Tuesday, December 15, 2009

ဆောင်းဦးလွမ်းချင်း

ရောင်နီ ဝိုးတဝါးမှာ
ပုဝါပါးပါး မြူနှင်းမှုန်တွေ ခြုံလွားစဉ်
အမေ့ လက်ဖဝါးကို ဆုပ်ကိုင်လို့
လမ်းများစွာ လျှောက်ခဲ့တုန်းက
ဒီဆောင်းဟာ မချမ်းပါဘူး အမေ…….။

မြောက်ပြန်လေစိမ်းတွေ
တစ်ခေါက်ပြန် ယိမ်းနေလေပြီ…..။

မြို့လေးနဲ့ အဝေး …ချယ်ရီနဲ့ ဝေး
အမေနဲ့လည်း ဝေး…တောင်ပြာတန်းတွေ ဝေး
အတွေးစိတ်ကူးတွေ ဝေဆာနေသေးချိန်
နေ့စဉ်ရက်ဆက် ဖုန်းခွက်လေးထဲမှာ
တစ်ချက် တစ်ချက်
အမေ့ ဆုံးမသံတွေ ကြားနေခဲ့ချိန်တုန်းက
ဒီဆောင်းဟာ မချမ်းပါဘူး အမေ…..။

မြောက်ပြန်လေစိမ်းတွေ
တစ်ခေါက်ပြန် ယိမ်းနေလေပြီ…..။

ဟိုးအဝေးမှာ
မီးအိမ်တစ်လုံးတော့ ငြိမ်းခဲ့ပြီ
စိတ်ဓါတ်တွေ ပြိုဆင်းလို့
အိမ်ယာလိပ်လည်း သိမ်းခဲ့ပြီ
လမ်းတွေ လမ်းတွေ ကြမ်းတမ်းလို့
အမောတွေ အရှုံးတွေနဲ့ ဖြတ်သန်းချိန်
ခုတော့
ဒီဆောင်းဟာ အရမ်းချမ်းတာပဲ အမေ….။

မြောက်ပြန်လေစိမ်းတွေ
တစ်ခေါက်ပြန် ယိမ်းနေလေပြီ …..
တစ်ခေါက်ပြန် ယိမ်းနေလေပြီ ………..။

#အချစ်မဲ့ဂစ်တာ

Monday, November 16, 2009

နယ်မြေစိမ်းမှာ



ကျယ်လောင်လှသော ရင်ခုန်သံတစ်ခု…. ။ ဒီရင်ခုန်သံသည် မည်သည့် အရပ်မှ ပေါ်လာသနည်း။ ဟင်… င့ါရင်ဘတ်ထဲက အသံပါလား… ဒီတော့မှ ကိုယ့်ကိုယ်ကို ပြန်လည် သတိထားမိသည်။ ကျွန်တော့် ရင်ဘတ်တစ်ခုလုံးမှာ နိမ့်ချည် မြင့်ချည်ဖြင့်….. ပြင်းထန်လှသော မောဟိုက်မှုကို ခံစားနေသည်။ တစ်ကိုယ်လုံးမှာလည်း ချွေးများနှင့် ရွှဲနစ်လျှက်… စိုးရိမ်စိတ်များလည်း ရင်နှင့် မဆံ့အောင်ပင်…။



ဒီအကောင်ဟာ ဘာကောင်လဲ…… ????



ကျွန်တော့် အရှေ့တည့်တည့်တွင် ကြီးစိုးနေသော အမှောင်ရိပ်များစွာ….။ ထို အမှောင်ရိပ်ထဲမှ တစ်ချက်တစ်ချက်တွင် စူးရှလှသော၊ ကောက်ကျစ်မှုဆန်လှသော၊ လင်လက် တောက်ပလှသော မျက်ဝန်းသေးသေးလေး တစ်စုံ….။ ပေါ်လိုက်…. ပျောက်သွားလိုက်….။ ထို မျက်ဝန်းလေးမှာ တစ်နေရာထဲမှ မဟုတ်… တစ်ကြိမ်တွင် ထိုနေရာတစ်ခုမှ ပေါ်လာပြီးလျှင် နောက်တစ်ကြိမ်တွင်တော့ ထိုနေရာတွင် မဟုတ်….။ နောက်ထပ် တစ်နေရာမှ ထပ်မံ ပေါ်ထွက်လာသည်။



ယိုင်နဲ့နေသော ခြေလှမ်းများဖြင့် ရှေ့သို့ တစ်ဖြည်းဖြည်း လျှောက်လာမိသည်။ ရှေ့မှ မြင်ကွင်းတွင် အမှောင်ထုမှ တဖြည်းဖြည်း လင်းလာကာ လမ်းကြောင်းလေးတစ်ခုကို မြင်ရသည်ဆိုရုံ မှိန်ပြပြ….။ ဘေးဘက်များတွင်တော့ ပကတိအတိုင်း မှောင်မည်းလျှက်…။ ခပ်လှမ်းလှမ်းသို့ လျှောက်လာမိသောအခါ ယခင် ရပ်ခဲ့သော နေရာသို့ ပြန်ှလှည့် အကြည့်..။ ဟာ…. ရင်ထဲတွင် ထိတ်ခနဲ….။ ထိုနေရာကား ပြန်လည် မှောင်မည်းလျှက်။ စိတ်ကို ပြန်တင်းလိုက်ကာ ရှေ့သို့ ပြန်အလှည့် ….။ လျှင်မြန်လှသော အရှိန်ဖြင့် လူတစ်ယောက်၏ ဒူးဇစ်လောက်သာသာ အရပ်အမောင်းရှိသော လူနှင့် ခပ်ဆင်ဆင် တစ်ကုယ်လုံး အမွေးကြမ်းကြမ်းများဖြင့် ဖုံးအုပ်ထားသော ကြောက်မက်ဖွယ် ရုပ်သွင်ဖြင့် အကောင်လေးတစ်ကောင် ကျွန်တော့ဆီသို့ ပြေးလာပြီး ကိုယ်ပေါ်သို့ ခုန်တက်လာသည်။ ပုံသဏ္ဍာန်ကို မြင်လိုက်ရုံရှိသေးသည် ထိုအကောင်ကား ကိုယ်ပေါ်သို့ ရောက်နေနှင့်ပြီး ကျွန်တော့်အား စတင် တိုက်ခိုက်လေတော့သည်။



ရုတ်တရက် ထိတ်လန့် ကြောက်ရွံ အံ့သြမှုများစွာဖြင့် ထိုအကောင်လေး၏ တိုက်ခိုက်မှုကို အရူးတစ်ယောက်ပမာ တစ်ကိုယ်တည်း လှည့်ပတ်ကာကွယ်နေရသည်။ တစ်ချက် ထိုကောင်လေး၏ သေးငယ်လှသော လက်သေးသေးလေးနှစ်ဖက်ကို အမိအရဆုပ်ကိုင်မိချိန် ကိုယ်ခန္ဓာမှ အမြန်ဆွဲခွာ၍ ရှိရှိသမျှ အင်အားဖြင့် အဝေးသို့ ပစ်ပေါက်လိုက်သည်။ ပစ်လိုက်သော အရှိန်ဖြင့် အကောင်လေးမှာ ကြမ်းပြင်သို့ ခြေထောက်မိသည်နှင့် အမှောင်ထုသို့ လျှင်မြန်စွာ တိုးဝင်ပျောက်ကွယ်သွားလေသည်။ လွန်စွာ မောပန်းမှုများစွာ နှင့် အတူ အမှောင်ထုများဝိုင်းရံနေသော ထိုနေရာတွင် ကိုယ့်ကိုယ်ကို အားငယ်ကြောက်ရွံ့စိတ်များစွာ….။ ဒီအကောင်လေးမှ ဒီဝန်းကျင်မှာပဲ ရှိနေသည်ကိုလည်း စိတ်ထဲ အလိုလို သိနေမိသည်။ သူ ထပ်မံ ထွက်လာဥိးမည်။ ဘယ်နေရာမှ ထွက်လာမည်ကိုကား မသိ…။



စိတ်ကို အစွမ်းကုန်တင်းလိုက်ကာ ရှေ့သို့ ရှိသမျှ ခွန်အားဖြင့် … တစ်လှမ်း …. နှစ်လှမ်း…. သုံးလှမ်း….။ “ ၀ှစ် ” ခနဲ့ အသံနှင့် အတူ ကျွန်တော့် ခြေထောက်ကြားမှ ဖြတ်ပြေး သွားသည်ကို သိလိုက်သည်။ ပတ်ဝန်းကျင်မှ အမှောင်ထုမှာလည်း ပိုမို သိပ်သည်းလာသလိုလို ….။ တိတ်ဆိတ်မှုကလည်း အပြည့်….။ အလင်းရောင် မှိန်ပြပြကိုတော့ မျက်စိရှေ့ လေးငါးလှမ်းစာလောက်ထိတော့ မြင်နေရသည်။ ပေါ်လိုက် ပျောက်လိုက်ဖြင့် မျက်ဝန်းတစ်ခုကိုလည်း အမှောင်ရိပ်ထဲ ကြည့်လိုက်လျှင် တစ်ချက်တစ်ချက် တွေ့တွေ့လိုက်သည်။ ရှေ့သို့ တစ်လှမ်းခြင်းနေရင်းဖြင့် ဒီအကောင်ဟာ ဘာကြောင့် ကျွန်တော့်ကို နှောက်ယှက်မှု ပြုနေလဲ စဉ်းစားနေမိသည်။ သို့သော် မ်ညသို့မှ စဉ်းစားလို့ မရ….။



“ ခွီး ”

အသံနက်ကြီးနှင့် အတူကျောပေါ်သို့ အကောင်တစ်ကောင် ကျလာပြန်လေသည်။ အား………….. ကျွန်တော် ကျယ်လောင်စွာ အော်ဟစ်ရင်း ထို အကောင်လေးနှင့် လုံးထွေးတိုက်ခိုက်နေရသည်။ မကြာမီ အမှောင်ထဲသို့ တိုးဝင် ကွယ်ပျောက်သွားပြန်လေသည်။ “ ခွီး ” အသံဆိုးကြီးနှင့် ဘေးဘက်မှ ထပ်မံ တိုက်ခိုက်လာပြန်သည်။ သူ၏ သေးငယ်လှသော လက်ကလေးဖြင့် ကျွန်တော့်ကို နေရာအနှံ့ကုတ်ဖဲ့နေလေ၏။ ကျွန်တော်လည်း ကြောက်လန့်တကြားဖြင့် ပြန်လည်ခုခံရပြန်သည်။ နောက် အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြန်သည်။ ကျွနတော်လည်း အတော်ပင် မောဟိုက်နေလေပြီ ..။ ခြေလက်များလည်း ပျော့ခွေ နုံးချိကာ လမ်းပင် မလျှောက်ချင်တော့ …အားအင်များလည်း ကုန်ခမ်းနေလေပြီ..။ နောက်တစ်ကြိမ် ဒီအကောင် ထပ်မံပေါ်ထွက်လာမှာကိုလည်း အလွန် ကြောက်ရွံ့နေမိသည်။ ထိုနေရာမှလည်း အဝေးဆိုးသို့ ထွက်ပြေးလွတ်မြောက်ချင်လှပြီ…။ သို့သော် ဘယ်ဘက်သို့ ပြေးရမည်ကို မသိ..။ ကိုယ့်ကိုယ်ကိုလည်း သိနေသည်..။ ဒီနေရာမှ လွတ်မြောက်အောင် မည်သို့ မှ မစွမ်းဆောင်နိုင်တော့…. ဒီလိုပဲ နေနေလို့လည်း မဖြစ်… ဒီလိုနှင့်တစ်လှမ်းခြင်း တစ်လှမ်းခြင်း အရှေ့သို့သာ ဦးတည်လျှက်……



“ ခွီး ” ……………………………………………..။



* ကျွန်တော် နယ်မှ နေစဉ်အချိန်အတွင်း (၇) ခါထက် မနည်း တစ်ပုံစံတည်း မက်ခဲ့ဖူးသော အိမ်မက်တစ်ခု ….။



အချစ်မဲ့ဂစ်တာ

16/11/2009

Wednesday, November 11, 2009

အရှုံး



အပြုံး တစ်ပွင့်
နှစ်ပွင့် …သုံးပွင့်
…   အား  …
ပြို   ပျက်   လဲ   ကျ   မူး   ယစ်

…   အား  …
ပြို   ပျက်   လဲ   ကျ   မူး   ယစ်
စကား တစ်ခွန်း
နှစ်ခွန်း …. သုံးခွန်း

အကြည့် တစ်ချက်
နှစ်ချက် …. သုံးချက်
…   အား  …
ပြို   ပျက်   လဲ   ကျ   မူး   ယစ်

အနမ်း…..
……x ……
ပြို   ပျက်   လဲ   ကျ   မူး   ယစ် ယစ် ယစ်
အား …….. ။

#အချစ်မဲ့ဂစ်တာ

Wednesday, November 4, 2009

မွန်မြတ်သောအလှူ




ခေတ်မှီစက်ကလေးထဲမှ လျှင်မြန်စွာ လည်နေသော ဖန်ပုလင်းရှည်လေးကိုကြည့်ရင်း ကျွန်တော့ရင်ထဲတွင်အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ သိပ်မကြာခင်မှာပဲ စက်ထဲမှ ပုလင်းရှည်လေးကိုထုတ်ကာ အထဲမှ အရည်ကြည်လေးများကို စက္ကူချောင်းလေးများပေါ်သို့ တစ်စက်ခြင်းချလိုက်တာကို တွေ့လိုက်ရသည်။ပုလင်းရှည်လေးအတွင်းမှ အရည်ကြည်လေးများ စက္ကူချောင်းလေးထဲသို့ အစိမ့်စိမ့်စီးဆင်းနေသလို ကျွန်တော့်နှလုံးသားမှာလည်း တဆတ်ဆတ်ခုန်လျှက်ရှိသည်။ စိတ်ထဲတွင်လည်း လွန်စွာမှ လေးလံလှသော အရာတစ်ခုကို တနင့်တပိုးထမ်းထားရသကဲ့သို့ ခံစားနေရသည်။ တစ်စက္ကန့်…. နှစ်စက္ကန့်….  သုံးစက္ကန့်….။ ရင်ခုန်သံများကလည်း တဒိုင်းဒိုင်းနှင့်။

