲဘုရား.. ”

လို့လျှောက်တင်လေတော့ ဘုရင်ကြီးဟာ အမြင်မှန်ရပြီး ကံ ကံရဲ့ အကျိုးကို ယုံကြည်ကာ နောက်နေ့များမှစ၍ အလှူအတန်းများ၊ သီလ များကို ယခင်ကကဲ့သို့ပင် ပြန်လည် ပြုလုပ်လေတော့သည်။ ထိုအခါမှ တိုင်းပြည်သည် ပြန်လည်ကာ စည်ပင်ဝပြောလာလေ တော့သည်။

ထို့ကြောင့် ယခုဘဝတွင်လုပ်ခဲ့သော ကံများသည် နောင်ဘဝတွင် အကျိုးပေးသည်များ ရှိသကဲ့သို့ သုံးလေးငါးဘဝ ကျော်ပြီးမှလည်း အကျိုးပေးနိုင်လေသည်။

(ps) မိုးကုတ်ဆရာတော်ဘုရားကြီး၏ သားတပည့် ဓမ္မရံသီ မိုးကုတ်ဓမ္မရိပ်သာဆရာတော် ဦးသုနန္ဒဟောကြားသော တရားပွဲများတွင် နာခဲ့ရသော တရားတော်များထဲမှ ယခုချိန်ထိ ကျွန်တော်မှတ်မိနေသော တရားတစ်ပုဒ် ဖြစ်ပါသည်။

Wednesday, May 20, 2009

လူနှင့် သူပုန်စိတ်




`လူ´ ဟူ၍ မွေးဖွားလာကတည်းကပင်  ကိုယ်လုပ်ချင်သည်များ၊ ကိုယ်ဖြစ်ချင်သည်များကို မလုပ်ရသော အခါ မဖြစ်ရသောအခါမျိုးများတွင် ကြိုးပမ်းမှုတစ်ခုခုဖြင့် လုပ်ခွင့်ရရန် ဖြစ်ခွင့်ရရန် ကြိုးစားအားထုတ်လေ့ရှိကြသည်။ လူမှပင် မဟုတ်ပါ။ လောကရှိ သက်ရှိသတ္တဝါများအားလုံးသည် လွပ်လပ်မှုကို ခင်မင်ကြသည်။ နှစ်သက်ကြသည်။ လိုလားကြသည်။ မည်သည့် သတ္တဝါမှ ဖိနှိပ်မှု ၊ ချုပ်နှောင်မှုများကို မခံချင်ကြ။ ၄င်း အပြင် လူ
အပါအဝင် သတ္တများအားလုံး၏ စိတ်သည် မည်သည့် အခြေအနေတွင်မဆို အနိုင်ရလိုမှု ၊ ဗိုလ်ချချင်မှုနှင့် အထက်စီးမှာသာ နေချင်သူတွေက များသည်။ ထိုနေရာများသို့ ရောက်နေသော လူတော်တော်များများမှာလည်း ကြီးနိုင်ငယ်ညှင်း ဆိုသကဲ့သို့ စွမ်းအားကြီးသူ ရာထူးကြီးသူများက စွမ်းအားနည်းသူ ရာထူးနိမ့် သူများကို ညှင်းဆဲမှုများမှာ အတော်များများရှိကြသည်။ ထိုသို့သော အခြေအနေမျိုးများတွင် ဖိနှိပ်ခံရသူ၊  မလွတ်လပ်ဟု ခံစားရသူ တော်တော်များများ၏ စိတ်များတွင် ထိုအခြေအနေမျိုးများမှ လွတ်မြောက်အောင် ကြိုးစားချင်စိတ်များ ပေါ်ပေါက်လာသည်။ ၄င်းစိတ်သည်ကား လူများအားလုံး၏ သိစိတ်များ ၊ မသိစိတ်များတွင် ကိန်းအောင်း လျှက်ရှိသော သူပုန်စိတ်များပင် ဖြစ်မည်ဟု ထင်ပါသည်။

