Monday, September 13, 2010

ကြုံခဲ့ရ ညများ



ညတစ်ည အဲဒီညမှာ ကျွန်တော် ပြေးလွားနေတယ်။ မျက်လုံးကလည်း အငြိမ်မနေ၊ တောင်ရှာမြောက်ရှာနဲ့ ဂဏှာမငြိမ်ဖြစ်နေတယ်။ ကျွန်တော်ရှာနေတာကို လုံးဝမတွေ့ဘူး။ အခန်းတွေကလည်း အများကြီး၊ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ပြီး ကျွန်တော်တစ်ခါမှ မရောက်ဖူးတဲ့ နေရာတစ်ခု။ ကျွန်တော် တစ်ခန်းပြီး တစ်ခန်း လိုက်ဖွင့်နေတယ်။ ရေချိုးခန်းတွေ၊ အိပ်ခန်းတွေ၊ စာကြည့်ခန်းတွေ၊ မီးဖိုခန်းတွေ။ ကျွန်တော်ရှာနေတဲ့ အခန်းက ဘယ်ပျောက်နေပါလိမ့်။ အမြန်ရှာတွေ့မှကို ဖြစ်မယ်။ ဒီအတိုင်းဆိုရင်တော့ မလွယ်၊ ဒုက္ခတွေများကုန်တော့မယ် လို့ စိတ်ထဲမှာတွေးနေမိတယ်။ ရှာစမ်း၊ ရှာစမ်း၊ တွေ့အောင်ရှာစမ်း။ ကိုယ့်ကိုကိုယ် အားပေးစကားပြောနေတယ်။ စိတ်ကိုလည်း အတော် ထိန်းထားနေရတယ် ။   လျှော့ပစ် လိုက် လို့မဖြစ်။ ဘယ်လိုမှမဖြစ်။ ကော်ရစ်တာတွေကလည်း အများကြီး။ တွေ့သမျှအခန်းတွေကို အကုန်လုံးလိုက်ဖွင့်ရှာနေတယ်။ မဟုတ်။ ကျွန်တော်ရှာနေတဲ့ အခန်းမဟုတ်။

အချိန်ကြာလာတာနဲ့ အမျှ လူကလည်း အတော်မောဟိုက်လာပြီ။ ချွေးစေးတွေတောင် ထွက်လို့ပေါ့။ လမ်းတောင်အနိုင်နိုင် လျှောက်နေရတယ်။ ဒါပေမယ့် စိတ်ကိုတင်းပြီး တစ်ချက်မှ မနားပဲ တံခါးတွေ အကုန်လုံးကို လိုုက်ရှာနေတုန်း။ တဖြည်းဖြည်းနဲ့ ကျွန်တော်မရတော့ဘူး။ စိတ်ကိုလျှော့ပစ်လိုက်ချင်နေပြီ။ သွားပြီ၊ သွားပြီ လို့ စိတ်ထဲမှာ ရေရွတ်နေရင်း ကိုယ့်ကိုကိုယ်ရှက်ရွ့ံနေမိတယ်။ ဟော… အခန်းတစ်ခန်း ဒီအခန်းဟာ နောက်ဆုံးအခန်းပဲ။ ကျွန်တော့်ရဲ့ နောက်ဆုံးမျှော်လင့်ချက်။ ဒီအခန်းသာမဟုတ်ရင်တော့ ကိစ္စက ဒီနားတင်ပြတ်ပြီ။ သိပ်လည်း မစဉ်းစားနိုင်တော့ဘူးလေ။ ဥုံဖွဟဲ့ … ဆိုပြီးတံခါးကို အမြန်ဆွဲဖွင့်လိုက်တယ်။ အလို … ဘုရားသခင်…  ကံကောင်းပေလို့ပေါ့။ ကျွန်တော်ရှာတွေ့ပြီ။ ၀မ်းသာအားရနဲ့ အထဲကို အမြန်ပြေးဝင်လိုက်တယ်။ ၀ူး….. စိတ်ကို အကုန်လျှော့ချပစ်လိုက်ပြီ။ စိတ်ထဲမှာလည်း တဖြည်းဖြည်းနဲ့ အတော်ပေါ့ပါး လာတယ်။

အဲဒီအချိန်မှာပဲ ကျွန်တော့်ဘေးကနေ ပြောလိုက်တဲ့ အဖေ့အသံကို ကြားလိုက်ရတယ်။
” ဟာ.. ဒီကလေးကတော့ အိပ်နေရင်း အိပ်ရာထဲမှာ သေးပေါက်ချပြန်ပြီ..။” တဲ့။

ကျွန်တော် ၄ နှစ် ၅ နှစ်သားအရွယ်တုန်းအဖြစ်လေးပါ။

အချစ်မဲ့ ဂစ်တာ
13/9/2010

Friday, July 9, 2010

တစ်ခါတုန်းက တက္ကသိုလ်မှာ….



” ဟယ်လို ”
” အမေလား…. သားပါ…. ”
” အမေ နေကောင်းရဲ့လား…. ”
” ကောင်းပါတယ် သားရယ်…. သားရော ”
” ကောင်းတယ် အမေ….. သားခု ပိုက်ဆံလိုလို့ ပို့ပေးလိုက်ပါဦး….။ “

ဒီလိုနဲ့ အစချီလို့ တက္ကသိုလ်ကျောင်းသားဘဝ အိမ်ကို ပိုက်ဆံတောင်းပုံလေးပေါ့…။ အမေနေကောင်း သားဆုတောင်း ပိုက်ဆံတစ်သောင်း အမြန် ပို့လိုက်ပါဆို သလိုမျိုးပေါ့….။ အဆောင်နေကျောင်းသားတိုင်း ပြောနေကျ စကားလေးတွေပေါ့လေ..။ ရောက်လာပါပြီ..။ အိမ်က ပို့လိုက်တဲ့ ငွေ..။

” သွားစို့ သယ်ရင်းတို့ရေ….. ဒီနေ့ အိမ်က ပိုက်ဆံရောက်တယ်…။ “

အစချီလို့.. ရောက်သွားပါပြီ ဘီယာဆိုင်ကိုပေါ့လေ…. အဟ….။ သောက်ကြ စားကြ ….. ဟိုအကြောင်းပြော ဒီအကြောင်းပြော….။

နောက်နေ့မနက်… ကုန်ပြီပေါ့ အိမ်ကပို့တဲ့ ပိုက်ဆံ…. အဆောင်နေ ကျောင်းသားဘဝလေ…။ သိတယ်ဟုတ်…။ ဒီနေ့ ဟိုကောင့် အိမ်က ပိုက်ဆံရောက်တယ် တဲ့….. အဟ..ရောက်ပြန်ပြီပေါ့…ဘီယာဆိုင်…. ။ နောက်ရက်တောင် မခံလိုက်သော အိမ်က ပို့သော ပိုက်ဆံများ………။ ဒီလိုနှင့်…….

နေ့လည် ၂ နာရီ…..။
တစ်နေ့ကမှ ပို့ထားသော ပိုက်ဆံများ တစ်နေ့ကရဲ့ အရင်တစ်ရက်က ပို့လာသော ပိုက်ဆံများ…။ အနိစ္စသဘောနဲ့ ကိစ္စ ချောသွားခဲ့လေပြီ..။ အဆောင်မှာ အတူနေ သူငယ်ချင်း သုံးယောက်..။ ၀င်းမောင်၊ မျိုးသီဟ နဲ့ ကျွန်တော်….။ ၄င်း အချိန်ထိ ရေသောက် ဗိုက်မောက်နေရပြီ…။

ထိုအချိန် 2002 ခုနှစ်..။ စားနေကျဆိုင်တွင် ထမင်းတစ်ပွဲ တစ်ခါပြင် ၂၅၀…။ လိုက်ပွဲတစ်ပွဲ ၅၀….။ ခါတိုင်းနေ့ဆိုရင်တော့ ပိုက်ဆံလေးရှိတော့ ထမင်းတစ်ပွဲနဲ့ လိုက်ပွဲတစ်ပွဲ ၃၀၀…. ဗိုက်အပြည့်….။ ဒီနေ့မှာတော့… နေ့လည် ၂ နာရီထိုးလေပြီ…။ နေ့လည်စာ ထမင်းမစားရသေး…..။ ကြည့်လိုက်ဦးလေ… ပိုက်ဆံကလည်း သုံးယောက်ပေါင်းမှ ရှိတာ မြန်မာငွေ ၁၇၀ ကျပ်တိတိ..။ ခါတိုင်းဆိုရင်တော့ ပိုက်ဆံမရှိသော အချိန်တွေတိုင်း သူငယ်ချင်း မိန်းကလေးများရှိသော အဆောင်ဆီသို့ သွားကာ….