—————————–

“ A သွေးတစ်လုံးလိုတယ်… အခုချက်ချင်းရမှဖြစ်မယ်…လူနာက အရမ်းကို အရေးကြီးနေတာ”
ဆိုသော အသံကို ဆိုင်ကယ်ပေါ်ထိုင်နေသော ကျွန်တော်နားစွန်နားဖျား ကြားလိုက်မိသည်။ ဆေးရုံဆိုင်ကယ်တက္ကစီဂိတ်လေးမှ အမြဲခရီးသည် စောင့်လေ့ရှိသော  ကျွန်တော်တို့ တက္ကစီသမားများအဖို့တော့  ထိုစကားများမှာ မကြာခဏဆိုသလို ကြားနေရလေ့ရှိသည်။
“ A ေသြးဆိုပါလား”
ကျွန်တော်နုတ်ဖျားမှ ရေရွတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်သွေးအမျိုးအစားမှာ A သွေးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

“ လူနာက အရမ်းအရေးကြီးနေသည်တဲ့… လိုနေတဲ့သွေးကလည်း A ငါလှူလို့ရသားပဲ… ငါလှူလိုက်ရင်ကောင်းမလား ”
“ အာ… ငါသွေးလှူနေရင် ခရီးသည်တွေ လွတ်ကုန်မှာပေါ့… ပြီးတော့ ငါ့စီနီယာကလည်း နံပါတ်တစ် ရောက် နေပြီ.. ဒီတစ်ခါ ခရီးသည်လာတာနဲ့ ငါ့အလှည့်.. ငါထွက်ရတော့မှာ”
“ ခရီးသည်လာလည်း ဘာဖြစ်လဲကွာ…ဟိုမှာက အသည်းအသန်ဖြစ်နေတာ... တကယ်လိုအပ်နေတဲ့ အချိန်မှာ လှူရမယ့်သွေးအတွက် ဘယ်လောက် ကုသိုလ်ရလိုက်မလဲ”
“ တော်ကြာ တစ်ကြောင်းထဲနဲ့ ၁၅၀၀ တို့ ၂၀၀၀ တို့ရမယ့် အချီကြီးခရီးသည်လာရင် ဘယ်လိုလုပ်မလဲ”
“ ဒါပေမယ့်ကွာ… အဲလောက်ပိုက်ဆံက ပြန်ရှာလို့ရပါတယ်လေ..လူ့အသက်တစ်ချောင်းကို ကယ်ဖို့က ပိုအရေးကြီးတယ်…”
ကျွန်တော့်စိတ်ထဲမှ သွေးလှူဖို့နဲ့ မလှူဖို့ကို လွန်စွာလျှင်မြန်လှသော စိတ်အဟုန်ဖြင့် ဆွဲနေသော လွန်ဖြစ်သည်။

“ ကျွန်တော်လှူမယ်ဗျာ”
ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်ပြီး လူနာရှင်ကိုကျွန်တော်ပြောလိုက်သည်။
“ ငါ့ညီက A သွေးလား”
“ ဟုတ် ကျွန်တော် A သွေးပါ”

“ ဒါဆို အဆင်ပြေတယ်ကွာ… လာ”

ကျွန်တော်သူခေါ်ရာနောက်သို့လိုက်လာရင်း တစ်ခါမှ သွေးမလှူဖူးသောကျွန်တော် တကယ့်တကယ် သွေးလှူရတော့မည် ဆိုတော့ အတော် စိတ်လှုပ်ရှားနေမိသည်။ သွေးစစ်ခန်းထဲကိုရောက်တော့ ကျွန်တော့်သွေး အနည်းငယ်ကို ယူကာ ပုလင်းရှည်လေးထဲသို့ထည့်သည်။ နောက် ထိုပုလင်းရှည်လေးကို စက်အတွင်းသို့
ထည့်လိုက်သည်။

—————————-

“ ကဲ..ငါ့ညီလာ မင်းသွေးလှူလို့ရပြီ… မင်းရဲ့သွေးကို အကုန်စစ်ပြီးပြီ အားလုံးကောင်းတယ်…”
ဆိုတော့မှပင် ကျွန်တော့်ရင်ထဲမှာ အတော်လေးပေါ့ပါးလန်းဆန်းသွားမိသည်။ နောက် ခုတင်တစ်လုံးပေါ်တွင် အိပ်ခိုင်းသည်။
“ အပ်ထိုးမယ်နော်.. ခဏလေးတော့ နာမယ်”
ဆစ်ကနဲ ခံစားမှုနှင့်အတူ ပီတိတစ်ခု ကျွန်တော့်ရင်ထဲသို့ ကိန်းဝပ်လာခဲ့သည်။ သွေးထုတ်အပြီးတွင် တစ်ကိုယ်လုံး ပေါ့ပါးသွားလို လူလည်း အတော်ပင်လန်းဆန်းသွားသည်။ သွေးလှူဘဏ်မှ ပေးသော သွေးလှူရှင်ကတ်လေးကို ကိုင်ကာကျွန်တော့်သွေးကို အလှူခံသော လူနာကိုသွားကြည့်သည်။ ကျွန်တော့်သွေးကို သွင်းနေသော လူနာကလေးငယ်လေးကို ကျွန်တော်ကြည့်ရင်း ရင်ထဲမှာလည်း ဖော်မပြတတ်သော ခံစားမှု တစ်ခုကို ခံစားလိုက်ရသည်။ ဂိတ်ပြန်ရောက်တော့
“ မင်းသွေးသွားလှူနေတုန်း ခရီးသည်လာလို့ နံပါတ်နှစ်ကတစ်ယောက်လိုက်သွားတယ်…၁၀၀၀ တန်ခရီး ”  
လို့ ဂိတ်က အစ်ကိုကြီးကပြောတော့ ကျွန်တော်ဝမ်းမနည်းမိပါ။ ထိုပိုက်ဆံ တစ်ထောင်အစား တန်ဖိုးရှိသော အလှူတစ်ခုကို ပြုလိုက်ရသည့်အတွက် ကိုယ့်ကိုယ်ကိုလည်း ကျေနပ်အားရမိသည်။

“ အမေရေ.. ဒီနေ့သားပထမဆုံး အကြိမ်သွေးလှူခဲ့တယ်.. ဒီမှာ”
ဆိုပြီး ကျွန်တော်က သွေးလှူရှင်ကတ်လေးကိုပြတော့ အမေက
“ နင်က သွေးလှူခဲ့တယ် .. နင်က အရက်ကလည်း သောက်သေးတယ် ဆေးလိပ်လည်း မလွတ်ဘူး… နင့်သွေးကို ရတဲ့လူတော့ ”
လို့ ကျွန်တော့်ကို စသည်။ နောက်မှ အမေက
“ ငါ့သား သွေးလှူခဲ့တယ်ဆိုတော့ အေပိုး၊ ဘီပိုး၊ စီးပိုး တွေကင်းတာပေါ့.. ”
“ ဟုတ်တယ်အမေ.. အကုန်လုံးစစ်ပြီး အောင်မှ လှူလို့ရတာလေ”
“ အေး..အမေက စိုးရိမ်နေတာ သားရဲ့.. အမေက စီပိုးရှိတယ်ဆိုတော့ ငါ့သားတွေကိုလည်း စီပိုးရှိနေမှာစိုးတာ.. ခုလို မရှိဘူးဆိုတော့ ကောင်းတာပေါ့ သားရယ်.. နောက် သွေးလှူတယ်ဆိုတာ အလွန်  မွန်မြတ်တဲ့ အလှူတစ်ခုပဲသားရဲ့   … ကိုယ့်ရဲ့ အသွေး နဲ့ အသား ဆိုတဲ့ ထဲက အသွေးကိုလှူတဲ့ အလှူ ၊ ကိုယ့်သွေးသားကိုတောင် လှူတဲ့အလှူဆိုတော့ စဉ်းစားကြည့်လေသားရဲ့    .. ပစ္စည်းဥစ္စာတွေ လှူတဲ့ အလှူထက် အများကြီးမြတ်တယ်သားရဲ့ … နောက် သွေးလှူမယ်ဆိုတော့ သွေးတွေစစ်ရတယ်.. အဲဒီတော့ ကိုယ်ရဲ့ ကျန်းမာရေးအတွက်လည်း စစ်ပြီးသားဖြစ်သွားတယ်… ခန္ဓာကိုယ်ထဲက သွေးတစ်ပုလင်း ထုတ်လိုက်တဲ့ အတွက် အဲဒီသွေးတစ်ပုလင်းစာ ကိုယ်ထဲမှာ အသစ်ပြန်ဖြစ်တယ်လေ…   သွေးသစ်လောင်းတာဆိုတော့ ကျန်းမာတာပေါ့ကွယ်… ပြီးတော့ သွေးလှူနေတဲ့ လူတစ်ယောက်ဟာ အကြီးအကျယ် သွေးထွက်သံယိုမှုတွေဆိုတာ ဖြစ်ခဲတယ်သားရဲ့… သားလှူခဲ့တဲ့ သွေးအတွက် အမေ သာဓုခေါ်ပါတယ်သားရယ်…”
ဆိုပြီး အမေပြောပြတော့မှပင် သွေးလှူခြင်း အကျိုးတွေကို ကျွန်တော်ပိုသိခဲ့ရသည်။ ပိုပြီးလည်း ဝမ်းသာပီတိဖြစ်မိသည်။

——————————

“ ဟယ်လို .. ကိုမောင်မောင် ရှိပါသလား”
“ ဟုတ်ကဲ့ ပြောနေပါတယ်”
“ ရင်ခုန်သံ သွေးလှူအသင်းကပါ.. လာမယ့် ၆ လပိုင်း ၆ ရက်နေ့ စနေနေ့မှာ သွေးလှူပွဲရှိတယ်ဆိုတာ အကြောင်းကြားပေးတာပါရှင် ”

——————————-

နံပါတ် ၅ သို့ ရောက်ပြီဖြစ်သော ကျွန်တော့်သွေးလှူကတ်လေးကို ကိုင်ပြီး လက်မောင်းမှ သွေးထုတ်ထားသော နေရာသို့ တစ်ချက်ကြည့်မိသည်။ 
ဒီနှစ် သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ကျွန်တော့်အမေသာရှိနေဦးမယ်ဆိုရင် ဘာပြောဦးမည် မသိ………။

အချစ်မဲ့ဂစ်တာ
4-11-2009

Sunday, October 11, 2009

ခွန်အား တစ်စုံ


ချစ်ခြင်းကို ဖျက်စီးဖို့
မိုးဖြိုချရင်တောင် ဖြစ်နိုင်ပါ့မလား….
မင်းရင်ထဲမှာ ငါ..
ငါ့ရင်ထဲမှာ မင်း…
ဘေးစကားတွေ ခဝါချ
ကြားစကားတွေ မီးပုံရှို့ ….
ချစ်သူ့အပြုံး
နှလုံးသားမှာ သိမ်းထုတ်ပြီး
ကမ္ဘာတစ်ခု ဖြစ်စေမယ်……..။

အချစ်မဲ့ ဂစ်တာ
October 11, 2009 at 5:14pm

သံရိုက်ခြင်း




တစ်ရက်တုန်းက ကျွန်တော့်ဆီကို သူငယ်ချင်းတစ်ယောက် လာတွေ့တယ်..။ သူ အလုပ်တစ်ခုလုပ်ဖို့ လုပ်သင့် မလုပ်သင့်ကျွန်တော်နဲ့ လာတိုင်ပင်တာပါ။ သူလုပ်မယ့်  အလုပ်က ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်..။ ဒါပေမယ့် သူက အဆင်မပြေပဲဖြစ်မှာကို အတော်စိုးရိမ်နေတယ် ..။ ဒါနဲ့ ကျွန်တော်သူ့ကို အကြောင်းအရာလေးတစ်ခု  ပြောပြဖြစ်တယ်…။

နောက်တစ်ခါ မိန်းမယူဖို့ စဉ်းစားနေတဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်း ဒီအကြောင်းအရာလေးကို ပြောပြဖြစ်တယ်။ ကျွန်တော်ပြောပြပြီး နောက်တစ်ရက်မှာပဲ  ဒီကောင် မိန်းမခိုးသွားခဲ့တယ်။ အဲဒီအကြောင်းအရာက ဘာလဲဆိုတော့………..

အိမ်တစ်အိမ်မှာ လူတစ်ယောက်ဟာ နံရံတစ်ခုပေါ်ကို သံတစ်ချောင်းရိုက်လိုက်တယ်…။ အရင်က အဲဒီနံရံပေါ်မှာ ဘာမှမရှိပါဘူး။ သံချောင်းဟာလည်း သာမန် သံလေးတစ် ချောင်းပါပဲ..။ ဒီသံချောင်းလေးကို ဘာမှမရှိတဲ့ နံရံပေါ်မှာ ရိုက်လိုက်တဲ့ အခါမှာ တစ်ခုခုကိုချိတ်လို့ရတဲ့ အရာလေးတစ်ခုဖြစ်သွားတယ်…။  မကြာခင်မှာပဲ အဲဒီနံရံမှာ ရိုက်ထားတဲ့သံချောင်းလေးအတွက် ချိတ်စရာတစ်ခုခုတော့ ဘယ်လိုပဲဖြစ်ဖြစ် ရှိလာပါလိမ့်မယ်။ ဒီသံချောင်းလေးကို ရိုက်လိုက်တဲ့ လူကပဲဖြစ်ဖြစ် အခြားလူတစ်ယောက်ကပဲ ဖြစ်ဖြစ် ဒီသံချောင်းရဲ့ ခံနိုင်မှုကိုကြည့်ပြီး သော့တွဲဖြစ်စေ၊ ဦးထုပ်ဖြစ်စေ၊ ခါးပတ်ဖြစ်စေ၊ အကျီဖြစ်စေ ချိတ်ဖြစ်သွားမှာပါပဲ။ ဒီသံချောင်းလေးကို မရိုက်ခင်က ဘယ်ပစ္စည်းမှ ဘာမှမရှိတဲ့ နံရံမှာဘာမှချိတ်လို့မရဘူးလေ..။ ဘာမှမရှိတဲ့ နံရံမှာ သံချောင်းလေးတစ်ချောင်းရိုက်ဖြစ်တာနဲ့ပဲ သူ့ကိုလာချိတ်ဖို့အရာတွေဟာ တစ်ခုမဟုတ်တစ်ခုတော့ ပေါ်ကိုပေါ်လာတာပါပဲ..။ နောက်ဆုံးကုန်ကုန်ပြောရင် သားရေကွင်းတောင် ချိတ်ဖြစ်ကြပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုရှိတာက ရိုက်လိုက်တဲ့ သံအနေအထား၊ စရိုက်ကတည်းက သံချောင်းသေးသေးပဲရိုက်ရင် သူခံနိုင်ရည်ရှိသလောက်သေးငယ်သော အရာလေးတွေပဲ ချိတ်လို့ရမှာပေ့ါ။ အစကတည်းက သံကြီးကြီးရိုက်ထားမယ်ဆိုရင်တော့  ကြီးကြီးမားမားသော အရာတွေ ချိတ်စရာဖြစ်လာမှာပါ..။

ဒီတော့ သင်ရော ဘာတွေတွေးနေပါလဲ…။ ဘာတွေပြုလုပ်ချင်နေပါလဲ..။ အဆင်ပြေပါ့မလားဆိုတာတွေ စဉ်းစားနေပါသလား..။ ဘာပဲဖြစ်ဖြစ် သင့်အနေနဲ့ သံတစ်ချောင်းတော့ရိုက်ဖို့ လိုပါလိမ့်မယ်။ ဒီသံတစ်ချောင်း ရိုက်ပြီး သွားပြီဆိုသည်နှင့် သင်ရိုက်လိုက်သော သံအနေအထားပေါ်မူတည်ပြီး  တစ်ခုမဟုတ် တစ်ခုသော အရာတွေဟာ အဆင်ပြေစွာရောက်ရှိလာပါလိမ့်မယ်။

အချစ်မဲ့ ဂစ်တာ
11 Oct 2009

Friday, September 11, 2009

ဆုံမှတ် infinity …..



