Saturday, April 18, 2009

မြင့်မိုရ်ထက်မြင့်သော (အစားထိုးမရနိုင်သော)





သားမိုက်တစ်ယောက်။ အမေ့ရဲ့ အဝေးမှာ အမေ့အတွက်ကြိုးစားနေသော သားမိုက်။ ဒီသားမိုက်ကို အလွန်ချစ်သော အမေ။ သားကို အတွေ့မှာ ဝေဒနာ ခံစားနေရပေမယ့် အရည်လဲ့နေသော အပြုံးနဲ့ ဆီးကြိုနေသော အမေ။ အမေရေ……ဆံဖြူတွေကြားမှာ ဆံပင်အနက်ရောင် အနည်းငယ်သာ ရှိတော့တဲ့ အမေ့ရဲ့ ဆံပင်တွေကို သား ဖြီးပေးခဲ့တုန်းက အမေ့မျက်ရည်တွေကို သားတွေ့တယ် အမေ။ သားကိုလည်း စကားတွေအများကြီး အများကြီးကို ပြောခဲ့သေးတဲ့ အမေ။ သားတို့ အိပ်ရေးပျက်မှာစိုးရိမ်လို့ အမေဝေဒနာတွေ ကြားထဲကနေ အိပ်လို့မပျော်တာကို ကြိတ်မှိတ်ပြီး အိပ်ချင်ယောင်ဆောင် အိပ်ခဲ့တဲ့ အမေ။ အပူဆို ဘာမှစားလို့မရလို့ သားတိုက်တဲ့  ဆန်ပြုတ်အေးအေးလေးတွေကို နှစ်ခြုက်စွာနဲ့ စားခဲ့တဲ့ အမေ။ နွားနို့မကြိုက်ပေမယ့်လည်း အားရှိအောင်ဆိုပြီး  သားကတိုက်တော့လည်း အမေအပြုံးမပျက်နဲ့ မနှစ်မြို့ဟန်လည်း မပြခဲ့ဖူးတဲ့ အမေ။

ဆရာဝန်တွေက ရေမတိုက်နဲ့လို့ ပြောထားတဲ့ကြားက ` သားရယ်…အမေ ရေမသောက်ပါဘူး…ဒါပေမယ့် အာခေါင်တွေ နှုတ်ခမ်းတွေ ခြောက်နေလို့ အာစွတ်ရုံလောက်ပဲ တစ်စက် နှစ်စက်လောက်တော့ တိုက်ပါသားရယ် ´ ဆိုတော့လည်း သားဘယ်နေနိုင်ပါ့မလဲအမေရယ်။ ဝမ်းနည်းရပါတယ်အမေရယ်။ နောက်ပိုင်း အမေ ဝေဒနာတွေကြားက ` သားရယ်.. အမေ့ကို ရေနည်းနည်းလောက် ကျွေးပါဦး…. အမေ သားကျွေးတဲ့ ရေကို အမေ မစားပါဘူးသားရယ်…´ ဆိုပြီး သားရင်ထဲမှာ ဆို့နင့်စွာနဲ့ ရေနည်းနည်းတိုက်ပြန်တော့ နုတ်ခမ်းလေးကို ရှာလေးနဲ့သပ်ပြီး ` ဒီမှာနော်.. သား.. အမေ သားတိုက်တဲ့ ရေကို  မစားဘူးနော်´ဆိုတော့ သားဘယ်လို နေနိုင်မှာလဲ အမေရယ်။

`ဘယ်နှစ်နာရီ ရှိပြီလဲ…ဘယ်နှစ်နာရီ ရှိပြီလဲ ´ ဆိုပြီး ခဏခဏ မေးတတ်တဲ့ အမေ။ `လေးနာရီ ရှိပြီ အမေရေ ... ´

လို့ သား ပြောလိုက်ရတာ နောက်ဆုံးပဲ ဆိုတာ သားမသိခဲ့ဖူးလေ။  အမေ့ သက်တမ်းတလျှောက်လုံး အမေပြုလုပ် အားထုတ်လာတဲ့ တရားတွေနဲ့ နောက်ဆုံး အချိန်ထိ မလွတ်တမ်း အားထုတ်နေတဲ့ အမေ။ အရင်က နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း မနက် လေးနာရီကစလို့ အိမ်ရှေ့မှာ ဆွမ်းခံကြွတဲ့ သံဃာတော် တွေအကုန်လုံးကို ကြာဇံအိုးအကြီးကြီးနဲ့ ကြာဇံ ချက်လောင်းခဲ့တဲ့ အမေ…ဒီနှစ်ဆန်းတစ်ရက်နေ့ မနက် လေးနာရီမှာတော့….။

အမေရေ……။ အမေလို့ သားခေါ်လိုက်ရတာ အားတောင်မရသေးဘူး အမေရယ်….။



အမေ။ သားချစ်တဲ့ အမေ ကောင်းရာသုဂတိလားပါစေ…………။