” ဟေ့ နင့်ဆီမှာ ဘာမုန့်တွေ ရှိသေးလဲ…ငါဘာမှ မစားရသေးဘူးဟ ” လို့ အစချီလို့ မုန့်များ တောင်းစားခဲ့ရတယ်….။ သူငယ်ချင်း မိန်းကလေးတွေ အတော်များများကလည်း ကျွန်တော်တို့ အဖွဲ့ကို ခင်ကြပါတယ်…။ သူတို့ကလည်း ကျွေးရှာကြပါတယ်….။

` ရော့… ကိတ်ခြောက်´ ဆိုတာမျိုး..။ ကဲ…နောက်တစ်ယောက်…
` ဘာရှိတုန်းဟ…. ´ ဆိုလျှင်ပင်.. ` ရော့ ခေါက်ဆွဲထုပ်…. ရော့ သရက်သီး´ ဆိုတာမျိုး..။ ကျွန်တော်တို့လည်း အားကျမခံ အဆောင်ရှေ့မှာ ဗိုက်ပြည့်သလောက်စားသည်။ မကုန်နိုင်တဲ့ မုန့်ဟူသမျှကို ညနေစာအဖြစ် သတ်မှတ်ပြီး ပေးသမျှ အကုန် လွယ်အိတ်ထဲထည့်ကာ ညစာ စုတတ် တဲ့ အကျင့်ကြောင့် နောက်ပိုင်း သွားတောင်းစားစရာ သူငယ်ချင်း မိန်းကလေး အဆောင်များ ကုန်လေပြီ…။ နောက်ပိုင်း သွားလည်ကာ ` ဘာမုန့်ရှိလဲလို့ မေးလျှင်ပင်´ ဘာမှ မရှိတော့ဘူးနှင့်ပင် ညားတော့တဲ့ အချိန်ရောက်နေလေပြီ….။

ဒီလိုနှင့် အိမ်ကပို့ထားသော ပိုက်ဆံများ ကုန်ကာ အကြွေးပင်တင်နေသော အနေအထားသို့ပင် ရောက်နေလေပြီ..။ ဖုန်းဆက်ပြီး မှာထားသော အိမ်ကပို့မယ့် ပိုက်ဆံကလည်း နောက်နေ့လောက်မှပင် ရောက်မည်…။ ဒီလိုနှင့် ထိုနေ့အဖို့တော့ ဘယ်နေရာကမှ ထမင်းဖိုး ချေးလို့ရမည် မထင်….။ လက်ထဲမှာရှိတာကလည်း သုံးယောက်မှ ၁၇၀ ကျပ်တိတိ….။ စားနေကျဆိုင်မှာ သွားစားရင်လည်း ပိုက်ဆံ ၁၇၀ နှင့် သုံးယောက်ကို လို်က်ပွဲ သုံးပွဲသာ ရလိမ့်မည်…။ ဟင်းလည်း ပါမည်မဟုတ်….. ။ ဗိုက်လည်း ဆာနေလေပြီ…။ အချိန်ကလည်း ကြည့်ဦးလေ… ။ မနက်ကတည်းက ဘာမှ မစားကြရ သေးသော ကျွန်တော်တို့ သုံးယောက် နေ့လည် ၂ နာရီမှာ ဘယ်လောက်ဆာနေပြီလဲဆိုတာတော့ စဉ်းစားကြည့်လို့ ရနိုင်ပါတယ်..။

ဒီလိုနဲ့ မျိုးသီဟ မနေနိုင်တော့….. ` ငါ စားစရာသွားရှာဦးမယ်ကွာ.. ပေးငါ့ကို ပိုက်ဆံ ၁၇၀ ´ လို့ ဆိုပြီး ပိုက်ဆံယူကာ ထွက်သွားလေသည်။ သူက မန္တလေးမှာ အဆောင်နေပြီး အလုပ်လုပ်နေတာဆိုတော့ မန္တလေးကို ကျွန်တော်တို့ထက်စာရင်တော့ ကျွမ်းတယ်ပေါ့ဗျာ…။ ကျွန်တော်တို့ကတော့ ဒီလို အဝေးသင်အချိ်န်မှသာ မန္တလေးကို ရောက်တာဆိုတော့ ဘယ်နားက ဆိုင်မှာ ဘယ်လိုရနိုင်မှန်း မသိဘူးလေ.။ ဒါနဲ့ သူ့ကိုပဲ အားလုံး သုံးယောက်ပေါင်းမှ ရှိသမျှစည်းစိမ် ပိုက်ဆံ ၁၇၀ ကို ရက်ရက်ရောရော အပ်လိုက်တော့သည်။ သူက မန္တလေးမှာပဲ နေ မန္တလေးမှာပဲ အလုပ်လုပ် နေတာဆိုတော့ ကျွန်တော်တို့ထက်စာရင် ပိုသိနိုင်တယ်လေ…။ ဒီလိုနဲ့…….။

` ဟေ့ကောင်တွေ ရော့ ဆွဲကြတော့ကွာ…..။ ´

ဆိုတဲ့ အသံနဲ့ အတူ ထမင်းပန်းကန် နှစ်ပန်းကန်ကိုင်က အဆောင်ထဲသို့ ဂုဏ်ယူဝင့်ကြွားစွာ ရောက်လာလေသည်။ ထို ထမင်း ပန်းကန်ထဲကြည့်လိုက်တော့ ၀က်သားတုံးနှစ်တုံးစီ၊ ငါးလေးအစပ်ကြော်၊ ချည်ပေါင်ကြော်.. စသဖြင့် စားချင်စဖွယ်ပင်….။ သုံးယောက်သား ထမင်းနှစ်ပန်းကန်ကို အားရပါးရ ဆော်ထည့်လိုက်တာ ၀က်သားအခေါက်မှာ ပြောင်အောင်မရိတ်ပဲ ချက်ထားတဲ့ အမွေးများလည်း ဂရုမစိုက်..။ ဖွယ်တယ်တယ် ဆန်သားများကိုလည်း ဂရုမစိုက်နိုင်..။ ချည်ပေါင်ကြော်ထဲမှ ဆံပင်မွေးကိုလည်း မရွံတော့..။ ဗိုက်ဆာဆာနဲ့ စားလိုက်ကြတာ နှစ်ပန်းကန်လုံး ခွေးစိတ်ညစ်လောက်အောင်ပင် …။
( သူ့(ခွေး)မှာ လျှက်စရာ တစ်စက်မှ မကျန်တော့၍ ဖြစ်သည်) စားပြီးသောက်ပြီး သူဝယ်လာသောဆေးပေါလိပ် နှစ်လိပ်ကို သုံးယောက်မျှပြီး ဆွဲလိုက်ကြသည်..။ တော်တော်ပင် ပြည့်စုံသွားသလိုလို..။ ဒါတောင် လန်ဒန် တစ်လိပ်ကျန်နေသေးသည်..။ နှမြောစွာဖြင့် မည်သူမှ မသောက်ကြ.။ အမြတ်တနိုးပင် တယုတယဖြစ်နေလေသည်။

ဗိုက်လည်း ပြည့်လေပြီ..။ ဒီတော့မှ ပြောင်သလင်းခါနေသော ပန်းကန်များကိုကြည့်ကာ
` ဟေ့ကောင် မင်း ဘယ်ကနေရှာလာတာတုန်း… ´…… ဆိုတော့
` ငါတို့ အဆောင်ရှေ့ မျက်စောင်းထိုး ရေမြောင်းဘေးကဆိုင်က ´ တဲ့…..
အလို… အဲဒါ ထမင်းဆိုင်လား….. တွေ့နေတာတော့ ကြာလှပါပြီ… ဒီဆိုင်ကကို ထမင်းဆိုင်လို့ပင် မထင်….။ ရေမြောင်းဘေး ယိုင်နဲ့နဲ့ အတော်ပင် စားချင်စရာမကောင်းသောကြောင့် လှည့်မကြည့်ခဲ့သော ဆိုင်….။ ခုတော့ အဲဒီဆိုင်က ထမင်းတဲ့…. ကောင်းရော..။ ဒါပေမယ့် ဗိုက်ကလည်း ဆာဆာ ဆိုတော့ ဘယ်ဆိုင်ကလည်း မမေးတော့..။ ဘယ်လောက်လဲ မမေးတော့…။ စားရဖို့က အဓိကဖြစ်နေပြီကော…။ စားလည်း စားခဲ့ပြီးလေပြီ မဟုတ်လား..။

` ဟေ့ကောင် ထမင်းက ဘယ်လောက်ပေးရသတုန်း..။ ´ လို့ အမေးမှာ သူကလည်း စျေးကိုင်လျှက် သူကပဲ ဘယ်သူ့ဆီက ပို်က်ဆံရလို့ စိုက်ပြီး ၀ယ်ခဲ့သလိုလို။ မျက်နှာပေးကလေ…။ နောက်မှ ` ထမင်းနဲ့ ဟင်း တစ်ခါပြင်ကို ၈၀ ´ …။ ကျွန်တော် အတော် အံ့သြသွားသည်။ ဒီခေတ် ဒီအခါမှာ ၈၀ တန် ထမင်း ရှိသေးတယ်ဆိုတာကို..။ စားနေကျဆိုင်ဆိုရင် ထမင်းနဲ့ ဟင်းတစ်ခါပြင်ကို ၂၅၀..။ ဒါတောင် အတော်စျေးသက်သာသော ဆိုင်ဖြစ်သည်။ ယခုတော့ ထမင်းနဲ့ ဟင်း တစ်ခါပြင်ကို ၈၀ တဲ့…။ ( ဝက်သားဟင်းက အမွေးမပြောင်တာ တစ်ခုပဲ ပြောစရာရှိသည်..။ ) ဒါကြောင့် သူ ထမင်းနဲ့ဟင်း နှစ်ပွဲ ဝယ်လာတာဖြစ်သည်။ ပေးလိုက်တာက ၁၇၀ ဆိုတော့ ၁၀ ပိုနေသေးသည်။ ပိုတဲ့ ၁၀ ကို ဆေးပေါလိပ် နှစ်လိပ်နဲ့ လန်ဒန် ၁ လိပ်တောင်ပါလာခဲ့ခြင်းဖြစ်သည်။