“ ဆုံမှတ်တစ်ခုမှာ
အတူရပ်ခဲ့ကြပေမယ့်
ကျာခြင်းကပ်ဖြစ်နေလေတော့
ရှေ့ဆက်မယ့် ခြေလှမ်းတိုင်းဟာ ……………. ”


လေအဝှေ့မှာ လွင့်ဝဲသွားတဲ့ ဆံနွယ်တွေကြားက ဖြူနုနေတဲ့ ချစ်စဖွယ် လည်တိုင်လေး…။



ဒီလည်တိုင်လေးပေါ်မှာ ငါ့ရင်ထဲက တစ်ခုခုကို ကောင်းစွာကိုင်လှုပ်နိုင်စွမ်းရှိတဲ့ အနီရောင် မှဲ့နီလေးတစ်လုံး.။



ဒီမှဲ့နီလေးကြောင့် အရာရာက စတင်ခဲ့ပြီး အားလုံး အဆုံးသတ်ချိန်မှာတော့  င့ါဆီမှာ ရှိတဲ့ ငါပိုင်ဆို်င်ထားတဲ့ အရာတွေ အားလုံး အားလုံးဟာ ဒီမှဲ့နီလေးထဲမှာ နစ်မြုပ် ကျန်ရစ် ခဲ့တာပါပဲ..။



“ ချစ်တယ် ”ဆိုတဲ့ စကားတစ်ခွန်းကို ၀တ်ကျေတန်းကျေဆန်လွန်းစွာ ရရှိခဲ့တဲ့ ငါဟာ.. “ တောင်းပန်ပါတယ် ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဖျက်ဆီးခံလိုက်ရပြန်တော့ ငါမင်းကို ဘာများ ပြောခွင်ရှိဦးမှာလဲ..။ တစ်ခုရှိတာတော့ မင်းကို အမှန်တကယ် မြတ်နိုးခဲ့တယ် ဆိုတာကိုပါပဲ..။ နှစ်ချို့အောင် ကြိုးစားပြီး ရခဲ့တဲ့ မင်းရဲ့ ချစ်ခြင်း(အတု)တွေကြားမှာ မင်းရဲ့ ပါးပြင်လေးကိုတောင် နမ်းရှိုက်ဖို့ ငါနှမြောခဲ့ရတာလေ..။ ဒါပေမယ့်  မင်းပြောခဲ့တဲ့ “ ချစ်တယ် ”ဆိုတဲ့ စကားနဲ့ “ တောင်းပန်ပါတယ် ” ဆိုတဲ့ စကားနှစ်ခွန်းကြားရဲ့ အချိန်ကာလတွေမှာ ပျော်ရွှင်မှုတွေ မျှော်လင့်ချက်တွေကို စားသုံးရင်း မင်းမျက်နှာလေးကို ကြည့်ပြီး ငါ့ဘဝရှင်သန်ခဲ့တယ်ဆိုရင်……..။



အသည်းပုံချိုချဉ်လေးကျွေးတာတောင် တစ်လုံးထဲ ကျွေးရင် မပြည့်စုံမှာစိုးလို့ ချိုချဉ်ကို နေ့စဉ် နှစ်လုံး နှစ်လုံး ပုံမှန် မင်းဆီကို မရောက်ရောက်တဲ့ နည်းနဲ့ ပို့ခဲ့တာဟာ ငါရူုးသွပ်ခဲ့တာလား.။ နောက်ဆုံးခွဲရမယ့် အချိန်မှာ “ ရင်နာနာနဲ့ ရယ်နေရမယ့် အဖြစ်မျိုး မကြုံချင်လို့ ဒီနာရီကို မရချင်ပါဘူး ” လို့ ပြောခဲ့တဲ့ မင်း..။ ငါကိုယ်တိုင်ကလည်း  ရူးသွပ်လွန်းလို့ မင်းရဲ့ လက်မှာ ကိုယ်တိုင်ဝတ်ပေးမိခဲ့တာ ငါ့အမှားဖြစ်သွားတာလား..။ တကယ့်တကယ် ရယ်နေပေမယ့် ရင်ထဲမှာ နာကျင်စွာ ငိုနေရတာဟာ မင်းမဟုတ်ပဲ ငါဖြစ်သွားတာလေ။ အဲဒီတုန်းက နာရီလေးတစ်လုံးကို ခုချိန်ပြန်တွေ့ရရင် သိချင်ပါ့ရဲ့ ..။ သူစကားပြောတတ်ရင်ပေါ့… ငါ့အတွက်နဲ့ မင်း မျက်ရည်တစ်ပေါက်ကျခဲ့ဖူးသလား  ဆိုတာကို….။



အချိန်တွေလည်း ဆယ်စုနှစ်တစ်ခုကြာရောပေါ့..။ ခုချိန်ထိ ငါ့နှလုံးသားရဲ့ ဟိုး………… အဝေးတစ်ထောင့်မှာ မှဲ့နီလေး တစ်လုံးဟာ ငါ့အတွက် တစ်စတစ်စ မှေးမှိန်လျှက်…..။။



အချစ်မဲ့ဂစ်တာ

11/9/2009

Thursday, August 13, 2009

နွံတစ်ခုသို့ နိဒါန်း







သူနှင့် ကောင်လေး စတင်သိကျွမ်းခဲ့တဲ့ နေ့က ဆယ်တန်းအောင်စာရင်း များ ထွက်သည့်နေ့ဖြစ်သည်။ ကောင်လေးရဲ့ သူငယ်ချင်းတစ်ယောက်က စတင်မိတ်ဆက် ပေးခဲ့ခြင်းဖြစ်သည်။ အရင်တုန်းကတော့ ကောင်လေးကလည်း သူ့ကို မြင်ဖူးခဲ့သလို… သူလည်း ကောင်လေးကို တွေ့ခဲ့ဖူးပါသည်။ ခုတော့ သူနဲ့ ကောင်လေးဟာ စားပွဲဝိုင်းတစ်ခုမှာ စတင်ဆုံတွေ့ခြင်းဖြစ်သည်.. ။ ခုလိုမျိုး တစ်ဝိုင်းထဲမှာ သူတို့ တစ်ခါမှ အတူမထိုင်ခဲ့ဖူး…။ ဒီလို ထိုင်နေချိန်အတွင်းမှာ ကောင်လေး သူ့ကိုကြည့့်တဲ့ အကြည့်တွေကို သူသတိထားမိခဲ့သည်။ ကောင်လေးရဲ့ အကြည့်တွေမှာ မဝံ့ရဲမှုတွေ၊ စိုးရိမ်ကြောက်ရွံ့မှုတွေ ရောယှက်နေတာကို ကောင်လေးရဲ့ ပျော်ရွှင်မှုအပြုံးတွေကြားမှာ သူမြင်လိုက်ရသည်။ ထိုနေ့အတွက်တော့ ကောင်လေးဟာ သူ့ကြောင့် အတိုင်းအတာ တစ်ခုထက်ကိုပို၍ ပျော်ရွှင်ခဲ့တာတော့ အသေအချာပင်။

ဒီတွေ့ဆုံမှုနောက်ပိုင်းမှာတော့ ကောင်လေးနဲ့သူ မကြာခဏဆိုသလို ဆုံတွေ့မိကြသည်။ ဒီလိုဆုံဖို့ကိုလည်း ကောင်လေးဟာ အရဲစွန့်၍ ကြိုးစားလာခဲ့သည်ကို  သူသိနေသည်။ အစပိုင်းတွေမှာတော့ ကောင်လေးရဲ့ သူငယ်ချင်းတစ်ယောက် နှစ်ယောက်နဲ့ အတူလာတတ်ပေမယ့် နောက်ပိုင်း ကောင်လေးတစ်ယောက်ထဲသာ သူဆီကို ရောက်ရောက်လာပြီ ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်လာပြီဖြစ်တဲ့ ကောင်လေးနဲ့ သူဟာ အချိန်ကြာလာသည်နှင့်အမျှ အတော် သံယောဇဉ်ဖြစ်လာလေပြီ။ ကောင်လေးကလည်း ၀မ်းသာစရာရှိသည်ဖြစ်စေ၊ ၀မ်းနည်းစရာရှိသည်ဖြစ်စေ သူဆီသို့ အရောက်လာပြီး ရင်ဖွင့်လာတတ်သည်။ ကောင်လေးဟာ ကျောင်းမှာ ချစ်သူတစ်ယောက်ရှိတဲ့ အကြောင်းကိုလည်း သူ့ကို ပြောပြသည်။ ကောင်လေးရဲ့ ချစ်သူဟာ ကောင်လေး သူနဲ့နေတာကို သဘောမကျတဲ့ အကြောင်းလည်း သူ့ကို ရင်ဖွင့်ဖူးသည်။ ချစ်သူရှိရက်နှင့် သူ့ဆီအမြဲလာနေသော ဒီကောင်လေးဟာ ဘယ်လိုကောင်လေးမျိုးပါလိမ့်..။

မကြာခင်မှာပဲ ကောင်လေးဟာ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ အကြောင်းကို ကောင်လေးအပြောကြောင့် သူသိလိုက်ရသည်။ နောက် ထပ်သိလိုက်ရတာကတော့  ကောင်လေးချစ်သူနဲ့ လမ်းခွဲရခြင်း အကြောင်းရင်းဟာ သူ့ကြောင့်ဆိုတာကိုပါပဲ။ ချစ်သူနဲ့ ပြတ်ပြီးနောက်ပိုင်း ကောင်လေးဟာ သူနဲ့သာ အချိန်တွေကုန်ပြီး ချစ်သူ  အသစ်လည်း ထပ်ရှာတာ မတွေ့ရတော့….။ သူနဲ့ တွေ့တိုင်း ကောင်လေးဟာ စကားတွေ အများကြီးပြောတတ်လေပြီ။  ၀ိဉာဉ်တွေအကြောင်း၊ အနုပညာအကြောင်း၊ မဖြစ်သင့်တာတွေ ဖြစ်နေပြီး ဖြစ်သင့်တာတွေ ပျောက်ပျက်နေတဲ့ အကြောင်း၊ ကြွေလွင့်သွားကြတဲ့ ကြယ်တွေအကြောင်း၊ ထိုင်ခုံတွေအကြောင်း၊ အလင်းပျောက် အမှောင်ကမ္ဘာအကြောင်း စပြီး စုံနေအောင်ပြောသည်။ တစ်ခါတစ်ရံ ကောင်လေးဟာ သူ့ကိုရီဝေစွာကြည့်တတ်ပြီး  ဘယ်မိန်းကလေးမှ သူ့လောက် မချစ်မိတဲ့ အကြောင်းလည်း တဖွဖွပြောတတ်သေးသည်။

တစ်ရက် တစ်ယောက်ထဲနေသော ကောင်လေးရဲ့ တိုက်ခန်းကို ကောင်လေးလာခေါ်၍ သူရောက်ခဲ့သည်။ ထိုနေ့မှာပဲ ညနက်တဲ့အထိ ကောင်လေးရဲ့စကားတွေမှာ မျှောပါရင်း ကောင်လေးနဲ့ အတူတူ တစ်ညလုံးနေဖြစ်ခဲ့သည်။ ဒီလိုနဲ့ နောက်ပိုင်းရက်များတွင်တော့ ကောင်လေးရဲ့ တိုက်ခန်းသို့သာ ကောင်လေးက သူ့ကိုခေါ်လာတာ များသည်။ မနက် ကောင်လေးနိုးတဲ့ အချိန်မှာ သူမရှိတော့..။ ညနေစောင်းဆိုရင်တော့ ကောင်လေးက သူ့ကို ပြန်လာခေါ်သည်။ ကောင်လေးဟာ သူ့ကို တစ်ရက် တောင် မတွေ့ရမနေနိုင်အောင် စွဲလမ်းနေပြီဆိုတာ သူကောင်းကောင်းသိသည်။ ဒီလိုနဲ့ ဖြတ်သန်းလာလိုက်တာ ဆယ်စုနှစ် တစ်ခုကျော်လာလေပြီ။ ဒီနှစ်တွေ အတွင်းမှာ သူကတော့ သိပ်ပြောင်းလဲသွားခြင်းမရှိပေမယ့် ကောင်လေးကတော့ သူတို့ စတင်တွေ့ဆုံတုန်းကပုံစံနဲ့ ခုပုံစံဟာ အတော်ပင် ပြောင်းလဲသွားခဲ့သည်။

သူနဲ့ အတူနေရင်း အရေးအကြောင်းများစွာနှင့် ကြမ်းတမ်းသော အသားအရေများက ဟိုအရင် ကောင်လေးရဲ့ မျက်နှာနုနုလေးမှာ နေရာယူလာသည်။ စိမ်းစို၍ အလွန်တရာ ကြည့်ကောင်းလှသော ကောင်လေးရဲ့ ပါးသိုင်းမွေးများသည်လည်း ခု မရိတ်သင်တာ အတော်ကြာပြီဖြစ်လို့ မျက်နှာမှာ မည်းညစ်နေလေတော့သည်။  အရင်က ပြည့်ဖြိုးလှသော ကောင်လေးရဲ့ ခန္ဓာကိုယ်သည်လည်း ယခု လူတိုင်းက နေကောင်းရဲ့လား! အရမ်းပိန်သွားတယ်! စသဖြင့် ပြောလာကြသည်။ ကောင်လေးရဲ့ ပြောင်းလဲခြင်းများစွာကြားမှာ ပြောင်းလဲမသွားတာကတော့ သူနဲ့ တွေ့ဆုံမှုပင်ဖြစ်သည်။ နောက်ထပ် မပြောင်းလဲခြင်း တစ်ခုကတော့ ကောင်လေးရဲ့ သူ့ကိုချစ်သော အချစ် ဖြစ်သည်။ ယခုထိ ကောင်လေးဟာ သူ့ကို စကားတွေ အများကြီးပြောတုန်းဖြစ်သလို သူကလည်း ကောင်လေးရဲ့ အပြောတွေမှာ မျှောနေတုန်းပင်…။

