Tuesday, February 24, 2009

ဆောင်းတွင်း အိပ်မက်



စူးရှလွန်းလှသော အသံကြောင့် ကျွန်တော် လန့်နိုးလာခဲ့တယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လေယာဉ်တစ်စင်းပေါ်ရောက်နေခြင်းပါ။ ဘေးမှာက တရုတ်မလေးတစ်ယောက်။ ကျွန်တော်က ဒီလေယာဉ်က ဘယ်ကိုသွားမှာလဲလို့ တရုတ်လိုမေးလိုက်တော့ သူက အမေရိကားကို သွားနေတာလို့ ရုရှလိုပြန်ပြောနေတယ်။ အဲဒီအချိန်မှာ မုန့်စိမ်းပေါင်းတစ်ထုပ်နဲ့ မကျည်းဖျော်ရည်တစ်ခွက် ကျွန်တော့်ရှေ့ကို လာချတာတွေ့လို့ ကြည့်လိုက်တော့ J-Lo ဖြစ်နေတယ်။ သူက လိုတာရှိရင် မှာပါလို့ မြန်မာလို့လည်း ပြောလိုက်သေးတယ်။ ကျွန်တော်လည်း စားမလို့ ဇွန်းနဲ့ ခရင်းကို ကိုင်ကာရှိသေးတယ် လေယာဉ်က သင်္ဘောဆိပ်ကမ်းကို လာကပ်တယ်။

လေယာဉ်ပေါ်က ဆင်းတော့ အမေရိကားလေဆိပ်မှာ ဆာရီခြုံထားတဲ့ ကုလားမလေးတွေ အများကြီး လာကြိုနေတယ်။ ကျွန်တော်လည်း ကော်ဇောနီကြီးပေါ်မှာ ဖြတ်လျှောက်ရင်း အားလုံးကို လက်ပြနှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ လေဆိပ်က ထွက်တော့ ကားမှတ်တိုင်မှာ ဘတ်စ်ကားတစ်စီးကို အဆင်သင့်တွေ့တာနဲ့ အမြန်ပြေးတက်ပြီး လိုက်သွားတယ်။ ကျပ်လိုက်တဲ့ကားဗျာ..။ ခြေချစရာတောင် နေရာမရှိဘူး။ သွားနေတဲ့ လမ်းကလည်း ဆိုးမှဆိုး ။ မုန့်လင်မယားအိုးက အဘားအဘား ခေါ်လောက်တယ်။ စပယ်ယာကလည်း ဆိုးလိုက်တဲ့ အပေါက်။ ကားပေါ်က လှမ်းကြည့်တော့ ပီဇာဆိုင် တစ်ဆိုင်ကိုတွေ့တာနဲ့ ကားပေါ်ကနေ အတင်းတိုးဆင်းမိတယ်။ ဗိုက်ကလည်း ဆာလာသလိုလိုဆိုတော့လေ။ ကားပေါ်ကဆင်းပြီးတော့ ဒီလောက်ကျပ်တဲ့ကား ဘာကားပါလိမ့်လို့ သိချင်တာနဲ့ ကားကို တစ်ချက်ကြည့်လိုက်တယ်။ မထသ ၃၉ ။ ကျွန်တော် စိတ်ဓါတ်ကျသွားတယ်။ မြန်မာနိုင်ငံမှာဆို ဒီလိုမဟုတ်။

လမ်းလျှောက်ပြီး ပီဇာဆိုင်ထဲဝင်လိုက်တော့ ဆိုင်ထဲမှာ လူတစ်ယောက်မှ မရှိ။ ဆိုင်ရှင်က ငြီးငြူနေတယ်။ ဆိုင်ရောင်းရတာ အလုပ်မဖြစ်ကြောင်း။ ဘာအခွန် ညာအခွန် နဲ့ လာလာကောက်တာတွေ များနေကြောင်း။ အရင်တုန်းက အမေရိကားနဲ့ မတူကြောင်း။ သူ့သားနှစ်ယောက်ကိုတောင် ခု အရမ်းတိုးတက်လာတဲ့ မြန်မာနိုင်ငံကို လွတ်ဖို့ စဉ်းစားနေကြောင်း။ ခုနောက်ပိုင်း မြန်မာနိုင်ငံကို သွားဖို့ မလွယ်ကြောင်း။ အေးဂျင့်တွေကလည်း စိတ်မချရကြောင်း။ အမေရိကားမှာ ရတဲ့ ၀င်ငွေနဲ့ မိသားစု စားလို့မလောက်ကြောင်း။ ခုနောက်ပိုင်း အမေရိကက လူငယ်တော်တော်များများလည်း မြန်မာနိုင်ငံကို အထွက်များကြောင်း အများကြီးပြောပြနေတယ်။ ကျွန်တော်လည်း သူပြောတာကို အီကြာကွေးနဲ့ လက်ဖက်ရည်ကျဆိမ့် တစ်ခွက်သောက်ရင်း နားထောင်နေလိုက်တယ်။