အော်…. ကျောင်းသားဘဝတွေနော်….။

တစ်ရက်ကလည်း ကိုငယ်လို့ ခေါ်တဲ့ ကျွန်တော်တို့ရဲ့ ဇတ်လိုက်ကျော် ကင်းကောင်ပေါ့….။ သူ့ကို ကင်းကောင် လို့ခေါ်တာကလည်း အကြောင်းရှိတယ်လေ..။ သူက ဘယ်ဘဝက ကုသိုလ်နဲ့ ဆုတောင်းတွေကြောင့်လည်းတော့ မသိ ။ စကားပြော အရမ်းကောင်း.၊ သီချင်းဆို.. ဂစ်တာတီး အရမ်းကောင်းသလို သလောက် သူ့ပုံက ရုတ်တစ်ရက်ကြည့်လိုက်လျှင် သရုပ်ဆောင် ကင်းကောင်နဲ့ ခပ်ဆင်ဆင်ပင်..။ ဒါကြောင့် အဆောင်မှ သူူငယ်ချင်းအားလုံးက ချစ်စနိုးနဲ့ ကင်းကောင်…။ ဒီလိုနှင့် .. သူ့နာမည် ကင်းကောင်ဖြစ်လေပြီ..။

တစ်ရက် သူ သူ့ဂစ်တာကိုကိုင်ကာ အဆောင်မှ ထွက်သွားလေသည်။ မန္တလေးတက္ကသိုလ်ရဲ့ နာမည်ကြီး ဗန်းမော်တိုက်လမ်းကြားမှာ ဂစ်တာသွားတီးမယ် ဆိုပဲ…..။ ည ၁၁နာရီ ခွဲလောက်မှာ သူပြန်ရောက်လာသည်။ သူ့ပုံက အတော်ပင် မောဟိုက်ကာ ပြဿနာ တစ်ခုခု တက်လာတဲ့ ဒီဇိုင်း…။ အဆောင်မှ သူငယ်ချင်း အားလုံးလည်း သူ့ကိုကြည့်ပြီး စိတ်ပူသွားသည်။ အဆောင်ထဲရောက်တဲ့ အထိပင် အမောမပြေသေး..ဒါနဲ့ သူ့ကို ရေတိုက်သည်။ နောက် အသက်ရှူသံပြင်းစွာဖြင့်……

` ဟိုကောင်တွေကွာ…. ဆော်ထည့်လိုက်တာ အကုန်လုံး ..အတုံးအရုံးပဲ… ခုတော့ တစ်ယောက်တစ်နေရာစီ လစ်သွားကြပြီ…..။ တော်တော် မှတ်လောက်သားလောက် ဖြစ်သွားတယ်ကွ ´

ဟိုက်… ဒီလူတော့ အဲဒီကောင်တွေကို ဆော်ခဲ့ပြီ…။ ဒါနဲ့ ကျွန်တော်တို့ကလည်း ဘယ်လိုစဖြစ်ကြတာတုန်း ပြောပါဦးဆိုတော့………

` ဗန်းမော်တိုက်ထဲမှာကွာ…. ငါ ဂစ်တာတီးနေတုန်း…. ခေါင်းနောက်ကို တစ်ခုခု လာထောက်သလို ခံစားရလို့ လှည့်ကြည့်လိုက်တော့ နှစ်တစ် တုတ်တစ်ချောင်းနဲ့ ငါ့ခေါင်းကို ထောက်ပြီး… မင်းပြန်မလား မပြန်ဘူးလားဆိုလို့ငါလည်း ဘာမှပြန်မပြောတော့ပဲ ထပြန်မလို့ လုပ်တာပေါ့ကွာ..။ အဲဒီမှာ အဲဒီတစ်ယောက်နဲ့ သူ့အဖွဲ့တစ်ဖွဲ့လုံး ငါဆီကနေ ထွက်သွားပြီး ငါ့နဲ့ မျက်စောင်းထိုးလောက်က အဖွဲ့တစ်ဖွဲ့ကို သွားပြီးရစ်တယ်လေ..။ ငါလည်း ဘာဖြစ်မလဲ ဆိုတာ သိချင်တာနဲ့ မသွားသေးဘဲ စောင့်ကြည့်နေတာ….။ အဲဒီမှာ အဖွဲ့နှစ်ဖွဲ့ စကားတွေ များကြပြီး ဆော်ကြတာကွာ..။ ငါလည်း ဘယ်နေနိုင်မလဲ.. သိတယ်ဟုတ်..။ လာရစ်တဲ့ အဖွဲ့ကကောင်တွေ ကွဲတဲ့ကောင် ကွဲ ပြဲတဲ့ကောင် ပြဲ ကုန်ကြတာ…..။ တော်တော် မှတ်လောက်သားလောက် ဖြစ်သွားတယ်ကွ….။ နောက်ဆို ဒီလမ်းကြားထဲ လာတောင် လာရဲမှာ မဟုတ်ဘူး….. ´
အလဲ့….ဒီလူ တယ်ဟုတ်ပါလား… ဟိုနှစ်ဖွဲ့ ရန်ဖြစ်တာကို ဒီလူက ဆွမ်းကြီးလောင်းခဲ့တယ်ပေါ့လေ… ။ ဒါက ကျွန်တော်တို့ အထင်….။

ဒါနဲ့ ခင်ဗျား ဘယ်နှစ်ယောက်တောင် ဆော်ထည့်လိုက်တာလဲလို့ သိချင်ဇောနဲ့မေးလိုက်တော့…..
` အာ..ငါလည်းကြောက်သဟ..ဒါနဲ့ သစ်ပင်အကွယ်ကနေ ကြည့်နေတာ….ဆော်လိုက်ကြတာကွာ… မြင်ရက်စရာကို မရှိဘူး…ဟိုကောင်တွေ အဖွဲ့ အားလုံး ကုန်းရုန်းပြေးသွားတော့မှ ငါလည်း သစ်ပင်အကွယ်ကနေ အသာလေးပြန်ခဲ့ရတာ..။ အပြန် ငါတစ်ယောက်ထဲ လမ်းမှာ ခွေးတွေဟောင်လို့တောင် ငါ့မှာ ပါလာတဲ့ ဂစ်တာလေးနဲ့ ကာကွယ်ပြီး အဆောင်ကို မနည်းရောက်အောင်ပြန်ခဲ့ရတာ….´ …။

ကဲ ကြည့်ဦး… သူမောလာလို့ ဘယ်နှစ်ယောက်နဲ့တောင် ဆော်ခဲ့ရလို့လည်း ထင်တာ ဒငး်ကတော့ ခွေးကြောက်လို့ ပြေးလာခဲ့ရတာကိုး…..။

ကျွန်တော့်ရဲ့ ကျောင်းသားဘဝမှာ အဲလို စိတ်ညစ်စရာ၊ အမှတ်ရစရာ နဲ့ ရယ်စရာ အဖြစ်မျိုးလေးတွေလဲ ကြုံခဲ့ဖူးလေရဲ့……။

PS : ခုအချိန်မှာ ကျွန်တော် အဆောင်နေကျောင်းသားဘဝကို အတော်ပင် သတိရနေမိသောကြောင့် ဒီပို့စ်လေးကို ရေးမိပါသည်။

အချစ်မဲ့ဂစ်တာ

9/7/10

Friday, June 25, 2010

စိတ္တဇ

ခေါ်သံတွေ ခေါ်သံတွေ…
ငါမဟုတ်ဘူး.. ဟုတ်တယ်..
ငါမဟုတ်ဘူး…..။

လိုက်ခဲ့မှာပါ…လိုက်မှာ.. နေဦး..
ငါ့လက်တွေကို ငါသေချာကြည့်ဦးမယ်….
ငါမကောင်းခဲ့တာလေ..
တကယ်ကို မကောင်းခဲ့တာ…..။

မှန် !! မှန် ဘယ်မှာလဲ …မှန်
တွေ့လား…စုန်းကိုက်ခံထားရတာတွေ
ဒီလက်တွေမှာ……။
လွတ်ပေးပါတော့…ထပ်မဆွဲကြပါနဲ့တော့
မျက်ရည်တွေ….
မငိုပဲ ကျလာတဲ့ မျက်ရည်တွေ…

သွား………
မုန်းစရာကောင်းလိုက်တာ……..။

ကြွေးထူ ရှင်ဘုရင်ဆပ်လိမ့်မယ်
ငါကတော့ ငါ့ကိုရှာ
ငါ့ကိုတော့ ငါကပြန်ရှာနေရင်း.