ဒီလိုနှင့် တစ်ရက်မှာတော့ ကောင်လေးဟာ သူနဲ့ စကားပြောရင်း မျက်ရည်စတစ်စ ကောင်လေးရဲ့ ပါးပြင်ပေါ်မှာ လိမ့်ဆင်းသွားသည်။ ကောင်လေးရဲ့ စကားသံတွေ တိုးလျှနေသည်။ ကောင်လေးသူ့ပခုံးလေးကို ပွတ်သပ်လျှက် စကားတွေပြောနေသည်။ ကောင်လေးရဲ့ အပြောတွေမှာ သူ့ကို ဘယ်လောက်ချစ်တဲ့ အကြောင်း၊ သူနဲ့ နေခဲ့သမျှ ကာလပတ်လုံးမှာ  သူပေးခဲ့တဲ့ အရာတွေမှန်သမျှကို ကျေကျေနပ်နပ်ခံယူဖို့ အသင့်ဖြစ်ကြောင်း၊ ဘယ်သူ့ကိုမှလည်း သူ့လောက် မတွယ်တာမိကြောင်း၊ ဘယ်သူမှလည်း သူ့လောက် သစ္စာမရှိခဲ့ကြောင်း ထို့ကြောင့် သူနောက်ဆုံး အချိန် ထိ သူနဲ့သာ အတူရှိနေမယ့်အကြောင်းတွေ ပါသည်။ နောက် အစိတ်စိတ်အမွှာမွှာနှင့် အလွန်ခြောက်နေပြီဖြစ်သော အသည်း အကြောင်းတွေပါသည်။ ကောင်လေးဟာ ဘယ်လိုဖြစ်နေတာပါလိမ့်။ ကောင်လေးရဲ့ ပုံစံဟာ အတော် အားနည်းနေပုံပေါက်သည်။ အသက်ရှူသံပြင်းပြင်းကိုလည်း တစ်ချက် တစ်ချက် ကြားရသည်။ တစ်ခါ တစ်ခါ သက်ပြင်းချသံလည်းပါသည်။ အားတင်း၍ လှမ်းလာသော ကောင်လေး၏ တုန်ရီနေသောလက်တစ်စုံကို သူမြင်လိုက်ရသည်။ နောက် သူ့ကို  ကောင်လေးဟာ ရင်ခွင်ထဲကိုဆွဲသွင်းလိုက်ပြီး လွတ်ထွက်သွားမှာ… တစ်ယောက်ယောက်က ဆွဲထုတ်ခေါ်သွားမှာကို ကြောက်နေသည့်အလား စိုးရိမ်ကြီးစွာဖြင့် တင်းကျပ်စွာ ထွေးပိုက်ထားလျှက်ရှိသည်။ ကောင်လေးရဲ့ နှလုံးခုန်သံ တစ်ဖြည်းဖြည်းနှေးကွေးလာတာကို ကြားရသလို တင်းကျပ်စွာ ဖက်ထားသော ကောင်လေးရဲ့ လက်များမှာလည်း တဖြည်းဖြည်း လျှော့ကျ ငြိမ်သက်သွားလေပြီ။ သူလည်း ကောင်လေးရဲ့လက်ထဲမှ ကြမ်းပြင်ပေါ်သို့….

)))))))))))) ခွမ်း ((((((((((((((

ပုလင်းတစ်လုံး၏ လွင့်စင်သွားသော ဖန်ကွဲစများကြားမှာ…………..

နောက်ထပ် ကောင်လေးတစ်ယောက် သူ့ကိုကြည့်နေသည်။ ဒီကောင်လေး သူ့ကိုကြည့့်တဲ့ အကြည့်တွေကို သူသတိထားမိခဲ့သည်။ ဒီကောင်လေးရဲ့ အကြည့်တွေမှာ မဝံ့ရဲမှုတွေ၊ စိုးရိမ် ကြောက်ရွံ့မှုတွေ ရောယှက်နေတာကို သူမြင်လိုက်ရသည်။ နောက်ပိုင်းမှာတော့ ဒီကောင်လေးဟာလဲ သူ့ဆီသို့………..။

အချစ်မဲ့ဂစ်တာ

August 13, 2009 at 2:11pm ··

Sunday, June 28, 2009

အမှတ်တရ ဒီမွေးနေ့



လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်တာ ကာလ….

ဒီလိုနေ့ရက်မှာပေါ့… လူလောကကြီးထဲကို မျက်စိသူငယ် နားသူငယ်နဲ့ ရောက်လာခဲ့တဲ့ ကလေးလေးတစ်ယောက်…။ ဒီလောကရဲ့  ဖျားယောင်းမှု၊ လှည့်စားမှု၊  ပြောင်းလဲမှုတွေကြားမှာ ကြီးပြင်းလာလိုက်တာ လူဘဝရဲ့ သက်တမ်းအရဆိုရင် သုံးပုံတစ်ပုံဟာ ကုန်ဆုံးသွားခဲ့လေပြီ။ ဒီလိုကုန်ဆုံးသွားတဲ့ ကာလာတွေထဲမှာ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အောင်မြင်မှုတွေ၊ ရှုံးနိမ့်မှုတွေ၊ မျှော်လင့်ချက်တွေ၊ စိတ်ပျက်အားလျှော့ခဲ့ရမှုတွေ စတဲ့ လောကဓံရဲ့ လှိုင်းတံပိုးထဲမှာ အလူးလူး အလိမ့်လိမ့် နဲ့ပါပဲ။

အထပ်ထပ်ဖိချခဲ့ရတဲ့ ဆပ်မကုန်တဲ့ ကျေးဇူးတရားတွေအောက်မှာ ပြန်လည်ဦးမော့နိုင်ဖို့နဲ့ တစ်ထပ်ပြီး တစ်ထပ် ပြန်လည်ချေဖျက်ပစ်ဖို့ ကြိုးစားနေရတဲ့ လူတစ်ယောက်…။ တစ်ချို့ တစ်ချို့သောအရာတွေ လုပ်နိုင်ခဲ့တာရှိသလို လုပ်နေသမျှကာလပတ်လုံးမှာလည်း ပြန်လည်ပြီး  တစ်ရစ်နဲ့ တစ်ရစ် ပိကျခံနေရဆဲ…ပြန်လည်နစ်မြုပ်နေဆဲပါ..။  ပြီးဆုံးသွားတဲ့ အရာတွေမှာ အမှန်တွေရှိခဲ့သလို အမှားတွေဆိုတာလည်း ဒုနဲ့ ဒေးပေါ့..။ ဒီလိုနဲ့ ပြင်ဆင်လို့ ရနိုင်တဲ့ အမှားတွေကို ကြိုးစားပြင်ဆင်ရင်းနဲ့  ပြန်ပြင်မရနိုင်တော့တဲ့ နောင်တတွေလည်း များစွာ ပိုက်ထွေးလျှက်…..။ ဘာပဲပြောပြော..  ရည်မှန်းချက်တစ်ခုအတွက်ဆိုရင်တော့  မာနဆိုတဲ့ အရာက်ိုလက်ဆွဲရင်း…..။

ဒီလိုနှစ်ကာလအတွင်းမှာပဲ…တစ်ခါတစ်ရံ အချိန်တွေမှာ အကောင်းဆုံးဖြစ်နိုင်ဖို့ လှုပ်ရင်း လှုပ်ရင်းနဲ့ မြုပ်မြုပ်သွားခဲ့ရတဲ့ အခြေအနေတွေ၊ နွံထဲရောက်သွားသလို အခြေအနေမျိုးတွေလည်း ကြုံခဲ့ရတာ ခဏခဏပေါ့…..။ ဒီလိုအဖြစ်မျိုးတွေကြုံလိုက်ရတိုင်း ကျကျသွားတတ်တဲ့ အရာတစ်ခုကို မရမက ပြန်ပြန်ကောက်ခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ..။ တစ်ခါတစ်ခါလည်း နှောင်ကြိုးတစ်ချောင်းကို သွားပြီးတွယ်ငြိလိုက်မိခဲ့ပေမယ့် ဒီနှောင်ကြိုးက အချည်မခံလိုသူအတွက် အသာအယာဆွဲဖြေလိုက်ရုံနဲ့ပဲ ပြေလျှောသွားခဲ့လေရဲ့….။ တစ်ခါတစ်ရံလည်း စဉ်းစားမိခဲ့ပါရဲ့… ဘဝဆိုတာ ဘာမဟုတ်တဲ့ စက္ကူတွေအတွက်များလားပေါ့လေ..။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး..။ ဘာမဟုတ်တဲ့ စက္ကူတွေက ဘဝတစ်ခုကို ဖြစ်စေခဲ့တာကို သိလိုက်ရမိပြန်ရော..။

ဒီလိုနဲ့ပဲ ခုဆိုရင် နှစ်ဆယ်ငါးနှစ်တဲ့… အချိန်က သတိပေးလာတယ်…။ ခုချိန်ထိ ဘာဆိုဘာမှ မလုပ်ခဲ့လိုက်ရသေးသလိုလို …. ။ ဘာဆိုဘာမှလည်း မပြီးမြောက်သေး သလိုလို..။ ကုန်ဆုံးသွားတဲ့ အချိန်တွေဟာလည်း ဘာမှ မကြာလိုက်သလိုလို..။ မထင်မှတ်ပဲ မကြာသေးခင်ကမှ တွယ်ငြိမိပြန်တဲ့သံယောဇဉ်ကြိုးတစ်ချောင်းအတွက်လည်း  ရင်လေးမိသလိုလို…။ ဒီကြိုးလေးဟာ လုံးဝထင်မှတ်မထားပဲတင်းကျပ်စွာချည်နှောင်မိနေလေတော့လဲ ခက်ပါ့… ။ ထားလိုက်ပါပြီ..။  ပြီးခဲ့တာတွေလည်း  နေ့စဉ်ရက်ဆက် သင်္ဂြုလ်နေခဲ့ရပြီး နောင်လာမယ့် အချိန်တွေကိုလည်း ဖမ်းဆုပ်လို့ မလွယ်ဘူးဖြစ်နေတော့….။ ဒီအချိန်.. ဒီအရွယ်မှာဖြင့်…………….။ ဒီလိုနဲ့ပဲ မနက်ဖြန်ဆိုရင် ၂၆ လို့ပြောရတော့မယ်……………………….။

ps.. ဘာပဲပြောပြောပေါ့လေ.. ဒီမွေးနေ့ဟာ ကျွန်တော့်အတွက် အမှတ်တရအဖြစ်ဆုံးသော မွေးနေ့တစ်ခု ဖြစ်ခဲ့တာတော့ အမှန်ပါပဲ… Thank you for all…

အချစ်မဲ့ဂစ်တာ
၂၈.၆.၂၀၀၉

Sunday, May 31, 2009

ဒီဘဝ ကောင်းတာလုပ်ရင် နောင်ဘဝ ကောင်းတာဖြစ်မလား

လွန်လေပြီးသော အခါက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိသတဲ့။ အဲဒီဘုရင်ကြီးဟာ သူ့တိုင်းပြည်ကြီးကို မင်းကျင့်တရားဆယ်ပါးနဲ့ အညီ အုပ်ချုပ်သတဲ့။ ဒီတော့ တိုင်းပြည်ဟာ အလွန်မှ သာယာဝပြောပြီး စည်ကားလှသတဲ့။ ဘုရင်ကြီးဟာလည်း နေ့စဉ်ဆိုသလို အလှူအတန်းကိုလည်း အကြီးအကျယ်ပေးပြီး သီလ သမာဓိလည်း ပြည့်စုံတော့ တိုင်းသူပြည်သားတွေဟာ ဘုရင်ကြီးကို လွန်စွာမှ ချစ်ကြသတဲ့။ ဘုရင်ကြီးကလည်း သူရဲ့ တိုင်းသူပြည်သားတွေအားလုံးကို ရင်ဝယ်သားလိုစောင့်ရှောက်သတဲ့။

တစ်ရက်မှာတော့ အမတ်ကြီးတစ်ပါးက ဘုရင်ကြီးကို လျှောက်သတဲ့။

“ အရှင်မင်းမြတ်ဘုရား အရှင်မင်းကြီးတစ်ရက်တစ်ရက်လှူတန်းပြီး သီလတွေ သမာဓိတွေ ဆောက်တည်နေတာတွေဟာ ဘာအတွက်လုပ်နေတာပါလဲဘုရား ”

ဆိုတော့ ဘုရင်ကြီးက

“ ဒီဘဝမှာ ကောင်းမှုလုပ်တဲ့ အတွက် ဒီဘဝမှာသာမက နောင်ဘဝမှာလည်း ကောင်းကျိုးတွေခံစားရတယ်လို့ ကြားဖူးတယ်လေ အမတ်ကြီးရဲ့”

ထိုအခါ အမတ်ကြီးက ဘုရင်ကြီးကို

“ ဒီဘဝမှာ ကောင်းတာလုပ်လို့ နောက်ဘဝမှာ ကောင်းတာမဖြစ်ပါဘူးဘုရား”

“ အလို.. ဘယ်လိုကြောင့်ဒီလိုလျှောက်တင်ရသတုန်း အမတ်ကြီးရဲ့ ”

“ အရှင်ဘုရား.. ကျွန်တော်မျိုးဟာ ကျွန်တော်မျိုးရဲ့ အရင်ဘဝတစ်ဘဝကို မြင်ရပါတယ် ဘုရား…”

ဆိုတော့ ဘုရင်ကြီးဟာ လွန်စွာအံ့သြသွားပြီး

“ဒါဖြင့် အမတ်ကြီးရဲ့ အရင်ဘဝကို လျှောက်တင်စမ်းပါဦး ”