ပီဇာဆိုင်က ပြန်ထွက်လာတော့ လမ်းမှာ ဘုန်းကြီးတွေ အများကြီးကို တွေ့ရတယ်။ ကျွန်တော်ဘက်ကို ပြေးလာနေကြတယ်။ အနောက်မှာ နေတိုးတပ်ဖွဲ့တွေက အတင်း လိုက်နေကြတယ်။ ကျွန်တော်လည်း ဘာမှန်းမသိပဲ မေတ္တာသုတ်ကို ရွတ်နေမိတုန်း စစ်သားတစ်ယောက်က ကျွန်တော့်ကိုဂုတ်ကနေ လာဆွဲခေါ်သွားတယ်။ နောက် ကျွန်တော်ကို အိုဘားမားနဲ့ တွေ့ခိုင်းတယ်။ အိုဘားမားက မာမူသတင်းထောက်ကြီးကို လမ်းမလည်ကောင်မှာ သေနတ်နဲ့ ပစ်တာ ကျွန်တော်ပါလို့ စွပ်စွဲတယ်။ ကျွန်တော်လည်း ရပ်ကွက်ကပေးတဲ့ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကို ပြလိုက်တော့ ပြန်လွတ်ပေးလိုက်တယ်။ ဆက်သွားရင်းနဲ့ ဟိုတယ်တစ်ခုရှေ့ရောက်တော့ အနားယူချင်စိတ် ဖြစ်လာတာနဲ့ ဟိုတယ်ပေါ်ကိုတက်တော့ မီးက ပြတ်သွားတယ်။ ဟိုတယ်က ကုလားလေးတွေကို မေးကြည့်တော့ အမေရိကားမှာ ခု မီးက အလှည့်ကျလာနေတယ်လို့ပြောတယ် ဒီနေ့က မီးပြတ်ရက်တဲ့။ စိတ်ကုန်လိုက်တာဗျာ..။

ကျွန်တော်လည်း အမေရိကားမှာ ဒီလောက်ဆိုးရွားနေတာ မနေချင်တော့တာနဲ့ မြန်မာနိုင်ငံကို ပြန်ဖို့ ပတ်စပို့သွားလုပ်တယ်။ တိုးလိုက်ရတာဗျာ။ စောင့်ရတာလည်း ပြောမနေနဲ့တော့။ ဒါနဲ့ စိတ်ပြေလက်ပျောက်ဆိုပြီး IC ရှိုးသွားကြည့်တယ်။ စင်ပေါ်မှာ ဆိုနေသူက ပိုးအိစံ ။ သူက `အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ ´လို့ ဆိုနေတုန်းမှာပဲ မျိုးကြီးက စင်ပေါ်တက်လာပြီး `ရယူခြင်းမဟုတ်ရင် အချစ်က ဘာလဲ´ ဆိုပြီး တက်ဆိုပြီးတော့ ထချကြတာ နောက်ဆုံးတော့ ဒွေးသေသွားခဲ့တယ်။ ဒါနဲ့ ကျွန်တော်လည်း ပတ်စပို့ရုံးကို ပြန်သွားပြီး တာဝန်ရှိသူတွေကို စာအိတ်လေးပေးလိုက်တာ ပတ်စပို့တန်းရတာပဲ။ ပြန်ရတော့မယ်ဆိုတော့ အွန်စောလေးကို သွားနှုတ်ဆက်တော့ ဖက်ဖက်ပြီး ငိုလိုက်တာကို ပြောမနေနဲ့တော့။ ကျွန်တော်လည်း နှစ်သိမ့်ရင်း ပုခုံးလေးကို ကိုင်ပြီး ပါးလေးကို နှုတ်ခမ်းလေးနဲ့ ကပ်လိုက်တုန်း….