ဘာပဲဖြစ်ဖြစ် …………
ကောင်းရာမွန်ရာတော့ ရောက်မှာပေါ့..။

#အချစ်မဲ့ဂစ်တာ

Saturday, March 27, 2010

၀ဋ်ကြွေး

မင်းအပြုံးမှာ (ငါ) ချွတ်ယွင်း
မင်းအနမ်းမှာ ဝပ်ဆင်းလို့
မင်းအနားမှာပဲ နေချင်ခဲ့တာပါ..။

ဝေးလို့ လွမ်းတာလား
ချစ်လို့ လွမ်းတာလား..။
ဝေးလို့ ချစ်တာလား
လွမ်းလို့ ချစ်တာလား ..။

ချစ်လို့ လွမ်းတာလို့လည်း
ပြောချင် ပြောဦးမယ်..။
ဝေးလို့ ချစ်တာလို့လည်း
ပြောချင် ပြောဦးမယ်..။

အလွမ်းတွေ ရှည်ကြာခဲ့ပေမယ့်
အနမ်းတစ်ချက်မှာ
အရာရာ ကျေအေးခဲ့ရတာပဲလေ….။

#အချစ်မဲ့ဂစ်တာ

Saturday, February 27, 2010

အိမ် အပြန်



လေစိမ်းတွေ တဖြူးဖြူးတိုက်ခတ်လို့….။ အေးမြလှသော လေအဟုန်က ကျွန်တော့်မျက်နှာကို ဝေ့ဝဲတိုက်ခတ်လျှက်ရှိသည်။ ကျွန်တော်ရောက်နေသော နေရာက တောင်ထိပ် စွန်းလေးတစ်ခုမှာ.။ ဒီတောင်ထိပ်စွန်း လေးရဲ့ အောက်ဖက်မှာ မိးရောင်မှိန်ပြပြနှင့် ချစ်စဖွယ် မြို့ပြလေးတစ်ခု။ ၀ိုင်းစက်နေသော လတစ်စင်းဟာ မြို့လေးပေါ်မှာ ဖြေးညှင်းစွာ ရွှေ့လျှားနေတယ်…။ လရောင်ဟာ ကျဆင်းနေသော မြူခိုးများကြားမှ ထိုးဖောက်ကာ ကျွန်တော့်ပတ်ဝန်းကျင်ဆီသို့…။ အစီအရီ ပေါက်နေသော ချယ်ရီပင်တန်းကြီး တစ်ခုလုံးဟာ ကျွန်တော့ နောက်ကွယ်မှာ..။ လေအဝှေ့မှာ တိုက်ခတ်လာသော လေနဲ့ အတူ ချယ်ရီပန်းရနံ့ကို ရှူရှိုက်မိသည်။ ချယ်ရီပန်းမှာ အနံ့ရှိချင်မှရှိမည် .. သို့ပေမယ့် ကျွန်တော်ချယ်ရီပန်းနဲ့ကို ရနေသည်။ ကျွန်တော်ထိုင်နေသော တောင်စွန်းရဲ့ အောက်တည့်တည့်မှာတော့ လူသားတွေရဲ့ လောဘတွေကြောင့် လှပလှသော မြို့လေးကို အကျည်းတန်စေခဲ့တဲ့ တွင်းကြီးတွင်းငယ်တွေ…။ လမ်းမတွေဟာ တစ်ဝက်တပျက်။ ချိုင့်ကြီးတွေ အလျိုလျို..။



အော်… ဒီမြို့လေးတစ်မြို့ဟာဆိုရင် ဟိုးအရင်က အတော်ပင် လှပခဲ့သော၊ ကြွယ်ဝခဲ့သော၊ သတင်းကြီးခဲ့သော မြို့တစ်မြို့။ ပတ္တမြား၊ နီလာဆိုတဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေကိုလည်း မွေးထုတ်ပေးခဲ့တဲ့မြို့.။ မြန်မာပြည်သာမက ကမ္ဘာမှာတောင် ထင်ပေါ်ကျော်ကြားတဲ့ မြို့..။ လက်ဖက်စိုက်ခင်းတွေနဲ့ လက်ဖက်မြို့တော်လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့မြို့။ မြို့လယ်ကောင်မှာ ရှိတဲ့ အင်းကြီးနဲ့ မြို့ကို ကျက်သရေဆောင်နေတဲ့မြို့။ ဘာသာရေး အလွန်တရာမှ ကိုင်းရှိုင်းကြတဲ့ မြို့။ ခုတော့လည်း……….. လူကြီးအိုမတွေနဲ့ ကျောင်းနေအရွယ်တွေသာ များပြားလာတဲ့ မြို့..။ လူလတ်ပိုင်းအရွယ်ဆိုတဲ့ ဦးဆောင်နိုင်တဲ့ လူငယ်တွေ နည်းပါးလာတဲ့ မြို့။ တစ်နေရာပြီး တစ်နေရာ လက်ညိုးထိုး ရောင်းစားခံနေရတဲ့ မြို့။ ဂေါ်ရခါးနဲ့ မုန်ညှင်းခင်းလောက်သာ ကျန်တော့တဲ့ မြို့။ အကာ သာရှိကြပြီး အဆံပျောက်နေကြသူတွေ များနေတဲ့ မြို့။ အရာရာဟာ လွမ်းစရာတွေပဲပေါ့…။



ဒီမြို့လေးကို ဒီတောင်စွန်းလေးပေါ်ကနေ ထိုင်ကြည့်နေမိသော ကျွန်တော်…။ နက်သည်ထက်နက်လာသော ညဉ့်အမှောင်ဟာ တစ်စ တစ်စကြီးစိုးလာလေပြီ။ လရောင်သာ ရှိမနေဘူးဆိုရင် ဒီနေရာဟာ အတော်ကို မှောင်မိုက်နေမှာ အသေအချာပါပဲ..။ ထိုင်နေသော မြက်ခင်းပြင်တစ်ခုလုံးပေါ်မှာလည်း စိုစွတ်သော နှင်းမှုန် နှင်းစလေးတွေဟာ လရောင်နဲ့ ဖိတ်ဖိတ်တောက်လျှက်.။ ညဉ့်ငှက်လေးများစွာဟာ လရောင်အောက်မှာ ဟိုမှဒီသို့။ မျက်နှာမူထားသော တောင်တစ်ဖက်ခြမ်းမှ လောင်ကျွမ်းနေသော တောမီးရောင်ကို အဓိပ္ပာယ် မဲ့စွာ ငေးကြည့်နေမိသည်။ ဒီတောမီးကို ကြည့်နေရင်းနှင့်ပင် တော်မီး၏ ညှော်နံ့တောင်ရနေသလိုလို…။ အော်… ကျွန်တော် ဒီနေရမှာ ထိုင်နေတာ အတော်တောင် ကြာနေပြီပဲ..။ ဒီနေရာလေးကနေပဲ ဒီမြို့လေးရဲ့ နေဝင်ချိန်ကိုလည်း တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ အေးအေးဆေးဆေး ထိုင်ကြည့်ခဲ့ဖူးတယ်..။ ဒီနေရာမှာ ဒီလောက်အကြာကြီး တစ်ခါမှလည်း မထိုင်ခဲ့ဖူးဘူး။ အတော်ကို လှပတဲ့ နေရာလေးကို ဒီအသက်အရွယ်ရောက်မှ သိလိုက်မိတာကိုပဲ နှမြောသွားသလိုလို။ နောက်ပိုင်းတော့ ဒီနေရာလေးကို မကြာခဏလာဖြစ်အောင် လာဖို့ ဆုံးဖြတ်လိုက်မိတယ်..။



အိမ်ပြန်တော့မယ်ဆိုတဲ့ စိတ်နဲ့ အရာအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ထိုင်ရာမှ ထလိုက်သည်။ ထုံကျဉ်နေသော ခြေထောက်တစ်ဖက်ကို အသာကြွကာ နှိပ်နယ်လိုက်ရင်း လမ်းမကြီးအတိုင်း ကျန်ခြေထောက်တစ်ဖက် ကို အားပြုကာ တရွေ့ရွေ့ ဆင်းလာခဲ့သည်။ လျှောက်လာသော လမ်းမကြီးပေါ်တွင် လူတစ်ယောက်မှ မရှိ။ အိမ်တံခါးပေါင်း များစွာလည်း ပိတ်လျှက်သားချည်းသာ။ ရှင်းလင်းနေသော လမ်းမကြီးပေါ်မှာ တစ်ဦးတည်းလျှောက်ရတဲ့ အရသာဟာ ဘာနဲ့မတူ..။ ဆိုးတာတစ်ခုပဲရှိသည်။ ကျွန်တော့်ကို တွေ့တဲ့ ခွေးတိုင်း ဟောင်နေခြင်းပင်။ ဘာကြောင့်များ ဒီလောက် ဟောင်နေကြပါလိမ့်…။ ခွေးဟောင်တာ မဆန်းပါဘူး…။ စကားပုံတစ်ခုတောင် သတိရလိုက်မိသေးရဲ့…။ ခွေးတွေ ဘယ်လောက်ပဲ ဟောင်ဟောင် လှည်းတန်းကြီးကတော့ သွားနေမြဲ ဆိုတာလေ..။