“ ကျွန်တော်မျိုး အရင်ဘဝတုန်းက မုဆိုးတစ်ယောက်ဖြစ်ခဲ့ပါတယ်ဘုရား…သားသတ် ငါးသတ်နဲ့ ကောင်းမှုဆိုလို့ တစ်ခုမှ မလုပ်ခဲ့ဖူးပါဘူးဘုရား…ဒီလောက် မကောင်းမှုတွေကို အရင်ဘဝက အများကြီးလုပ်ခဲ့တာတောင်မှ ယခုဒီဘဝမှာ အရှင်မင်းကြီးအပါးမှာ ခစားရတဲ့ အမတ်ကြီးတစ်ယောက်ဖြစ်ပြီး စည်းစိမ်အပြည့်နဲ့ နေနေရပါတယ်ဘုရား…. ဒါကြောင့် ဒီဘဝမှာ ကောင်းတာလုပ်ရင် နောင်ဘဝ ကောင်းတာရမယ်ဆိုတာ မဟုတ်ပါဘူးဘုရား.. ဒီဘဝမှာ မကောင်းတာလုပ်လည်း နောင်ဘဝမှာ မကောင်းတာမဖြစ်နိုင်ပါဘူး ဘုရား…. အကယ်၍ ဒီဘဝမှာ မကောင်းတာလုပ်လို့ နောင်ဘဝ မကောင်းတာဖြစ်ရမယ်ဆိုရင် ကျွန်တော်မျိုးဟာ ဒီလိုဘဝမျိုးတောင် ရောက်နေမှာမဟုတ်ပါဘူးဘုရား…ဒီတော့ အရှင်မင်းကြီး အနေနဲ့လည်း အလှူအတန်းတွေ သီလတွေ လုပ်နေစရာတောင် မလိုပါဘူးဘုရား.. လုပ်နေလို့လည်း နောင်ဘဝမှာ ကောင်းတာခံစားဖို့ မသေချာပါဘူးဘုရား .. မလုပ်လို့လည်း မကောင်းတာ မဖြစ်နိုင်ပါဘူးဘုရား …”

ဆိုတော့ ဘုရင်ကြီးဟာ ယုံကြည်မိသွားသတဲ့။

အဲဒီအချိန်ကနေစလို့ ဘုရင်ကြီးဟာ မင်းကျင့်တရားတွေ ပျက်စီးပြီး အလှူအတန်းတွေကို ရပ်လိုက်သတဲ့။ တစ်ရက်နဲ့တစ်ရက် တိုင်းရေးပြည်ရေးတွေကိုမလုပ်တော့ပဲ အပျော်အပါးနဲ့ သာ အချိန်ကုန်နေတော့တယ်။  ဒီတော့ အချိန်ကြာလာတာနဲ့ အမျှ တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်က မင်းကောင်းမင်းမြတ်လို မကျင့်လေတော့ တိုင်းပြည်ဟာ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်စ ပြုလာတာပေါ့။ အဲဒီအချိန်မှာ ဘုရင်ကြီးရဲ့ သမီးတော်တစ်ပါးက

ဘုရင်ကြီးကို လျှောက်တင်သတဲ့။

“ ဖခမည်းတော်ဘုရား ဘာကြောင့် အရင်တုန်းကလို အလှူအတန်းများ၊ သီလ သမာဓိများကို မလုပ်တော့ပဲ နေပါသလဲဘုရား”

လို့ မေးတော့ ဘုရင်ကြီးဟာ အမတ်ကြီး အကြောင်းကို ပြန်ပြောပြသတဲ့။ ဒီဘဝ ကောင်းတာလုပ်လည်း နောင်ဘဝကောင်းတာမရနိုင်ဘူးပေါ့လေ။ ဒီတော့ မင်းသမီးလေးက ဘုရင်ကြီးကို

“ ဖခမည်းတော့ဘုရား အဲဒီအမတ်ကြီးဟာ အရင်ဘဝ တစ်ခုကိုပဲ မြင်ရတာပါဘုရား.. သမီးတော်ဟာ အရင်ဘဝ ခုနှစ်ဘဝကို ပြန်မြင်ရပါတယ်ဘုရား”

လျှောက်တော့ ဘုရင်ကြီးဟာ အလွန့်အလွန်ကို အံ့သြသွားသတဲ့။ အဲဒီမှာ မင်းသမီးလေးဟာ

“ သမီးတော်ဟာ ဟိုးခုနှစ်ဘဝမြောက်က ယောကျာ်းလေးတစ်ယောက်ဖြစ်ပါတယ်…သမီးတော် ယောကျ်ားလေးဖြစ်ခဲ့တဲ့ အဲဒီဘဝမှာ မိန်းကလေးတစ်ယောက်ကို အလိုမတူပဲ တစ်ခါစော်ကားခဲ့မိပါတယ် .. အဲဒီတစ်ခါအမှားကြောင့် နောက် ခြောက်ဘဝမြောက်ကနေစလို့ ယခု ဘုရင့်သမီးတော် မဖြစ်ခင် အရင်ဘဝအထိဟာ တိရိစ္ဆာန်ဘဝတွေကိုပဲရခဲ့ပါတယ်…အဲဒီရတဲ့ တိရိစ္ဆာန်ဘဝမှာလည်း ဘဝတိုင်း အထီးဘဝမရပဲ အမဘဝသာ ရခဲ့ပါတယ်ဘုရား…ယခု ဟိုးခုနစ်ဘဝအလွန်က ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုလေးတွေရှိလို့ လူ့ဘဝပြန်ရတော့လည်း သားတော်အနေနဲ့ မရပဲ သမီးတော်အဖြစ် အမဘဝသာ ရနေတုန်းပါပဲဘုရား.. ”

လို့လျှောက်တင်လေတော့ ဘုရင်ကြီးဟာ အမြင်မှန်ရပြီး ကံ ကံရဲ့ အကျိုးကို ယုံကြည်ကာ နောက်နေ့များမှစ၍ အလှူအတန်းများ၊ သီလ များကို ယခင်ကကဲ့သို့ပင် ပြန်လည် ပြုလုပ်လေတော့သည်။ ထိုအခါမှ တိုင်းပြည်သည် ပြန်လည်ကာ စည်ပင်ဝပြောလာလေ တော့သည်။

ထို့ကြောင့် ယခုဘဝတွင်လုပ်ခဲ့သော ကံများသည် နောင်ဘဝတွင် အကျိုးပေးသည်များ ရှိသကဲ့သို့ သုံးလေးငါးဘဝ ကျော်ပြီးမှလည်း အကျိုးပေးနိုင်လေသည်။

(ps) မိုးကုတ်ဆရာတော်ဘုရားကြီး၏ သားတပည့် ဓမ္မရံသီ မိုးကုတ်ဓမ္မရိပ်သာဆရာတော် ဦးသုနန္ဒဟောကြားသော တရားပွဲများတွင် နာခဲ့ရသော တရားတော်များထဲမှ ယခုချိန်ထိ ကျွန်တော်မှတ်မိနေသော တရားတစ်ပုဒ် ဖြစ်ပါသည်။

Wednesday, May 20, 2009

လူနှင့် သူပုန်စိတ်




`လူ´ ဟူ၍ မွေးဖွားလာကတည်းကပင်  ကိုယ်လုပ်ချင်သည်များ၊ ကိုယ်ဖြစ်ချင်သည်များကို မလုပ်ရသော အခါ မဖြစ်ရသောအခါမျိုးများတွင် ကြိုးပမ်းမှုတစ်ခုခုဖြင့် လုပ်ခွင့်ရရန် ဖြစ်ခွင့်ရရန် ကြိုးစားအားထုတ်လေ့ရှိကြသည်။ လူမှပင် မဟုတ်ပါ။ လောကရှိ သက်ရှိသတ္တဝါများအားလုံးသည် လွပ်လပ်မှုကို ခင်မင်ကြသည်။ နှစ်သက်ကြသည်။ လိုလားကြသည်။ မည်သည့် သတ္တဝါမှ ဖိနှိပ်မှု ၊ ချုပ်နှောင်မှုများကို မခံချင်ကြ။ ၄င်း အပြင် လူ
အပါအဝင် သတ္တများအားလုံး၏ စိတ်သည် မည်သည့် အခြေအနေတွင်မဆို အနိုင်ရလိုမှု ၊ ဗိုလ်ချချင်မှုနှင့် အထက်စီးမှာသာ နေချင်သူတွေက များသည်။ ထိုနေရာများသို့ ရောက်နေသော လူတော်တော်များများမှာလည်း ကြီးနိုင်ငယ်ညှင်း ဆိုသကဲ့သို့ စွမ်းအားကြီးသူ ရာထူးကြီးသူများက စွမ်းအားနည်းသူ ရာထူးနိမ့် သူများကို ညှင်းဆဲမှုများမှာ အတော်များများရှိကြသည်။ ထိုသို့သော အခြေအနေမျိုးများတွင် ဖိနှိပ်ခံရသူ၊  မလွတ်လပ်ဟု ခံစားရသူ တော်တော်များများ၏ စိတ်များတွင် ထိုအခြေအနေမျိုးများမှ လွတ်မြောက်အောင် ကြိုးစားချင်စိတ်များ ပေါ်ပေါက်လာသည်။ ၄င်းစိတ်သည်ကား လူများအားလုံး၏ သိစိတ်များ ၊ မသိစိတ်များတွင် ကိန်းအောင်း လျှက်ရှိသော သူပုန်စိတ်များပင် ဖြစ်မည်ဟု ထင်ပါသည်။

ကျွန််တော်တို့၏ မွေးကင်််းစ အရွယ်မှစတင်၍ ဆာလောင်မှုများကို မခံနိုင်သောအခါ ဖြစ်ချင်သော ဆန္ဒကို ငိုကြွေးမှုဖြင့် ပြခဲ့ကြသည်။ အနည်းငယ် သိတတ်စ အရွယ်သို့ ရောက်လာသောအခါတွင်လည်း လူကြီးမိဘများက ` ဒီလို မလုပ်နဲ့ ဒီလိုလုပ်ရင် ဒီလို ဖြစ်တတ်တယ်´ ဟု အကျိုးအကြောင်းချပြသော်လည်း စိတ်ထဲတွင် ကိန်းအောင်းနေသော သူပုန်စိတ်များက ထကြွကြသည်။ မလုပ်နဲ့ လို့ ပြောသောအရာများကို လုပ်ဖြစ်အောင် လုပ်တတ်ကြသည်။ ဖယောင်းတိုင်မီးကို  ကိုင်ရင် ပူတတ်တယ်လို့ ပြောပေမယ့်လည်း ကိုင်ကြည့်ချင်ကြသည်။ ကိုယ်လုပ်ခဲ့သည်များ မှားသည်မှန်သည်ကို ကိုယ်ကိုယ်တိုင် တွေ့ကြုံခံစားမိမှသာ ယုံကြည်ကြသည်။

ကျွန်တော်တို့ ငယ်ရွယ်စဉ်ကာလများတွင်လည်း ငယ်ရွယ်သော အသိဉာဏ်နှင့် ယှဉ်၍ အရာရာကို သူပုန်စိတ်နှင့် ပုန်ကန်လာခဲ့ကြသည်။ အသက်အရွယ် ရလာသောအခါတွင်လည်း ကြီးပြင်းလာသော ဉာဏ်နှင့်ယှဉ်၍ ပုန်ကန်ချင်စိတ်များ ဖြစ်ပေါ်ကြသည်။ ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သော သူပုန်စိတ်များ လူတိုင်းရှိကြလျှင် ကြီးရင့်လာသောအခါ စဉ်းစားဆင်ခြင် တတ်လာသောအခါ ရှိလာသော သူပုန်စိတ်များကို စဉ်းစားကြည့်ပါ။ မည်မျှကြီးမား နေမည်ဆိုသည်မှာ သံသယရှိရန်ပင် မလိုတော့ပေ။

သူပုန်များ ဆိုသည်မှာ မည်သူများကို ပြောပါသနည်း။ ကိုယ့်အဖွဲ့အစည်းနှင့် ဆန်ကျင် ကြသူများကို သူပုန်များဟု ကျွန်တော်တို့ ခေါ်ကြလျှင် အခြားဘက်မှလည်း  ကိုယ့်အဖွဲအစည်းကို သူပုန်များ ဟု၍သာ သတ်မှတ်ကြပေလိမ့်မည်။ ထိ်ုအခါတွင် အားလုံးကို ခြံုကြည့်လျှင် နှစ်ဦးနှစ်ဘက်လုံးမှာ သူပုန်များပင် ဖြစ်နေပေလိမ့်မည်။ ဖြစ်လည်း  ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားအားလုံး၏ စိတ်တွင် သူပုန်စိတ်များ ရှိနေသောကြောင့်ပင်ဖြစ်သည်။

ထိုကြောင့် လူတိုင်း၊ ခံစားမှုရှိသူတိုင်း၊ လွတ်လပ်မှုကို မြတ်နိုးတတ်သူတိုင်း ၊ မဟုတ်မခံ စိတ်ရှိသူတိုင်း၊ အသိဉာဏ်ရှိသူတိုင်းတွင် သူပုန်စိတ်များရှိကြသည်။ ကျွန်တော်တွင် လည်း သူပုန်စိတ်ရှိသည်။ ကျွန်တော် အဖေတွင်လည်း သူပုန်စိတ်ရှိသည်။ ကျွန်တောအစ်ကိုတွင်လည်း သူပုန်စိတ်ရှိသည်။ ကျွန်တော့ညီတွင်လည်း သူပုန်စိတ်ရှိမည်။  ခင်ဗျားတို့ တွင်လည်း မသိစိတ်တွင် ဖြစ်စေ သိစိတ်တွင်ဖြစ်စေ သူပုန်စိတ်ရှိနေလိမ့်မည်။  ပုန်ကန်သင့်သော အချိန်၊ အလိုမကျသောအချိန်တွင် ပုန်ကန်ကြလိမ့်မည်။ အောင်မြင်သည် မအောင်မြင်သည် ဖြစ်စေ လူတိုင်းတွင်ရှိသော ပုန်ကန်စိတ်များကြောင့် ပုန်ကန်မှုများသည် အစဉ်ရှိနေပေလိမ့်မည်။ ထို့ကြောင့် လူတိုင်းတွင် သူပုန်စိတ်ရှိသည်။ သူပုန်စိတ်သည် လူတိုင်းတွင်ရှိသည်။


အချစ်မဲ့ ဂစ်တာ
May 20, 2009

မိုးဦးလေပြေ အက်ဆေးများ စာအုပ်တွင် ဖော်ပြခွင့်ရဖော်ပြခွင့်ရခဲ့သော စာတစ်စု


Saturday, April 18, 2009

မြင့်မိုရ်ထက်မြင့်သော (အစားထိုးမရနိုင်သော)