ကျွန််တော်တို့၏ မွေးကင်််းစ အရွယ်မှစတင်၍ ဆာလောင်မှုများကို မခံနိုင်သောအခါ ဖြစ်ချင်သော ဆန္ဒကို ငိုကြွေးမှုဖြင့် ပြခဲ့ကြသည်။ အနည်းငယ် သိတတ်စ အရွယ်သို့ ရောက်လာသောအခါတွင်လည်း လူကြီးမိဘများက ` ဒီလို မလုပ်နဲ့ ဒီလိုလုပ်ရင် ဒီလို ဖြစ်တတ်တယ်´ ဟု အကျိုးအကြောင်းချပြသော်လည်း စိတ်ထဲတွင် ကိန်းအောင်းနေသော သူပုန်စိတ်များက ထကြွကြသည်။ မလုပ်နဲ့ လို့ ပြောသောအရာများကို လုပ်ဖြစ်အောင် လုပ်တတ်ကြသည်။ ဖယောင်းတိုင်မီးကို  ကိုင်ရင် ပူတတ်တယ်လို့ ပြောပေမယ့်လည်း ကိုင်ကြည့်ချင်ကြသည်။ ကိုယ်လုပ်ခဲ့သည်များ မှားသည်မှန်သည်ကို ကိုယ်ကိုယ်တိုင် တွေ့ကြုံခံစားမိမှသာ ယုံကြည်ကြသည်။

ကျွန်တော်တို့ ငယ်ရွယ်စဉ်ကာလများတွင်လည်း ငယ်ရွယ်သော အသိဉာဏ်နှင့် ယှဉ်၍ အရာရာကို သူပုန်စိတ်နှင့် ပုန်ကန်လာခဲ့ကြသည်။ အသက်အရွယ် ရလာသောအခါတွင်လည်း ကြီးပြင်းလာသော ဉာဏ်နှင့်ယှဉ်၍ ပုန်ကန်ချင်စိတ်များ ဖြစ်ပေါ်ကြသည်။ ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သော သူပုန်စိတ်များ လူတိုင်းရှိကြလျှင် ကြီးရင့်လာသောအခါ စဉ်းစားဆင်ခြင် တတ်လာသောအခါ ရှိလာသော သူပုန်စိတ်များကို စဉ်းစားကြည့်ပါ။ မည်မျှကြီးမား နေမည်ဆိုသည်မှာ သံသယရှိရန်ပင် မလိုတော့ပေ။

သူပုန်များ ဆိုသည်မှာ မည်သူများကို ပြောပါသနည်း။ ကိုယ့်အဖွဲ့အစည်းနှင့် ဆန်ကျင် ကြသူများကို သူပုန်များဟု ကျွန်တော်တို့ ခေါ်ကြလျှင် အခြားဘက်မှလည်း  ကိုယ့်အဖွဲအစည်းကို သူပုန်များ ဟု၍သာ သတ်မှတ်ကြပေလိမ့်မည်။ ထိ်ုအခါတွင် အားလုံးကို ခြံုကြည့်လျှင် နှစ်ဦးနှစ်ဘက်လုံးမှာ သူပုန်များပင် ဖြစ်နေပေလိမ့်မည်။ ဖြစ်လည်း  ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားအားလုံး၏ စိတ်တွင် သူပုန်စိတ်များ ရှိနေသောကြောင့်ပင်ဖြစ်သည်။

ထိုကြောင့် လူတိုင်း၊ ခံစားမှုရှိသူတိုင်း၊ လွတ်လပ်မှုကို မြတ်နိုးတတ်သူတိုင်း ၊ မဟုတ်မခံ စိတ်ရှိသူတိုင်း၊ အသိဉာဏ်ရှိသူတိုင်းတွင် သူပုန်စိတ်များရှိကြသည်။ ကျွန်တော်တွင် လည်း သူပုန်စိတ်ရှိသည်။ ကျွန်တော် အဖေတွင်လည်း သူပုန်စိတ်ရှိသည်။ ကျွန်တောအစ်ကိုတွင်လည်း သူပုန်စိတ်ရှိသည်။ ကျွန်တော့ညီတွင်လည်း သူပုန်စိတ်ရှိမည်။  ခင်ဗျားတို့ တွင်လည်း မသိစိတ်တွင် ဖြစ်စေ သိစိတ်တွင်ဖြစ်စေ သူပုန်စိတ်ရှိနေလိမ့်မည်။  ပုန်ကန်သင့်သော အချိန်၊ အလိုမကျသောအချိန်တွင် ပုန်ကန်ကြလိမ့်မည်။ အောင်မြင်သည် မအောင်မြင်သည် ဖြစ်စေ လူတိုင်းတွင်ရှိသော ပုန်ကန်စိတ်များကြောင့် ပုန်ကန်မှုများသည် အစဉ်ရှိနေပေလိမ့်မည်။ ထို့ကြောင့် လူတိုင်းတွင် သူပုန်စိတ်ရှိသည်။ သူပုန်စိတ်သည် လူတိုင်းတွင်ရှိသည်။


အချစ်မဲ့ ဂစ်တာ
May 20, 2009

မိုးဦးလေပြေ အက်ဆေးများ စာအုပ်တွင် ဖော်ပြခွင့်ရဖော်ပြခွင့်ရခဲ့သော စာတစ်စု