အိမ်ရောက်တော့မယ်…။ အဖေကတော့ ပြောဦးမှာပေါ့..။ ဒီအချိန်မှ ဘာကြောင့်ပြန်လာတာတုန်းဆိုတာ။ ဒါမှ မဟုတ်ရင် တံခါးရောဖွင့်ပေးပါဦးမလား… ဒီလောက်တောင် အိမ်ကို မပြန်လာချင်တဲ့ကောင် အပြင်မှာပဲ အိပ်ဆိုပြီးတော့လေ။ ဒါပေမယ့် ငါ့ညီရှိပါတယ် .. သူတံခါးဖွင့်ပေးမှာပါ…။ ခါတိုင်းလည်း အိမ်ပြန်နောက်ကျလို့ အဖေတံခါးမဖွင့်ပေးရင် သူလာလာဖွင့်ပေးနေကျပဲလေ..။ အမေရှိတုန်းကဆိုရင်တော့ ဒီလိုအိမ်ပြန်နောက်ကျရင် ဘာမှ မပြောပေမယ့် နောက်တစ်ရက်မနက်ဆိုရင်တော့ အမြဲတမ်း ဆုံးမတတ်တယ်။ ခု အမေဆုံးပြီးနောက်ပိုင်းတော့ ဒီလို အိမ်ပြန်နောက်ကျတဲ့အချိန်မှာ အမေ့ကိုလည်း သတိရမိပါရဲ့..။ ဟိုးတောင်ထိပ်လေးကနေ တွေးချင်တာတွေ တွေးပြီး လျှောက်လာလိုက်တာ အိမ်ရှေ့ရောက်လာလေပြီ…။ ထူးထူးဆန်းဆန်း အိမ်တံခါး မခတ်ထားဘူး…။ ကျွန်တော် တံခါးကို အသာဟပြီး ၀င်လိုက်တယ်..။ ကြက်သားနပ်ထားသော အနံက တစ်အိမ်လုံးမွှေးပျ့ံလျှက်…။



ဘယ်သူမှ မအိပ်ကြသေးပါလား..။ ခါတိုင်းများ ဒီလောက်နောက်ကျရင် အကုန်အိပ်ကုန်ကြပြီ..။ တံခါးခေါက်ရင်တောင် တော်တော်နဲ နိုးတာမဟုတ်ဘူး…။ ခုတော့…….။ အိမ်ကိုလည်း ရှင်းထားတာ သန့်ရှင်းနေတာပဲ..။ ထူးထူးခြားခြား…။ ကော်ဇောတွေရော ဖျာတွေရော မနက်ဖြန်များ ဆွမ်းကပ်မှာမို့လားမသိ..။ ကျွန်တော် အဖေ့နားကို ခဏဝင်ထိုင်လိုက်၏။ အဖေကတော့ မသိချင်ယောင်ဆောင်နေသလိုလို..။ ကျွန်တော် အိမ်ပြန်နောက်ကျလို့များ စကားမပြောတာများလား..။ မျက်နှာမကောင်းတာတော့ သေချာသိသည်။ အဖေ့တစ်ခုခုကို ၀မ်းနည်းနေတာလည်း ရိပ်မိသည်။ ညီလေးနဲ့ ညီမလေးကလည်း ကျွန်တော့်ကို တစ်ချက်မှ လည့်မကြည့်။ အေးလေ.. သူတို့လည်း ဒီလောက်ဆိုးတဲ့ အစ်ကိုဆိုပြီး စိတ်ဆိုးချင်ဆိုးနေမှာပေါ့…။ ဒါပေမယ့် သူတို့ကို ကြည့်ရတာ ကျွန်တော်တောင် ဘာမှန်း မသိ စိတ်ထဲ ၀မ်းနည်းလာသလိုလို…။ တော်ပါပြီလေ… မနက်ကျမှပဲ အားလုံးကို နောက်ဆို စောစောပြန်လာတော့မယ် ဆိုပြီး နှစ်သိမ့်တော့မယ်..။ နောက်ပြီး ကျွန်တော်ထိုင်နေခဲ့တဲ့ တောင်စွန်းလေးဟာ ဘယ်လောက် လှပလိုက်လဲဆိုတာကိုလည်း အားလုံးသိအောင် ပြောပြမယ်.။ ခုတော့ အနားယူလိုက်တော့မယ်လေ…။ ကိုယ့်ဖာသာ ဆုံးဖြတ်လိုက်ပြီး ဘယ်သူ့ကိုမှ ဘာမှ မပြောတော့ပဲ အိပ်ခန်းထဲဝင်ပြီး အိပ်ပစ်လိုက်သည်။



ဘုန်းကြီးတစ်ပါး တရားဟောသံ…။ သရဏဂုံ တင်နေသောအသံများ….။ ကျွန်တော် မျက်လုံးမဖွင့်ပဲ အခန်းထဲမှ နားစွင့်နေမိသည်…။ အိမ်မှာ ဆွမ်းကပ်နေတာပဲ…. ဒါတောင် ကျွန်တော့်ကို ဘယ်သူမှ လာမနိုးကြပါလား..။ ဒါနဲ့ပဲ အိပ်ရာထဲမှ ဘုန်းကြီးဟောနေသော တရားကို နားထောင်နေမိသည်။ လူတိုင်းဟာ မွေးလာတာ သေဖို့ပါတဲ့..။ ဒါပေမယ့် မသေခင်မှာ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ကြဖို့ ၊ တရားကို မမေ့ဖို့၊ ဘယ်အရာမှ မမြဲဘူးဆိုတာတွေကို အကျယ်ချဲ့ပြီး တရားကို ဟောနေသည်။ နောက်တရားဟော အပြီးမှာ “ ဘဝတပါးသို့ ကူးပြောင်းသွားသော မောင်ဟိန်းမောင် အားရည်စူးပြီး ” ဆိုသော အသံ…..။ အမျှ… အမျှ…. အမျှ …. ဆိုသော အမျှဝေသံ..။ ကြေးစည်သံ…။ ငိုကြွေးသံ….။



ကျွန်တော့်ကို အမေဆုံးမနေသည်။ အမေ့မျက်နှာကို ကျွန်တော် လွမ်းခြင်းများစွာနဲ့ ကြည့်နေမိသည်။ မတွေ့ရတာလည်း ကြာခဲ့ပြီလေ..။



အချစ်မဲ့ဂစ်တာ

27/2/2010

Thursday, February 18, 2010

ဆုတောင်းတွေများ မှားခဲ့ရင်ဖြင့်….



ပြီးခဲ့သော ညနေခင်းတစ်ခုမှာပေါ့….။ ကျွန်တော် တစ်ယောက်ထဲ ပျင်းပျင်းရှိတာနဲ့  လမ်းထွက်လျှောက်ရင်း ဘီယာဆိုင်အသစ်တစ်ဆိုင် တွေ့လို့ ၀င်ထိုင်ဖြစ်လိုက်တယ်..။ ဘီယာတစ်ခွက်မှာပြီး တစ်ယောက်ထဲ လမ်းမကို ငေးရင်း တွေးမိတွေးရာတွေ တွေးရင်း ကိုယ်အတွေးနဲ့ကိုယ်လေ…။ ဆိုင်ထဲမှာ  movie 5 မှ လွင့်နေသော တရုတ်သိုင်းကား  တစ်ကားပြထားသည်။ ဒါပေမယ့် ဒီတရုတ်သိုင်းကားနှင့် မလိုက်ဖက်လှစွာ ဖွင့်ထားသော သီချင်းက big bag ရဲ့ တယ်လီပန့်။ တရုတ်သိုင်းကားမှ သိုင်းချသော စကားပြောသံများ  မထွက်… big bag ရဲ့ ကင်ဆာ သီချင်းက လွင့်ပျ့ံလို့..။

ဘီယာတစ်ခွက်ကို တစ်ကျိုက် ကျိုက်လိုက်ပြီး ဆိုင်အတွင်းသို့ တစ်ချက် အကဲခတ်မိသည်။ ဆိုင်အသစ်မို့လားမသိ.. ၀ိုင်းတိုင်းလိုလိုတွင် လူပြည့်နေသည်။ ကျွန်တော်ထိုင်နေသော ၀ိုင်းရဲ့ အရှေ့တည့်တည့် တစ်ဝိုင်းကျော်တွင် ကျွန်တော့်ဘက်သို့ ကျောပေးလျှက် ထိုင်နေသော အတွဲတစ်တွဲ..။ သူတို့အနေအထားက ဆိုင်ရဲ့ ထောင့်ချောင်ကျသော နေရာဖြစ်နေသောကြောင့် တစ်ဆိုင်လုံးကို ကျောပေးထားသကဲ့သို့..။ ကောင်မလေးရဲ့ ရှည်လျား နက်မှောင်လှသော  ဆံနွယ်ရှည်များသည် မီးရောင်ဖြင့် လွန်စွာ တောက်ပလျှက်ရှိသည်။ ၄င်း ဆံပင်ရှည်များကို ဘေးမှကောင်လေးက ပုခုံးကို ဖက်ထားရင်း ဆော့ကစားနေသည်။ စကားများလည်း တတွတ်တွတ်ပြောနေကြတာကို မြင်နေရသည်။