သားမိုက်တစ်ယောက်။ အမေ့ရဲ့ အဝေးမှာ အမေ့အတွက်ကြိုးစားနေသော သားမိုက်။ ဒီသားမိုက်ကို အလွန်ချစ်သော အမေ။ သားကို အတွေ့မှာ ဝေဒနာ ခံစားနေရပေမယ့် အရည်လဲ့နေသော အပြုံးနဲ့ ဆီးကြိုနေသော အမေ။ အမေရေ……ဆံဖြူတွေကြားမှာ ဆံပင်အနက်ရောင် အနည်းငယ်သာ ရှိတော့တဲ့ အမေ့ရဲ့ ဆံပင်တွေကို သား ဖြီးပေးခဲ့တုန်းက အမေ့မျက်ရည်တွေကို သားတွေ့တယ် အမေ။ သားကိုလည်း စကားတွေအများကြီး အများကြီးကို ပြောခဲ့သေးတဲ့ အမေ။ သားတို့ အိပ်ရေးပျက်မှာစိုးရိမ်လို့ အမေဝေဒနာတွေ ကြားထဲကနေ အိပ်လို့မပျော်တာကို ကြိတ်မှိတ်ပြီး အိပ်ချင်ယောင်ဆောင် အိပ်ခဲ့တဲ့ အမေ။ အပူဆို ဘာမှစားလို့မရလို့ သားတိုက်တဲ့  ဆန်ပြုတ်အေးအေးလေးတွေကို နှစ်ခြုက်စွာနဲ့ စားခဲ့တဲ့ အမေ။ နွားနို့မကြိုက်ပေမယ့်လည်း အားရှိအောင်ဆိုပြီး  သားကတိုက်တော့လည်း အမေအပြုံးမပျက်နဲ့ မနှစ်မြို့ဟန်လည်း မပြခဲ့ဖူးတဲ့ အမေ။

ဆရာဝန်တွေက ရေမတိုက်နဲ့လို့ ပြောထားတဲ့ကြားက ` သားရယ်…အမေ ရေမသောက်ပါဘူး…ဒါပေမယ့် အာခေါင်တွေ နှုတ်ခမ်းတွေ ခြောက်နေလို့ အာစွတ်ရုံလောက်ပဲ တစ်စက် နှစ်စက်လောက်တော့ တိုက်ပါသားရယ် ´ ဆိုတော့လည်း သားဘယ်နေနိုင်ပါ့မလဲအမေရယ်။ ဝမ်းနည်းရပါတယ်အမေရယ်။ နောက်ပိုင်း အမေ ဝေဒနာတွေကြားက ` သားရယ်.. အမေ့ကို ရေနည်းနည်းလောက် ကျွေးပါဦး…. အမေ သားကျွေးတဲ့ ရေကို အမေ မစားပါဘူးသားရယ်…´ ဆိုပြီး သားရင်ထဲမှာ ဆို့နင့်စွာနဲ့ ရေနည်းနည်းတိုက်ပြန်တော့ နုတ်ခမ်းလေးကို ရှာလေးနဲ့သပ်ပြီး ` ဒီမှာနော်.. သား.. အမေ သားတိုက်တဲ့ ရေကို  မစားဘူးနော်´ဆိုတော့ သားဘယ်လို နေနိုင်မှာလဲ အမေရယ်။

`ဘယ်နှစ်နာရီ ရှိပြီလဲ…ဘယ်နှစ်နာရီ ရှိပြီလဲ ´ ဆိုပြီး ခဏခဏ မေးတတ်တဲ့ အမေ။ `လေးနာရီ ရှိပြီ အမေရေ ... ´

လို့ သား ပြောလိုက်ရတာ နောက်ဆုံးပဲ ဆိုတာ သားမသိခဲ့ဖူးလေ။  အမေ့ သက်တမ်းတလျှောက်လုံး အမေပြုလုပ် အားထုတ်လာတဲ့ တရားတွေနဲ့ နောက်ဆုံး အချိန်ထိ မလွတ်တမ်း အားထုတ်နေတဲ့ အမေ။ အရင်က နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း မနက် လေးနာရီကစလို့ အိမ်ရှေ့မှာ ဆွမ်းခံကြွတဲ့ သံဃာတော် တွေအကုန်လုံးကို ကြာဇံအိုးအကြီးကြီးနဲ့ ကြာဇံ ချက်လောင်းခဲ့တဲ့ အမေ…ဒီနှစ်ဆန်းတစ်ရက်နေ့ မနက် လေးနာရီမှာတော့….။

အမေရေ……။ အမေလို့ သားခေါ်လိုက်ရတာ အားတောင်မရသေးဘူး အမေရယ်….။



အမေ။ သားချစ်တဲ့ အမေ ကောင်းရာသုဂတိလားပါစေ…………။

Tuesday, March 3, 2009

အချစ်မဲ့သူရဲ့ တချိန်က




ကန်ရေပြင်ဟာ မီးရောင်စုံတွေအောက်မှာ တောက်ပစွာ အရောင်လက်နေသည်။ ရေပွက်ကလေးတစ်ပွက် ပွက်လိုက်တိုင်း လှုပ်ရှားသွားသော ရေထဲမှ မီးရောင် လေးများဟာ အရောင်အဆင်းလှပစွာ လှုပ်ရှားလျှက်ရှိသည်။ ပူလောင်အိုက်စပ်လှသော ဒီလိုရာသီမှာ ရေပြင်ကို ဖြတ်တိုက်လာသော လေနုအေးလေးက   သူ့ရင်ကို တိတ်တဆိတ် လာရောက်ရိုက်ခတ်နေသည်။ အိပ်တန်းပြန်ငှက်ကလေးများဟာ သူ့ကို ကြည့်ပြီး လှောင်ပြုံးပြံုးကာ ကြည့်သွားတယ်လို့ သူထင်နေမိသည်။ သူ့ကတော့ ကန်ရေပြင်ကို ကြည့်ရင်း လှုပ်ရှားနေသောစိတ်အစုံရဲ့ ကာရံတစ်ခုကို ရှာဖွေနေမိသည်။ ဒီကြားထဲတွင်မှ လေထဲတွင် ပျံ့လွင့်နေသော သီချင်းသံက သူ့ကို အတိတ်ဆီသို့ တွန်းပို့လျှက်ရှိသည်။

လေးဖြူရဲ့ စာမျက်နှာ တစ်ဆယ့်ငါး။ မတွေ့ရတာ အတော်ကြာပြီဖြစ်သော သူ့မျက်နှာလေးဟာ ကန်ရေပြင်တွင် ပေါ်လိုက် ပျောက်လိုက် ။ ယခုကဲ့သို့သော ခံစားချက်မျိုးကို သူမခံစားရတာ၊ သူမေ့မေ့ပျောက်ပျောက် နေနေတာတောင် အတော်ကြာရောပေါ့..။

အချိန်က ငယ်သူငယ်ချင်းသုံးယောက် ပြန်ဆုံကြချိန်။ ထိုသုံးယောက်မှာလည်း မတွေ့ကြသည်မှာ နှစ်အတော်ကြာခဲ့ပြီလေ။ ငယ်သူငယ်ချင်းတွေ ပြန်ဆုံကြတော့ ငယ်ဘဝရဲ့ ခံစားမှုတွေဟာ ပြန်လည်ရောက်ရှိလာခဲ့သည်။ ယခု သူ့ဘေးက သူငယ်ချင်းနှစ်ယောက်နှင့် ဖုန်းပြောနေသော သူမ။  ဖုန်းထဲမှ သူမအသံကို သူကောင်းစွာ မှတ်မိနေသည်။ ဟိုးအရင်ကတည်းက သူအရမ်းကို ကြားချင်ခဲ့သော အသံလေး။ ချိုလွင်လှသော သူမအသံကို ယခုအချိန် ပြန်လည်ကြားယောင် မိသောအခါ အဟောင်းတွေ အသစ်ပြန်ဖြစ်လာခဲ့သည်။

လွန်ခဲ့သောဆယ်နှစ်ကပေါ့…။ သူဟာ ယခုကဲ့သို့ မဟုတ်။ သူဟာ အချစ်မှာ ရူးခဲ့ဖူးသလို အချစ်မှာ ယစ်မူးခဲ့ဖူးသည်။ အချစ်ဟာ သူ့အတွက် ဘဝတစ်ခုဖြစ်ခဲ့သည်။ စာသင်ခန်းထဲတွင် အရှေ့ဆုံးခုံရဲ့ ဘေးဆုံးမှာ ထိုင်အမြဲသော သူမရဲ့ ကျောပြင်ကို ငေးစိုက်ကြည့်ရင်း သူမရဲ့ ပုံတူတွေ များစွာဟာ သူ့ဗလာစာအုပ်တွေမှာ နေရာယူ ခဲ့ဖူးသည်။ သူမနဲ့ နီးစပ်နိုင်ဖို့ သူပေးဆပ်ခဲ့သည်မှာလည်း ဒိုင်ယာရီ နှစ်အုပ်ကုန်သည်အထိ နှစ်တွေကြာခဲ့သည်။  အသည်းပုံ ချိုချဉ်လေးများဟာလည်း တစ်ရက်ကို နှစ်လုံး သူမဆီသို့ ပုံမှန်ရောက်အောင် ပို့ခဲ့ဖူးသည်။ သူမ မကျေနပ်တဲ့ အချိန်မှန်သမျှ သူခေါင်းငုံ့ကာ သူမစိတ်တိုင်းကျနေပေးခဲ့ဖူးသည်။ တစ်ရက်နှင့် တစ်ရက် သူမရဲ့ မျက်ဝန်းနှင့် ဆုံဖို့အရေး နည်းလမ်းများစွာဖြင့် ကြိုးစားခဲ့ဖူးသည်။ သူမ မျက်ရည်တစ်စက်ကျတဲ့ အချိန်မှာ နံရံတစ်ခုဟာ သူ့လက်သီးတွေကြောင့် ဓါးစာခံဖြစ်ခဲ့ဖူးသည်။ သူမ နားဆင်နိုင်ဖို့အတွက် ရှိစုမဲ့စု ပိုက်ဆံလေးနှင့် ဂစ်တာသမားတစ်ယောက်ကို ဘီယာနှစ်လုံးတိုက်ကာ သူမအိမ်ရှေ့မှာ ညတွေ ဖြတ်သန်းခဲ့ဖူးသည်။ သူမသည်  သူ့ကို အတော်ပင်ဖမ်းစားနိုင်လွန်းခဲ့သည်။ တစ်ရက်နဲ့ တစ်ရက် သူမအပြုံးတွေကို စားသုံးကာ ယစ်မူးခဲ့ရဖူးသည်။ သူမနဲ့ ပတ်သက်ပြီး အနာဂတ်တွေ များစွာကို အိပ်မက်များစွာ မက်ခဲ့ဖူးသည်။

အခုချိန်မှာတော့ သူ့သူငယ်ချင်းနှစ်ယောက် သူမကို ဖုန်းဆက်နေချိန်မှာတောင် သူမဟာ သူနှင့် မဆိုင်ခဲ့သလို။ ဒါပေမယ့် သူ့ရင်ထဲမှာတော့ စာမျက်နှာ တစ်ဆယ့်ငါး ဆိုတဲ့ သီချင်းလေးကို ဆိုငြီးနေမိသည်။ သူမဟာ သူ့ဘဝအတွက်တော့ ပထမဆုံးရည်းစားဦးဖြစ်ခဲ့လို ယခုအချိန်ထိလည်း နောက်ဆုံး ဖြစ်နေဆဲ။ ရှေ့ဆက်ပြီး သူမဟာ  ဘယ်အချိန်ထိတိုင်အောင် သူ့အတွက်နောက်ဆုံး ဖြစ်နေဦးမလဲဆိုတာတော့ သူလည်း မသိတော့…။

ယခုတော့ သူဟာ ဂစ်တာတစ်လက်ကို ကိုင်ကာ အချစ်မဲ့စွာ လမ်းများစွာကို တစ်ကိုယ်ထဲ ဖြတ်သန်းလျှက်ရှိသည်။

#အချစ်မဲ့ဂစ်တာ

P.S  ညီမတော် ပန်းခင်းလေး tag တဲ့ အချစ်အကြောင်းကို ပြန်လည်တူးဆွ မိသလောက် ရေးမိပါသည်။ ညီမတော်ရေ.. ဒီလောက်ဆို ကျေနပ်တော့နော်…။

Tuesday, February 24, 2009

ဆောင်းတွင်း အိပ်မက်



စူးရှလွန်းလှသော အသံကြောင့် ကျွန်တော် လန့်နိုးလာခဲ့တယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လေယာဉ်တစ်စင်းပေါ်ရောက်နေခြင်းပါ။ ဘေးမှာက တရုတ်မလေးတစ်ယောက်။ ကျွန်တော်က ဒီလေယာဉ်က ဘယ်ကိုသွားမှာလဲလို့ တရုတ်လိုမေးလိုက်တော့ သူက အမေရိကားကို သွားနေတာလို့ ရုရှလိုပြန်ပြောနေတယ်။ အဲဒီအချိန်မှာ မုန့်စိမ်းပေါင်းတစ်ထုပ်နဲ့ မကျည်းဖျော်ရည်တစ်ခွက် ကျွန်တော့်ရှေ့ကို လာချတာတွေ့လို့ ကြည့်လိုက်တော့ J-Lo ဖြစ်နေတယ်။ သူက လိုတာရှိရင် မှာပါလို့ မြန်မာလို့လည်း ပြောလိုက်သေးတယ်။ ကျွန်တော်လည်း စားမလို့ ဇွန်းနဲ့ ခရင်းကို ကိုင်ကာရှိသေးတယ် လေယာဉ်က သင်္ဘောဆိပ်ကမ်းကို လာကပ်တယ်။

လေယာဉ်ပေါ်က ဆင်းတော့ အမေရိကားလေဆိပ်မှာ ဆာရီခြုံထားတဲ့ ကုလားမလေးတွေ အများကြီး လာကြိုနေတယ်။ ကျွန်တော်လည်း ကော်ဇောနီကြီးပေါ်မှာ ဖြတ်လျှောက်ရင်း အားလုံးကို လက်ပြနှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ လေဆိပ်က ထွက်တော့ ကားမှတ်တိုင်မှာ ဘတ်စ်ကားတစ်စီးကို အဆင်သင့်တွေ့တာနဲ့ အမြန်ပြေးတက်ပြီး လိုက်သွားတယ်။ ကျပ်လိုက်တဲ့ကားဗျာ..။ ခြေချစရာတောင် နေရာမရှိဘူး။ သွားနေတဲ့ လမ်းကလည်း ဆိုးမှဆိုး ။ မုန့်လင်မယားအိုးက အဘားအဘား ခေါ်လောက်တယ်။ စပယ်ယာကလည်း ဆိုးလိုက်တဲ့ အပေါက်။ ကားပေါ်က လှမ်းကြည့်တော့ ပီဇာဆိုင် တစ်ဆိုင်ကိုတွေ့တာနဲ့ ကားပေါ်ကနေ အတင်းတိုးဆင်းမိတယ်။ ဗိုက်ကလည်း ဆာလာသလိုလိုဆိုတော့လေ။ ကားပေါ်ကဆင်းပြီးတော့ ဒီလောက်ကျပ်တဲ့ကား ဘာကားပါလိမ့်လို့ သိချင်တာနဲ့ ကားကို တစ်ချက်ကြည့်လိုက်တယ်။ မထသ ၃၉ ။ ကျွန်တော် စိတ်ဓါတ်ကျသွားတယ်။ မြန်မာနိုင်ငံမှာဆို ဒီလိုမဟုတ်။

လမ်းလျှောက်ပြီး ပီဇာဆိုင်ထဲဝင်လိုက်တော့ ဆိုင်ထဲမှာ လူတစ်ယောက်မှ မရှိ။ ဆိုင်ရှင်က ငြီးငြူနေတယ်။ ဆိုင်ရောင်းရတာ အလုပ်မဖြစ်ကြောင်း။ ဘာအခွန် ညာအခွန် နဲ့ လာလာကောက်တာတွေ များနေကြောင်း။ အရင်တုန်းက အမေရိကားနဲ့ မတူကြောင်း။ သူ့သားနှစ်ယောက်ကိုတောင် ခု အရမ်းတိုးတက်လာတဲ့ မြန်မာနိုင်ငံကို လွတ်ဖို့ စဉ်းစားနေကြောင်း။ ခုနောက်ပိုင်း မြန်မာနိုင်ငံကို သွားဖို့ မလွယ်ကြောင်း။ အေးဂျင့်တွေကလည်း စိတ်မချရကြောင်း။ အမေရိကားမှာ ရတဲ့ ၀င်ငွေနဲ့ မိသားစု စားလို့မလောက်ကြောင်း။ ခုနောက်ပိုင်း အမေရိကက လူငယ်တော်တော်များများလည်း မြန်မာနိုင်ငံကို အထွက်များကြောင်း အများကြီးပြောပြနေတယ်။ ကျွန်တော်လည်း သူပြောတာကို အီကြာကွေးနဲ့ လက်ဖက်ရည်ကျဆိမ့် တစ်ခွက်သောက်ရင်း နားထောင်နေလိုက်တယ်။

ပီဇာဆိုင်က ပြန်ထွက်လာတော့ လမ်းမှာ ဘုန်းကြီးတွေ အများကြီးကို တွေ့ရတယ်။ ကျွန်တော်ဘက်ကို ပြေးလာနေကြတယ်။ အနောက်မှာ နေတိုးတပ်ဖွဲ့တွေက အတင်း လိုက်နေကြတယ်။ ကျွန်တော်လည်း ဘာမှန်းမသိပဲ မေတ္တာသုတ်ကို ရွတ်နေမိတုန်း စစ်သားတစ်ယောက်က ကျွန်တော့်ကိုဂုတ်ကနေ လာဆွဲခေါ်သွားတယ်။ နောက် ကျွန်တော်ကို အိုဘားမားနဲ့ တွေ့ခိုင်းတယ်။ အိုဘားမားက မာမူသတင်းထောက်ကြီးကို လမ်းမလည်ကောင်မှာ သေနတ်နဲ့ ပစ်တာ ကျွန်တော်ပါလို့ စွပ်စွဲတယ်။ ကျွန်တော်လည်း ရပ်ကွက်ကပေးတဲ့ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကို ပြလိုက်တော့ ပြန်လွတ်ပေးလိုက်တယ်။ ဆက်သွားရင်းနဲ့ ဟိုတယ်တစ်ခုရှေ့ရောက်တော့ အနားယူချင်စိတ် ဖြစ်လာတာနဲ့ ဟိုတယ်ပေါ်ကိုတက်တော့ မီးက ပြတ်သွားတယ်။ ဟိုတယ်က ကုလားလေးတွေကို မေးကြည့်တော့ အမေရိကားမှာ ခု မီးက အလှည့်ကျလာနေတယ်လို့ပြောတယ် ဒီနေ့က မီးပြတ်ရက်တဲ့။ စိတ်ကုန်လိုက်တာဗျာ..။

ကျွန်တော်လည်း အမေရိကားမှာ ဒီလောက်ဆိုးရွားနေတာ မနေချင်တော့တာနဲ့ မြန်မာနိုင်ငံကို ပြန်ဖို့ ပတ်စပို့သွားလုပ်တယ်။ တိုးလိုက်ရတာဗျာ။ စောင့်ရတာလည်း ပြောမနေနဲ့တော့။ ဒါနဲ့ စိတ်ပြေလက်ပျောက်ဆိုပြီး IC ရှိုးသွားကြည့်တယ်။ စင်ပေါ်မှာ ဆိုနေသူက ပိုးအိစံ ။ သူက `အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ ´လို့ ဆိုနေတုန်းမှာပဲ မျိုးကြီးက စင်ပေါ်တက်လာပြီး `ရယူခြင်းမဟုတ်ရင် အချစ်က ဘာလဲ´ ဆိုပြီး တက်ဆိုပြီးတော့ ထချကြတာ နောက်ဆုံးတော့ ဒွေးသေသွားခဲ့တယ်။ ဒါနဲ့ ကျွန်တော်လည်း ပတ်စပို့ရုံးကို ပြန်သွားပြီး တာဝန်ရှိသူတွေကို စာအိတ်လေးပေးလိုက်တာ ပတ်စပို့တန်းရတာပဲ။ ပြန်ရတော့မယ်ဆိုတော့ အွန်စောလေးကို သွားနှုတ်ဆက်တော့ ဖက်ဖက်ပြီး ငိုလိုက်တာကို ပြောမနေနဲ့တော့။ ကျွန်တော်လည်း နှစ်သိမ့်ရင်း ပုခုံးလေးကို ကိုင်ပြီး ပါးလေးကို နှုတ်ခမ်းလေးနဲ့ ကပ်လိုက်တုန်း….

ဒုံး……

ကျွန်တော် လန့်နိုးသွားတယ်။ ကြောင်က ဗီဒိုပေါ်ကနေ ခုန်ချလိုက်ခြင်းပင်။ ဆောင်းတွင်းအိပ်မက် ကယောက်ကယက်ဆိုတဲ့ အတိုင်းပဲ။ ဘာတွေ မက်နေမှန်းလဲမသိ။ အစီအစဉ်လည်း မကျ။ အိမ်ကကြောင်ကိုတော့ တော်တော် စိတ်ဆိုးသွားခဲ့တယ်ဗျ…။ ဘယ့်နှယ် … ကောင်းခန်းရောက်မှဗျာ။

အချစ်မဲ့ဂစ်တာ

2009

Monday, February 23, 2009

ဘဝဆိုတာ ...




လူတစ်ယောက် ကျွန်တော့ရှေ့တည့်တည့်မှ လမ်းလျှောက်လာနေသည်။ သူသည် အသက်အရွယ်ကြီးရင့်နေပြီး ချိုင်းထောက်တစ်ခုကို အားပြုကာ တရွေ့ရွေ့နှင့်လျှောက်နေခြင်းဖြစ်သည်။ တဖြည်းဖြည်း နီးလာတော့မှ ကျွန်တော်သူ့ကို မှတ်မိလိုက်သည်။ သူ့နာမည်မှာ ဦးရေခဲ။ နာမည်နဲ့ လိုက်အောင်လည်း သူသည် လူရိုး လူအေးတစ်ယောက်ဖြစ်သည်။  သူ့အသားအရေများမှာ နေလောင်ထားသောကြောင့် ညိုမောင်းနေပြီး ပါးစပ်လည်း အနည်းငယ်ရွဲ့နေသေးသည်။ မကြာခင်ကမှ လေဖြတ်ထားမှန်း သိသာလှသည်။ ယခုမှ  လမ်းပြန်လျှောက်နိုင်ခြင်း ဖြစ်နိုင်သည်။ ကျွန်တော်က သူ့ကိုစတင်နုတ်ဆက်လိုက်သည်။

“ ဟာ ဦးရေခဲပါလား ၊ ဘယ်တွေပျောက်နေလဲဗျ ”

ကျွန်တော် သူနှင့် နောက်ဆုံးတွေ့လိုက်သည်မှာ လွန်ခဲ့သော တစ်နှစ်ကဖြစ်သည်။ ယခုပြန်တွေ့သောအခါ သူသည် လွန်စွာမှ အိုစာသွားသည်ဟု ထင်မိသည်။ သူ့မျက်လုံး များသည်လည်း အရောင်အတော်ပင် မှေးမိန်လျှက်ရှိသည်။ တကယ်တော့ သူသည် ကျွန်တော်တို့ စျေးထဲတွင် ကုန်ထမ်းသမားတစ်ယောက်ပင်ဖြစ်ပါသည်။ သူက ကျွန်တော့်ကိုမြင်သောအခါ ဝမ်းသာအားရနှင့် ပြုံးပြရင်း

“ အော်.. ကိုမောင်ပါလား.. မင်းကိုလည်း မတွေ့ရတာကြာပြီ၊ ငါလည်း နေမကောင်းဖြစ်နေတာနဲ့ အလုပ်မလုပ်နိုင်တာကြာပေါ့။  ခုမှ ပြန်သက်သာလာတာနဲ့ အလုပ်လိုက်ရှာ နေတာကွ ”
သူ အလုပ်လိုက်ရှာနေသည်တဲ့။ သူ့တွင် သားသမီး (၅) ယောက်ရှိသည်ကို ကျွန်တော်သိပါသည်။ သူ့မိန်းမမှာတော့ ဆုံးပါးသွားသည်မှာလည်း အတော်ကြာနေလေပြီ။ထိုသားသမီး
(၅) ယောက်စလုံးကိုလည်း သူ ကုန်ထမ်းကာ ကျွေးမွေးခဲ့သည်။  ယခုသူ့သားသမီးများမှာ အရွယ်ရောက်နေကြပြီ။ ဒါကိုပင် ယခုသူက အလုပ်ရှာနေသည် ဆိုတော့

“ ခင်ဗျားသားသမီးကရောဗျ.. ဘာလို့ ခင်ဗျားက အလုပ်လုပ်နေဦးမှာတုန်း.. ခင်ဗျားသားသမီးတွေ ကျွေးတာနဲ့ အေးအေးဆေးဆေး အနားယူတော့လေဗျာ..”

သူ့သားသမီး လို့ကျွန်တော်ဆိုလိုက်သောအခါ သူ့မျက်လုံးများ ရုတ်တရက် အရောင်လက်သွားသည်။

“ငါ့သားသမီးတွေထဲက ၃ ယောက်က နိုင်ငံခြားရောက်ကုန်ပြီကွ.. ကျန်တဲ့ နှစ်ယောက်ကတော့ ဒီမှာရှိတယ်။ သူတို့လည်း သူတို့အပူနဲ့ သူတို့ဟ .. ငါ့ဆီလည်း မလာတာကြာပေါ့”

သူ ဒီလိုပြောရင်းဖြင့် သူ့မျက်လုံးများမှာ အရင်ထက်ပင် ပြန်လည်မှေးမိန်သွားခဲ့သည်။ အော်.. (၃)ယောက်က နိုင်ငံခြားမှာတဲ့လား။  သူ့အဖေဒီလိုဖြစ်နေတာကို သိကြရဲ့လားမသိ။ ဒီမှာရှိသော (၂) ယောက်ကရော ဘာတွေလုပ်နေကြသနည်း။ သူတို့တွေ လူလားမြောက်တဲ့အထိ ကုန်ထမ်းကာ ကျွေးမွေးခဲ့သော ကိုယ့်ကျေးဇူးရှင်မွေးသဖခင်ကို သူတို့ ဒီအတိုင်းပစ်ထားကြတာလား။ ဒါဟာ ဘယ်လိုပဲပြောပြော မဖြစ်သင့်ဘူးဟု ကျွန်တော် ထင်မိသည်။ ဒီလိုမိဘကို ပြန်မကြည့်ကြသော သားသမီးများလည်း ဒီလောကတွင် ဘယ်လောက်များရှိနေမလဲ။ သူကတော့ သူ့သားသမီးတွေကို အပြစ်မမြင်၊ သူ့ဝမ်းစာအတွက် သူ့ဖာသာပင် ကျန်းမာရေးမကောင်းသည့်ကြားမှ ဖြစ်သလိုရုန်းကန်နေသည်။ ဟိုးအတိတ်က သူ၏ သားသမီးများကို သူပြုစုပျိုးထောင်ခဲ့သမျှသည် အတိတ်မှာပင် ကျန်ခဲ့ပြီး သူ့အနာဂတ်ကို သူတစ်ယောက်ထဲသာ ဆက်လက်ဖန်တီးနေရရှာသည်။

“ အေးကွာ မင်းကိုတွေ့ရတာ ဝမ်းသာတယ်…ငါလည်း အလုပ်လိုက်ရှာရဦးမယ်ဟေ့.. အသက်ကြီးပေးမယ့် ငါအလုပ်လုပ်နိုင်ပါသေးတယ်ကွ ”

ပြောပြောဆိုဆိုနှင့်ပင် ကျွန်တော့်ပုခုံးကို တစ်ချက်ကိုင်ပြီး သူ့ချိုင်းထောက်လေးကို အားပြုကာ ဆက်လက်ထွက်ခွာသွားလေသည်။ ကျွန်တော့်မှာတော့ သူ့ကျောပြင်ကို  အတွေးပေါင်းများစွာနှင့် စိုက်ကြည့်နေမိရင်း မြင်ကွင်းမှ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

Monday, February 16, 2009

အချစ်လား




အချစ်လား
ခြင်္သေ့ပုံ စက္ကူတွေ နောက်မှာ
ခွက်ချင်းတိုက်နေတယ်
အချစ်လား
သံယောဇဉ်နဲ့ ကိုယ်ကျင့်တရားကြားမှာ
ကြိုးတန်းလျှောက်နေတယ်
အချစ်လား
ဆက်သွယ်မှု ဧရိယာပြင်ပမှာ
ကခုန်နေတယ်
အချစ်လား
နေရောင်ကို မမြင်တော့ပဲ
လရောင်နဲ့သာ ပျော်မြူးနေတယ်
အချစ်လား
လှိုင်းထနေတဲ့ ကန်ရေပြင်မှာ
မြုပ်တလှည့် ပေါ်တလှည့် ကြည့်နေတယ်
အချစ်လား
သူ့တန်ဖိုးတွေ သုညအမှတ်အောက်မှာ
လိုလိုလားလား ပျော်ဝင်နေတယ်
အချစ်လားး………။
အချစ်လားး………။