မကြာခင်မှာပဲ သူတို့ စားပွဲသို့ စားပွဲထိုးလေးက ဘီယာနှစ်ခွက် လာချသည်။ နောက် ကောင်လေးရော ကောင်မလေးပါ ဘီယာခွက်ကို ကိုယ်စီကိုင်လိုက်ကြကာ ခွက်ချင်း တိုက်လိုက်သည်။ နောက် တစ်ပြိုက်နက် အတူတူ မော့လိုက်ကြသည်။ ခွက်ပြန်အချမှာတော့ နှစ်ခွက်လုံး ခွက်အလွတ်များ ဖြစ်သွားသည်။ အလို…. ဒီကောင်မလေးဟာ အတော်သောက်နိုင်သော ကောင်မလေးပင်တကား..။ ကျွန်တော်တို့ ယောကျ်ားလေးများတောင် ဘီယာတစ်ခွက်ကို တစ်ကျိုက်ထဲမော့နိုင်ဖို့ အတော် မလွယ်… ။ ကောင်လေးက ဘာပြောလိုက်သည် မသိ ..။ ကောင်မလေးက ကောင်လေးရဲ့ လက်မောင်းကို သူ့လက်သီးနဲ့ ခပ်ဖွဖွလေး ထုလိုက်သည်ကို မြင်လိုက်ရသည်။ နောက် ကောင်လေးရဲ့ ပခုံးပေါ်သို့  ကောင်မလေးမှီအိပ်နေပြန်သည်။ တစ်ဆိုင်လုံးမှာ သူတို့ နှစ်ယောက်ထဲသာ ရှိနေသည့် အတိုင်း..။  အတော် ချစ်နေကြပုံရသည်။

ဒီလိုနှင့် ကျွန်တော်လည်း အကဲခတ်ရင်း တစ်ခွက်ပြီး တစ်ခွက်ကုန်သွားသလို သူတို့ ၀ိုင်းမှာလည်း ခွက်များ ပြည့်နေလေပြီ..။ တစ်ချိန်လုံးမှာလည်း တစ်ယောက်နှင့် တစ်ယောက် ကျီစားနေကြပုံက ပန်းခြံထဲရောက်နေသည့် အလား..။ ကျန်ဝိုင်းများကတော့ သူတို့အတွဲကို သတိထားမိကြပုံမရ..။ နောက် စားပွဲထိုးလေးကို ခေါ်ပြီး ငွေရှင်းတာကို တွေ့လိုက်ရသည်။ နောက် နှစ်ယောက်လုံး ထရပ်လိုက် ကြသည်။ အရပ်အမောင်း အတော်ကောင်းသော ကောင်မလေးပင်..။ ရှည်လျားလှသော ဆံပင်များက ခါးအောက်ပိုင်းထိပင်ရောက်နေလေပြီ..။ ၀ို်င်းပေါ်မှ ပစ္စည်းများသိမ်းကာ ကျွန်တော်ဘက်သို့ အလှည့် …။ ဟာ…….. အလွန် အံသြသွားမိသည်။ ပါးစပ်ထဲမှ စားနေသော အမြည်းပင် ပြုတ်ကျသွားသည်။ ကျွန်တော် အနောက်မှ တစ်ချိန်လုံး ကြည့်နေမိသော အတွဲမှာ သာမန်အတွဲမဟုတ်..။  ကျွန်တော် တစ်ချိန်လုံး မိန်းကလေးဟု ထင်ထားသူမှာလည်း မိန်းကလေး မဟုတ်..။ ဘယ်လိုတွေပါလိမ့်..။ ကျွန်တော် တွေးမိစဉ်မှာပဲ အရင်က ကျွန်တော် ကောင်မလေးဟု ထင်ခဲ့သော ပုဂ္ဂိုလ်လေးက ဘေးမှ ကောင်လေး  လက်မောင်းကို ဆွဲကာ တစ်ဆိုင်လုံးကို ဂရုမစိုက်သကဲ့သို့ ကျွန်တော့် ဘေးမှ ဖြတ်ကာ ဆိုင်မှ ထွက်သွားလေသည်။ ကျွန်တော့် ဘေးမှ အဖြတ်တွင် “ မောင့်ကို အိမ်လိုက်ပို့ပေးမယ်နော် ”  ဆိုသည့် အသံသြသြဖြင့် ညုတုတု ပြောနေသော အသံကို အော်ဂလီဆန်စွာ ကြားမိအောင် ကြားလိုက်ရသေးသည်။

နောက်တစ်ရက် ကျွန်တော် သူငယ်ချင်းတွေနဲ့ ရွှေတိဂုံ ဘုရားကို ရောက်ဖြစ်သည်။ ဘုရားရင်ပြင်မှာ လမ်းလျှောက်ရင်း သူငယ်ချင်းတွေကို စောင့်ဖို့ ဓမ္မာရုံတစ်ခုရဲ့ လှေကားမှာ ထိုင်နေမိသည်။ ကျွန်တော့်ဘေးမှာ အတွဲတစ်တွဲ လာထိုင်သည်ကို သတိထားလိုက်မိသည်။ “ ချစ်က ဘုရားမှာ ဘာတွေ ဆုတောင်းခဲ့လဲဟင်.. ” ..  ကျွန်တော့ အနားတွင် ကပ်နေသော ကြောင့် နားမထောင်ပေမယ့် ကြားနေရသည်။ “ မောင်နဲ့ ဘဝဆက်တိုင်း ပေါင်းရပါလို၏ လို့ ဆုတောင်းတာပေါ့ ” ကောင်မလေးရဲ့ ဖြေသံကို ကြားလိုက်မိသည်။ အော်… ချစ်ကြတာ ချစ်ကြတာ..။ ငှက်ဖြစ်ရင်တောင် တစ်ကိုင်းထဲ၊ ငံပြာရည်ဖြစ်ရင်တောင် တစ်ပုလင်းထဲ ဆိုတာမျိုးပေါ့..။ အဲ..  နှစ်ယောက်လုံးသာ နောင်ဘဝမှာ ယောကျ်ားလေးတွေ ဖြစ်ရင်ကော …ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်…….။

အရင်နေ့ညက ဘီယာဆိုင်မှ အတွဲကို မျက်စိထဲ တန်းခနဲ ပြေးမြင်လိုက်မိပါသည်။

အချစ်မဲ့ဂစ်တာ
Feb 18, 2010

Tuesday, January 12, 2010

နှစ်နှစ်ပြည့် ၁၀၀ ပို့စ်


ခုဆိုရင် ပတ္တမြားမြေ ဆိုတဲ့ ဘလော့စပေါ့လေးကနေ အစပျိုးပြီး ဖြစ်တည်လာခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်မဲ့ဂစ်တာ ဘလော့ဟာ ဆိုရင် နှစ်နှစ် တင်းတင်းပြည့်ခဲ့ပါပြီ..။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို နှစ်နှစ်ပြည့်တဲ့ အချိန်နဲ့ ခု တင်လိုက်တဲ့ ပို့စ်ဟာ ကျွန်တော့ရဲ့ ၁၀၀ မြောက် ပို့စ်အဖြစ်နဲ့ တစ်ထပ်ထဲကျနေပါတယ်..။ ဟိုး ပတ္တမြားမြေ ဘလော့မှ စလို့ အချစ်မဲ့ဂစ်တာ ဘလော့ထိအောင် မျက်စိအညောင်းခံ၊ လက်အညောင်းခံ၊ ပိုက်ဆံ အကုန်ခံပြီး လာရောက်လည်ပတ်ကြသူတွေ သူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူး အထူးတင်မိပါတယ်..။


ဟိုအရင် ပတ္တမြားမြေ ဘလော့ကိုတော့ မိုးကုတ်မြို့အကြောင်းတွေပဲ တင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်ဖြစ်ခဲ့ပါတယ်….။ ဒါပေမယ့် တဖြည်းဖြည်း ကိုယ့်မြို့နာမည်နဲ့ တင်ထားတဲ့ ဘလော့ဖြစ်နေတော့ တွေးမိတာတွေကို ရေးချင်လာတဲ့ အခါ မိုးကုတ်မြို့နဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးအကြောင်းတွေ ဖြစ်နေလေတော့ ဘယ်မှာတင်လို့ တင်ရမှန်းမသိဖြစ်လာပါတယ်.။ တဖြည်းဖြည်း မိုးကုတ်မြို့ဆိုပြီး ခေါင်းစဉ်တင်ထားတဲ့ အတွက် ရေးချင်တာတွေနဲ့ မရေးသင့်တာတွေ ချင့်ချိန်ပြီး ဘောင်ကျဉ်းလာသလို ခံစားရတာကြောင့် ဒီ အချစ်မဲ့ဂစ်တာ ဆိုပြီး စတင်ပုံဖော်ဖြစ်ခဲ့ပါတယ်..။ ဒီဘလော့လေးကို အစပျိုးပြီး မကြာပါဘူး မိုးကုတ်မြို့လေးကို ခွဲခွာပြီး ထွက်လာခဲ့ရတော့ နောက်ပိုင်း ပတ္တမြားမြေ ဘလော့ကို သိပ်မကိုင်ဖြစ်တော့ပဲ ဒီဘလော့လေးမှာပဲ ပျော်မွေ့ခဲ့ပါတယ်..။ ပတ္တမြားမြေ ဘလော့အတွက် ပို့စ်တွေကိုတော့ ကိုကျော်လင်းထွဋ် ( အောင်ချမ်းသာ) က ဆက်လက်ပြီး တာဝန်ယူ တင်ပေးနေပါတယ်..။