အချစ်လား………။

အချစ်မဲ့ဂစ်တာ
၁၆-၀၂-၂၀၀၉

Thursday, February 5, 2009

ဖေဖော်ဝါရီ တစ်ဆယ်သုံးမှာ



` ဦးရေ… ဗယ်လင်တိုင်း နေ့မှာ ဘာလုပ်မလဲဗျ ´
 ကျွန်တော့်တူ ရှစ်တန်းကျောင်းသားလေး က ကျွန်တော်ကို မေးလိုက်ခြင်းပါ။ ဒါနဲ့ ကျွန်တော်ကလည်း သူ့ကို ရုတ်တရက် ပြန်ပြီး
` နေပါဦးဟ အဲဒီနေ့က ဘယ်နေ့တုန်း ´ လို့ မသိချင်ဟန်ဆောင်ပြီး ပြန်မေးလိုက်ပါတယ်..။ ` အာဗျာ.. ဦးကလည်း သိရက်နဲ့ သားကို ပြန်မေးနေတယ်.. ဖေဖော်ဝါရီ (၁၄ ) ရက်နေ့လေဗျာ ´ လို့ မကြည်သလို ကြည့်ပြီး ပြန်ပြောပါတယ်။
ကျွန်တော်ကလည်း ပြန်ပြီး`ဒါနဲ့ ဖေဖော်ဝါရီ (၁၃) ရက်နေ့ကရောကွ ဘာနေ့လဲ သိလား ´ ဆိုတော့ သူက တစ်ချက်စဉ်းစားးတယ်ဗျ.. နောက် လက်ချိုးကြည့်ပြီး
`ဖေဖော်ဝါရီ (၁၃) ရက်က သောကြာနေ့လေဗျာ.. ဘာလို့လဲ ပုံမှန်ရက်တစ်ရက်ပဲ မဟုတ်လား ´ တဲ့……။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိလာပြီး ခေါင်းကို တစ်ချက် ထုလိုက်ပါတယ်…။
` တယ် ငါထုလိုက်ရ.. ဘယ်က သောကြာနေ့လဲ ဘယ်က ပုံမှန်ရက်တစ်ရက်လဲ .. ငါတို့ နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကွ ´
ဆိုမှ`
အော်.. မှတ်မိပြီဗျ…. ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာထဲမှာ ပါတာပဲ….. မေ့တောင်နေပြီ .. ကျွန်တော်က ဖေဖော်ဝါရီ ဆိုရင် ဗယ်လင်တိုင်းနေ့ ရှိတာပဲ သတိရတာဗျ…ဗိုလ်ချုပ်မွေးနေ့ဆိုတာတောင် သတိမထားမိပါဘူး… ´ တဲ့ဗျာ……….။
—————————————————-
ကဲဗျာ… ဘယ့်နှယ်လုပ်ကြရပါ့.. ကလေးတွေတောင် ဗိုလ်ချုုပ်မွေးနေ့ကို သတိမရကြတော့ဘူးတဲ့..။ ထားလိုက်ပါတော့ ကလေးတွေက ငယ်သေးလို့ သတိမရတာ။ လူကြီးတွေ ကရော.. သတိရကြပါရဲ့လား။ ဗယ်လင်တိုင်းဒေးကိုတော့ သတိရပြီး ဗိုလ်ချုပ်မွေးနေ့ကို သတိမရကြတဲ့ လူကြီးတွေရော ဘယ်လောက်များနေပါသလဲ။ စဉ်းစားမိရင် စိတ်မကောင်း အတော်ဖြစ်မိတယ်ဗျာ..။

ခုနောက်ပိုင်းတွေမှာ ကလေးတွေဟာ ဗိုလ်ချုပ်ကို သိပ်မသိတော့တာလဲ အပြစ်လို့ ဆိုလို့မရဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတွေမှာ နိုင်ငံတော် အလံကို အလေးပြုရင် အရှေ့ကနေ ` ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား …… အလေးပြု ´ လို့ ဆိုခဲ့ကြပေမယ့် ခုနောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ မပါတော့ပဲ `ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်း များအား … အလေးပြု ´ ဆိုတာပဲ ကြားနေရတာတွေ၊ နောက် ကျောင်းတွေ ရုံးတွေမှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို နိုင်ငံတော် အလံရဲ့ အောက်မှာချိတ်ထားတာတွေဟာ ခုဆိုရင် မတွေ့ရတော့ပါဘူး..။ ဒါတွေဟာ နောင်တက်လာမယ့် ကလေးတွေကို ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို မသိတော့အောင် ဖြစ်စေတယ်လို့ ထင်ပါတယ်။

နောက်တစ်ခုကတော့ မီဒီယာပိုင်းအနေနဲ့ ဆိုရင် ဖေဖော်ဝါရီလအတွက် ထွက်လာတဲ့ မဂ္ဂဇင်းတွေ အတော်များများမှာ ဗယ်လင်တိုင်းဒေးကိုပဲ အလေးထားဖော်ပြကြတာတွေကိုသာ တွေ့ရပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့လ အဖြစ် သိပ်မတွေ့ရတာကရော လူကြီးတွေ မေ့လျှော့နေကြခြင်းလား…။ အမေ့ခံနေကြခြင်းလား။ မေ့အောင် လုပ်နေကြခြင်းလား..။

ယခုနှစ် ဖေဖော်ဝါရီ တစ်ဆယ်သုံးရက်နေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၄) နှစ်ပြည့်မွေးနေ့ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ..။ ကျွန်တော်တို့ အားလုံး.. မြန်မာနိုင်သားအားလုံးရဲ့ ရင်ထဲမှာ ဖေဖော်ဝါရီလဆိုတာ ဗင်လင်တိုင်းဒေးထက် ဗိုလ်ချုပ်မွေးနေ့ ဆိုတာကိုရှိသင့်တယ်လို့ ထင်မိပါတယ်။

ကျွန်တော်တို့ အားလုံးရဲ့ နှလုံးသားတွေထဲမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ကဗျာလေး တစ်ပုဒ်ကို ကိုယ်စီငြီးရင်းနဲ့ ….
ဗိုလ်ချုပ်ရဲ့ မွေးနေ့ဆီသို့..
 


ဖေဖော်ဝါရီ တစ်ဆယ်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြ့ံခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါစုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။

PS // ကျွန်တော်ရဲ့ ထင်မြင်ချက်များနဲ့ ခံစားမှုများသာ ဖြစ်ပါသည်။


အချစ်မဲ့ဂစ်တာ
February 5, 2009

Monday, February 2, 2009

ကျွန်တော်နဲ့ သော့ကုလား




“ဂျလောက်”

ဟိုက်..သွားပြီ။ ကျွန်တော်တို့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ ကျွန်တော်လက်ထဲတွင် တစ်ဘက်က မီးအိမ်ကို ကိုင်ထားပြီး ကျန်တစ်ဘက်က laptop ကိုပိုက်ထားသည်။ ကျန်တစ်ယောက်လက်ထဲမှာလည်း ပစ္စည်းတွေ အပြည့်။ တကယ်တော့ တိုက်ခန်းအထွက်မှာ လက်ကိုင်ဘုကို lock ချမိပြီးမှ တိုက်ခန်းထဲတွင် သော့ကျန်ခဲ့ခြင်းပင်ဖြစ်သည်။ ရုတ်တရက် မည်သို့ လုပ်ရမည်မှန်းမသိ။ သော့ကလည်း အပိုမရှိ။  ဒီတော့လည်း ထုံးစံအတိုင်း ခေါ်ရပြီပေါ့ဗျာ … သော့ကုလား။

“ အစ်ကိုရေ… အိမ်တံခါး လော့ကျပြီး သော့က အထဲမှာ ကျန်ခဲ့လို့ လိုက်ခဲ့ပေးပါဦးဗျ ” ဆိုတော့ သော့ကုလားများ ဘာပြောတယ်မှတ်လဲဗျ။ အသွား အပြန် တက္ကစီနဲ့မှ လိုက်မတဲ့ဗျာ။ သူတို့လုံခြုံရေးအတွက် ဘတ်စ်ကားမစီးပါဘူးတဲ့။ ဒီတော့လဲ ဘယ်တတ်နိုင်တော့မလဲဗျာ .. သူတို့မှ မခေါ်ရင်လည်း သော့က ဖျက်ရတော့မှာကိုးဗျ။ ဒါနဲ့ပဲ ရှိစုမဲ့စုလေးနဲ့ သူ့ကို တက္ကစီငှားပြီး ခေါ်ခဲ့ရတာပေါ့ဗျာ။ “ ကဲ .. အစ်ကိုရေ.. ဒီ lock ပဲဗျ…” ဆိုပြီး လက်ညှိုး ထိုးပြလိုက်တာနဲ့  တိုလီမုတ်စတွေ ထည့်ထားတဲ့ သူ့အိတ်ကို စပြီးမွှေနှောက်တော့တာပဲ။ သံချောင်းလေးတွေထုတ် သော့အုံထဲကို စပြီး လှည့်တော့ တာပါပဲ။ လှည့်ရင်း လှည့်ရင်းနဲ့ သံချောင်းက လွတ်ကျလိုက်။ ပြန်ကောက်လိုက် ။ ပြန်လည့်လိုက် ။ ပြုတ်ကျလိုက်နဲ့။ သော့ကတော့ ပွင့်မလာ။ သူကတော့ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ အချိန်က အတော်ကြာလာပြီ။ သော့ကတော့ ဘယ်လိုမှပင် မနေသေး။ဒီလိုနဲ့ နာရီဝက်ကျော်  ကြာလာတော့ ကျွန်တော်လည်း စိတ်မရှည်တော့။ သူလည်း စိတ်ညစ်လာပြီထင်ပါ့… ကျောက်လှည့်နဲ့ သော့ဘုအနောက်ဘက်ကို ပလာယာနဲ့စပြီး ထုတော့တာပဲ။ ဒုံးဒုံး ဒိုင်းဒိုင်း နဲ့ ဆိုတော့ ကျွန်တော်လည်း စိတ်က နည်းနည်းပေါက်လာပြီး “ ခင်ဗျားကို သော့ဖွင့်ခိုင်းတာနော်.. သော့ဖျက်ခိုင်းတာမဟုတ်ဘူး ” ဆိုတော့ ဆရာသမားက မကျေမလည်ပြန်ကြည့်တယ်ဗျ။

ဒါနဲ့ ကျွန်တော်လည်း ဘေးအခန်းကကျော်တက်ရင်တော့ ရနိုင်တယ်လို့ စဉ်းစားမိပြီး အိမ်အောက်ကို ဆင်းသွားလိုက်တယ်။ ဘေးချင်းကပ်ရက်က  အခန်းပိုင်ရှင်ကို ပြောပြတော့ သူတို့က ဖြစ်ပါ့မလားတဲ့။ ကျွန်တော်လည်း သူတို့ ပြတင်းပေါက်ကနေ ကျွန်တော့်အခန်းကို တစ်ချက်လှမ်းကြည့် လိုက်တယ်။ ဘုရား ဘုရား .. ဒီလေးလွှာကနေများ ကျော်ရင်းနဲ့ ပြုတ်ကျလိုက်ရင်တော့ ။ ကျွန်တော် တံတွေးတစ်ချက်မြိုချရင်း. “ ရပါတယ်ဗျ… ဖြစ်ပါတယ် ” ဆိုပြီး ပြတင်းပေါက်ကနေ အပြင်ကို ထွက်ဖို့ကြိုးစားတယ်။ သူတို့ ပြတင်းပေါက်ရှေ့မှာကလည်း ကိုင်စရာဆိုလို့ တီဗွီတိုင်  ထုတ်ထားတဲ့ တိုင်လေးတစ်တိုင်ပဲရှိတယ်။ ကျွန်တော်လည်း ဒီတိုင်လေးတစ်တိုင်ကို အားပြုပြီး ကျွန်တော်တို့ တိုက်ခန်းအောက်ထပ်က မိုးထားတဲ့ ဆန်းရှိတ်ပေါ်ကို ခြေထောက်လှမ်းလိုက်တယ်။ လူလည်း ချွေးတွေတောင် ရွဲနေပြီ။ ဆန်းရှိတ်ပေါ်ကို ရောက်တာနဲ့ ဆက်သွားဖို့က အဲယားကွန်းရယ် အဝတ်တန်းတွေနဲ့ဆိုတော့ ဆန်းရှိတ်ပေါ်မှာ လေးဘက်ထောက်ပြီးတော်တော်သွားယူရတယ်။ ဒီလိုနဲ့ တိုက်ခန်းရဲ့ ပြတင်းပေါက်ရှေ့ကိုရောက်မှ တဖြည်းဖြည်းထပြီး တံခါးပေါက်ပေါ်ကို တော်တော် တက်ယူရတယ်။ တိုက်ခန်းထဲကို ရောက်သွားတော့မှပဲ သက်ပြင်းချနိုင်တော့တယ်ဗျာ။

အပြင်ဘက်မှာ ကိုရွှေသော့ကုလားကတော့ တဒုံးဒုံးနဲ့ ထုတုန်း ထောင်းနေတုန်းပဲ။ ဒါနဲ့ တံခါးဆီမြန်မြန်သွားပြီး ဘုသော့လေးကို ဆွဲဖွင့်လိုက်တယ်။ ပထမဆုံးတွေ့လိုက်ရတာကတော့ သော့ကုလားရဲ့ ဝမ်းသာသွားတဲ့ မျက်နှာကြီးပေါ့။ သူဖွင့်လိုက်လို့ သော့ပွင့်သွားတယ်လို့ ထင်လိုက်ပုံရတယ်။ နောက် တိုက်ခန်းထဲက ကျွန်တော့်ကိုလည်း တွေ့ရော တော်တော်လေး မျက်နှာပျက်သွားတယ်။ သူဖွင့်လို့ တံခါးပွင့်တာ မဟုတ်မှန်းသိသွားတာကိုးဗျ။ တော်တော်လည်း စိတ်ညစ်သွားပုံရတယ်။ သူလည်း ဘာမှတောင် မပြောတော့ပဲ သူ့ပစ္စည်းတိုလီမုတ်စတွေကို သူအိတ်ထဲထည့်ပြီး ပြန်သွားတယ်။ ကျွန်တော့်ကိုလည်း သိပ်ကြည်ပုံမရ…။ သူဖွင့်တဲ့ သော့ကိုလည်း တော်တော်ကျိန်ဆဲနေမယ်ထင်ရဲ့…။ သူကတော့ ဘယ်လိုပြန်သွားတယ်မသိ။
သူ့လုံခြုံရေးအရ တက္ကစီငှားပြီး ပြန်မယ်တော့ မထင်…။

အော်.. သော့ကုလား သော့ကုလား…။ သူလုပ်တာနဲ့ ကျွန်တော်မှာ ရင်တမမနဲ့ ချွေးတော်တော်ပြန်သွားတယ်။ သူ့အားကိုးပါတယ်ဆိုမှ သူက  အဖြစ်မရှိ။ ကျွန်တော့်မှာတော့ ကျော်ရ ခွရနဲ့ စိတ်တော်တော်လှုပ်ရှားခဲ့ရတယ်။ ဒါနဲ့ပဲ စိတ်ငြိမ်အောင်ဆိုပြီး ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် သောက်လိုက်တာ ဝီ တစ်လုံး ဘယ်လိုကုန်သွားသည်ပင်မသိ………။

( နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်တယ်လို့တော့ ပြောနဲ့နော်…:p )

အချစ်မဲ့ဂစ်တာ
2 Feb 2009