ဘလော့ဆိုပြီး စတင်ရင်းနှီးလာတာကတော့ ကိုသားဖြူ (မိုးကုတ်မီဒီယာ) ရဲ့ ကျေးဇူးကြောင့်ပါပဲ..။ မိုးကုတ်မြို့ရဲ့ ပထမဦးဆုံး ဘလော့ဂါ လို့လည်း ပြောလို့ရပါတယ်.။ နောက်ပိုင်း သားဖြိုး (ကဗျာလွယ်အိတ်လေး) အတူ ဘလော့အကြောင်းတွေကို တော်တော် လေ့လာဖြစ်ခဲ့ပါတယ်..။ ခုထိလည်း လေ့လာနေဆဲပါပဲ..။ ဒီဘလော့ကို စတည်ပြီးတာနဲ့ ရေးချင်တာတွေ ရေးတော့မယ်ကွာ.. ဘယ်သူလာမဖတ်လည်း ကိုယ့်ဖာသာပဲဖတ်မယ်ဆိုပြီး လုပ်ခဲ့တာပါပဲ..။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ ကိုယ့်ဆီကို လာလည်ကြတဲ့ သူငယ်ချင်းတွေက အားပေးကြတော့ တဖြည်းဖြည်းနဲ့ ကိုယ့်ပိုစ်တွေကိုကိုယ် ပြန်စီစစ်ဖြစ်လာခဲ့တယ်..။ လာလည်ဖတ်ရှုသူတွေကိုလည်း အားနာလာမိတယ်..။ ဒီဘလော့လေးနဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေ များစွာကိုလည်း ပိုင်ဆိုင်ခဲ့ရတယ်..။ သူတို့အားလုံးနဲ့လည်း စိတ်ချင်းရင်းနှီးမှုတွေ ရှိလာခဲ့တယ်.။


ဒီလိုနဲ့ပဲ တစ်ရက်တစ်ရက် အွန်လိုင်းကို မထိုင်ဖြစ်ရင်ပဲ ဘာလိုနေသလိုလို …။ အွန်လိုင်းတက်ဖြစ်ပြီ ဆိုတာနဲ့ ပထမဆုံး ဖွင့်မိတာ ကိုယ်ဘလော့ပါပဲ..။ နောက် စီဘောက်မှာ လာအော်သွားကြတဲ့ သူငယ်ချင်းတွေရဲ့ စကားတွေ၊ ကွန်မန့်ပေးသွားကြတဲ့ စာတွေကို ကြည့်ရင်း ပီတိဖြစ်ခဲ့ရတာပါပဲ..။ ဒီလိုနဲ့ပဲ ခုဆိုရင် နှစ်နှစ် တင်းတင်းပြည့်ခဲ့ပါပြီ..။ နှစ်နှစ်ကြာခဲ့ပေမယ့် ပို့စ်ကတော့ ခုမှ ၁၀၀ မြောက်ခဲ့တာ..။ ဒါကိုရေးကြီးခွင်ကျယ် လုပ်ပြီးများ ပို့စ်တင်နေသေးတယ်လို့ ပြောရင်လည်း ခံရမှာပါပဲ..။ ရှက်စရာပါပဲလားနော်…။ ဒါပေမယ့်လည်း အမှတ်တရအနေနဲ့ပဲ ဒီပို့စ်လေးကို တင်လိုက်ပါတယ်…။


အမြဲ လာရောက်အားပေးကြတဲ့ သူငယ်ချင်းများ ၊ စီဘောက်မှာ ရေးသွားကြတဲ့ သူငယ်ချင်းများ၊ ကွန်မန့်တွေ ပေးသွားကြတဲ့ သူငယ်ချင်းများ၊ ဘာမှမရေးပဲ စာတွေကိုပဲ အစဉ်လာရောက်ဖတ်ရှုကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်…..။




အချစ်မဲ့ဂစ်တာ

12.Jan.2010



Thursday, January 7, 2010

သောက်တလွဲ ကျောက်ခဲ



ကျွန်တော့်နာမည် ကျောက်ခဲ..။ ဒီလောကမှာ သန်းပေါင်းများစွာရှိတဲ့ ကျောက်ခဲတွေထဲက တစ်လုံးပေါ့ဗျာ..။ ကျွန်တော်တို့ မျိုးရိုးတွေထဲမှာ အနီမျိုးရိုးတို့ အပြာမျိုးရိုးတို့ဆိုရင် ဂုဏ်ကြီးရှင်မျိုးတွေပေါ့ဗျာ..။ သူတို့တွေက တစ်မြို့ထဲသားတွေလေ.. သူတို့အားလုံးဟာ တန်ဖိုးရှိတဲ့အမျိုးတွေ ဆိုပါတော့။ သူတို့တွေဟာ တစ်ခါတစ်ခါဆိုနိုင်ငံခြားသွားကြတယ်ဗျ။ သူတို့ သူဌေးတွေက ချမ်းသာကြတာကိုး။ အဆင်ပြေရင် နိုင်ငံခြားမှာ နေခဲ့ကြတာတွေ ရှိသလို အဆင်မပြေလို့ သူတို့သူဌေးတွေနဲ့ ပြန်လိုက်လာကြတာတွေလည်း ရှိတယ်ဗျ။ တစ်ချို့တွေများဆိုရင် နိုင်ငံခြားကို ဘယ်သူမှမသိလို်က်ပဲ ရောက်သွားတာတွေ အများကြီးပဲလေ..။

ကျွန်တော်တို့မျိုးရိုးကတော့ သာမန်မျိုးရိုးဆိုပါတော့ဗျာ။ ကျွန်တော်တို့ ဘဝဟာ နိုင်ငံခြားဆိုတာ အဝေးကြီးမှာပေါ့။ ဒါပေမယ့်လည်း ကျွန််တော်တို့ဟာ လောကကိုကျရာနေရာကနေ တာဝန်ကျေချင်တဲ့ စိတ်တွေရှိတယ်လေ။ အနီမျိုးရိုးတို့ အပြာမျိုးရိုးတို့ဆိုရင် လောကကို အလှဆင်ပြီးတာဝန်ကျေကြတယ်မဟုတ်လားဗျ.။ဒီတော့ ကျွန်တော်တို့လည်း ကျောက်ခဲဖြစ်ရကျိုးနပ်ပြီး တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်တာတော့ အမှန်ပဲဗျ..။

တစ်ရက်တုန်းကပေါ့.။ ကျွန်တော်တို့ အမျိုးတွေ အားလုံးပျော်ခဲ့ကြတယ်ဗျ.။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ကျောက်ခဲဖြစ်ရကျိုးနပ်ဖို့ အခွင့်အလမ်းရလာလို့လေ။အားလုံးကို ကျွန်တော်တို့ သူဌေးက ကားတစ်စီးနဲ့ လာခေါ်တယ်။ နောက်သူ ထားခဲ့တဲ့ နေရာမှာ အားလုံး စောင့်ဆိုင်းနေကြတာပေါ့ဗျာ။ ကျွန်တော်တို့ကို မြင်တဲ့ သူတွေ အားလုံးကလည်းပျော်ရွှင်နေကြတာပေါ့။ သူတို့တွေ သွားရေးလာရေး အဆင်ပြေကြတော့မှာကိုး။ ဒါပေမယ့်ဗျာ.. တစ်ရက်ပြီးတစ်ရက်သာ ကုန်သွားတယ်.. ကျွန်တော်တို့ဟာာသူတို့ ထားခဲ့တဲ့နေရလေးမှာ ငုတ်တုတ်လေးတွေ ထိုင်လို့ပဲဗျ.။ မိုးရွာတော့လည်း ဒီအတိုင်းလေးပဲ။ နေပူတော့လည်း ဒီအတိုင်းလေးပဲလေ။ အချိန်နည်းနည်းကြာတော့ကားတစ်စီးနဲ့ ကျွန်တော်တို့ကို ပြန်လာခေါ်သွားတယ်။ ကျွန်တော်တို့လည်း သူတို့ခေါ်တဲ့ နောက်ကို လိုက်လာခဲ့ရတာပေါ့။ သူတို့ဟာ ကျွန်တော်တို့ကို နောက်ထပ်တစ်နေရာကို ပြန်ပို့တယ်။ ကျွန်တော်တို့လည်း လောကအတွက်ပဲလေဆိုပြီး စိတ်ရှည်ရှည်ထားပြီး စောင့်နေကြပါတယ်။ ဒီနေရာမှာလည်း အချိန် တော်တော်ကြာတော့ကားနဲ့လာခေါ်ပြီး နောက်တစ်နေရာကို ထပ်ပို့ပြန်တယ်ဗျ.။

ဒီလိုနဲ့ ကျွန်တော်တို့ အမျိုးတွေဟာ တဖြည်းဖြည်း လုံးပါးပါးကုန်တော့တာပါပဲ။ တစ်နေရာရွေ့တိုင်း ကျန်ခဲ့တဲ့သူနဲ့၊ အဝေးကိုလွင့်သွားခဲ့တဲ့သူနဲ့လေ။ ဒါပေမယ့်ကျွန်တော်တို့ သူဌေးကတော့ ရာထူးတွေတက်လို့ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားတယ်လေ။ ကျွန်တော်တို့ ဘဝတွေကတော့ ကားပေါ်ရောက်လိုက်၊လမ်းပေါ်အိပ်လိုက်နဲ့ လုံးပါးပါးရင်း……………….။

 အချစ််မဲ့ဂစ်တာ

Monday, January 4, 2010

လူလည်ကြီး သားသမီး




သန့်ရှင်း သပ်ရပ်၍ ညီညာလှပစွာ ခင်းကျင်းထားသော ထိုဆိုင်လေးထဲတွင် စားသုံးသူများစွားဖြင့် စည်ကားလျှက်ရှိလေသည်။ စားပွဲထိုးလေးများ ကလည်း  စနစ်ကျလှစွာ ဝန်ဆောင်မှုကောင်းလှသည်။ ထိုဆိုင်လေးကတော့ မြန်မာနိုင်ငံရဲ့ ရှေးဟောင်း မြို့တော် တစ်ခုဖြစ်တဲ့ ပုဂံမြို့လေးမှ ပင်ဖြစ်သည်။ ကောင်းမွန်သော ချက်ပြုတ်မှု လက်ရာများကြောင့် ထိုဆိုင်လေးမှာ လူပြတ်သည် မရှိ..။ အမြဲ တစ်ဝိုင်းစ နှစ်ဝိုင်းစတော့ ပုံမှန်ရှိနေတတ်သည်။

တစ်ရက်မှာတော့ ထိုဆိုင်လေးထဲသို့ တိုးရစ်တစ်ယောက် ဟိုကြည့် ဒီကြည့်ဖြင့် ရောက်လာကာ ဆိုင်အတွင်းရှိ စားပွဲဝိုင်းအလွတ်တစ်ခုတွင် ဟန်ပါပါ ဝင်ထိုင်လိုက်လေသည်။ မကြာမီ စားပွဲထိုးလေးတစ်ယောက် ရောက်လာကာ  မီနူးကဒ်ကို တိုးရစ်ရှေ့သို့ အသာချပေးလိုက်ရင်း “ ဘာများ သုံးဆောင်မလဲ ” လို့  အဓိပ္ပာယ်သက်ရောက်သော စကားစုတစ်ခုကို သူ အလွတ်ကျက်မှတ်ထားသည့် အတိုင်း သွက်လက်စွာမေးလိုက်သည်။ တိုးရစ်ကြီးကလည်း မီနူးကဒ်ကို စတိုင်အပြည့်ဖြင့် လှမ်းယူလိုက်ပြီး စာမျက်နှာ တစ်ရွက်ကို စတင်လှန်လိုက်သည်။ ပြီး နောက်တစ်ရွက် ..။ နောက်တစ်ရွက်..။ သူ မျက်မှောင်တစ်ချက်  ကျုံ့သွားသည်။ တော်တော်လည်း စိတ်ညစ်သွားပုံပေါ်သည်။ ညစ်လည်း ညစ်ချင်စရာပင်..။ စားပွဲထိုးလေး ချပေးလိုက်သော မီနူးကဒ်လေးထဲတွင် ထိုအချိန်က အင်္ဂလိပ်လို တစ်လုံးမှ မပါ..။ အားလုံးဟာ မြန်မာလိုချည်း….။ ဒါနဲ့ သူလည်း မီနူးကဒ်ကို ပြန်ချပြီး ဘေးဘီသို့ တစ်ချက် အကဲခတ်လိုက်သည်။ သူ့ဘေးချင်းကပ်ရက် ဝိုင်းတစ်ခုတွင် လူတစ်ယောက်…။ သူ့စားဝိုင်းပေါ်တွင် ထမင်းနှင့် ဟင်းပွဲများမှာ အပြည့်..။ စားသောက်နေပုံမှာလည်း ဘေးကနေကြည့်လျှင်  သွားရည်ကျချင်စရာ..။ ဒါနဲ့ သူလည်း စားပွဲထိုးကို ခေါ်ကာ သူ့ဘေးဝိုင်းသို့ လက်ညှိုးထိုးပြကာ ၎င်းပုံစံမျိုးချပေးရန် စားပွဲထိုးကို နားလည်အောင် ပြောလိုက်သည်။

မကြာခင်အချိန်မှာပဲ သူ့စားပွဲပေါ်သို့ အရံဟင်းခွက်ပေါင်းများစွာဟာ ငပိရည်၊ တို့စရာ တို့နှင့် အတူ ဦးစွာရောက်လာသည်။ ထမင်းနှင့် အဓိက ဟင်းမှာကား ရောက်မလာသေး..။ သူလည်း ငပိရည်နှင့် တို့စရာကို တစ်ချက်ကြည့်ကာ ဘေးဝိုင်းမှ တစ်ယောက် စားသောက်နေပုံကို အကဲခတ်လိုက်သည်။ ဟိုတစ်ယောက်ကတော့  ခေါင်းပင်မဖေါ်..။ ခဏအကြာတွင် ထမင်းနှင့် အဓိကဟင်းပွဲရောက်လာသည်။ သူလည်း စားပွဲပေါ်မှ ဟင်းခွက်ပေါင်းများစွာကို သေချာကြည့်ကာ အရံဟင်းတစ်ခွက်ကို လက်ညိုးထို၍  စားပွဲထိုးလေးအား “how much..?” လို့ မေးလိုက်သည်။ စားပွဲထိုးလေးကလည်း အရံဟင်း ဖြစ်သောကြောင့် လက်ဆောင်ဖြစ်ကြောင်း အင်္ဂလိပ်လို ပြန်ဖြေလိုက်သည်။ ဒါနဲ့ နောက် အရံဟင်း တစ်ပွဲကို ညွှန်ပြကာ မေးပြန်သည်။ စားပွဲထိုးလေးကလည်း လက်ဆောင်ဖြစ်ကြောင်း ပြောသည်။ ဒီလိုနှင့် နောက် အရံဟင်းတစ်ခွက် ..။ နောက်တစ်ခွက်..။ နောက်တစ်ခွက်နှင့် စားဝိုင်းမှ အရံဟင်းပွဲများ ကုန်သွားလေပြီ..။ ဒါနဲ့ အသားဟင်းဖြစ်သော အဓိကဟင်းပွဲကို လက်ညှိုးထိုးကာ မေးတော့ စားပွဲထိုးလေးမှ “2500 ks” လို့ အင်္ဂလိပ်လို ပီသစွာ ပြန်ပြောလေသည်။ စားဝိုင်းတစ်ခုလုံးမှ ဟင်းပွဲများကို တစ်ခုမကျန်အောင် သူမေးပြီးလေပြီ..။ သူ့စိတ်ထဲ တစ်ခုခုကို ကျေနပ်သွားပုံရသည်။

နောက် အသားဟင်းဖြစ်သော အဓိက ဟင်းခွက်ကို ကြည့်သည်။ အရံဟင်းများဖြစ်သော ပဲဟင်း၊ ချဉ်ပေါင်ကြော်၊ ပုန်းရည်ကြီးသုပ်၊ ကြက်ဟင်းခါးသီးကြော်.. စသ်ညများနှင့် ငါးပိရည် အတို့ များကိုကြည့်ကာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချပြီးဟန်ဖြင့် သူ့ရှေ့မှ အသားဟင်းကို ကောက်ကိုင်ကာ စားပွဲထိုးလေး လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး “ i don’t need it ” ဟုပြောကာ လက်ခါပြလိုက်သည်။ နောက် ချထားပေးသော ဇွန်းနှင့် ခရင်းကို ကိုင်ကာ ရှေ့မှ  သူ့ ထမင်းပန်ကန်ထဲသို့ အရံဟင်းများကို လောင်းထည့်ကာ အရသာရှိသော ဟန်ဖြင့် အားရပါးရ စတင် စားသောက်လေတော့သည်။ စားပွဲထိုးလေးကတော့ အသားဟင်းခွက်ကိုကိုင်ကာ ဘေးတွင် ကြောင်ကြည့်လျှက်…။

အော်…. သူ့ အတွေးနဲ့ သူကတော့ လေးစားလောက်ပါရဲ့…။

#အချစ်မဲ့ဂစ်တာ