ဒုံး……

ကျွန်တော် လန့်နိုးသွားတယ်။ ကြောင်က ဗီဒိုပေါ်ကနေ ခုန်ချလိုက်ခြင်းပင်။ ဆောင်းတွင်းအိပ်မက် ကယောက်ကယက်ဆိုတဲ့ အတိုင်းပဲ။ ဘာတွေ မက်နေမှန်းလဲမသိ။ အစီအစဉ်လည်း မကျ။ အိမ်ကကြောင်ကိုတော့ တော်တော် စိတ်ဆိုးသွားခဲ့တယ်ဗျ…။ ဘယ့်နှယ် … ကောင်းခန်းရောက်မှဗျာ။

အချစ်မဲ့ဂစ်တာ

2009

Monday, February 23, 2009

ဘဝဆိုတာ ...




လူတစ်ယောက် ကျွန်တော့ရှေ့တည့်တည့်မှ လမ်းလျှောက်လာနေသည်။ သူသည် အသက်အရွယ်ကြီးရင့်နေပြီး ချိုင်းထောက်တစ်ခုကို အားပြုကာ တရွေ့ရွေ့နှင့်လျှောက်နေခြင်းဖြစ်သည်။ တဖြည်းဖြည်း နီးလာတော့မှ ကျွန်တော်သူ့ကို မှတ်မိလိုက်သည်။ သူ့နာမည်မှာ ဦးရေခဲ။ နာမည်နဲ့ လိုက်အောင်လည်း သူသည် လူရိုး လူအေးတစ်ယောက်ဖြစ်သည်။  သူ့အသားအရေများမှာ နေလောင်ထားသောကြောင့် ညိုမောင်းနေပြီး ပါးစပ်လည်း အနည်းငယ်ရွဲ့နေသေးသည်။ မကြာခင်ကမှ လေဖြတ်ထားမှန်း သိသာလှသည်။ ယခုမှ  လမ်းပြန်လျှောက်နိုင်ခြင်း ဖြစ်နိုင်သည်။ ကျွန်တော်က သူ့ကိုစတင်နုတ်ဆက်လိုက်သည်။

“ ဟာ ဦးရေခဲပါလား ၊ ဘယ်တွေပျောက်နေလဲဗျ ”

ကျွန်တော် သူနှင့် နောက်ဆုံးတွေ့လိုက်သည်မှာ လွန်ခဲ့သော တစ်နှစ်ကဖြစ်သည်။ ယခုပြန်တွေ့သောအခါ သူသည် လွန်စွာမှ အိုစာသွားသည်ဟု ထင်မိသည်။ သူ့မျက်လုံး များသည်လည်း အရောင်အတော်ပင် မှေးမိန်လျှက်ရှိသည်။ တကယ်တော့ သူသည် ကျွန်တော်တို့ စျေးထဲတွင် ကုန်ထမ်းသမားတစ်ယောက်ပင်ဖြစ်ပါသည်။ သူက ကျွန်တော့်ကိုမြင်သောအခါ ဝမ်းသာအားရနှင့် ပြုံးပြရင်း

“ အော်.. ကိုမောင်ပါလား.. မင်းကိုလည်း မတွေ့ရတာကြာပြီ၊ ငါလည်း နေမကောင်းဖြစ်နေတာနဲ့ အလုပ်မလုပ်နိုင်တာကြာပေါ့။  ခုမှ ပြန်သက်သာလာတာနဲ့ အလုပ်လိုက်ရှာ နေတာကွ ”
သူ အလုပ်လိုက်ရှာနေသည်တဲ့။ သူ့တွင် သားသမီး (၅) ယောက်ရှိသည်ကို ကျွန်တော်သိပါသည်။ သူ့မိန်းမမှာတော့ ဆုံးပါးသွားသည်မှာလည်း အတော်ကြာနေလေပြီ။ထိုသားသမီး
(၅) ယောက်စလုံးကိုလည်း သူ ကုန်ထမ်းကာ ကျွေးမွေးခဲ့သည်။  ယခုသူ့သားသမီးများမှာ အရွယ်ရောက်နေကြပြီ။ ဒါကိုပင် ယခုသူက အလုပ်ရှာနေသည် ဆိုတော့

“ ခင်ဗျားသားသမီးကရောဗျ.. ဘာလို့ ခင်ဗျားက အလုပ်လုပ်နေဦးမှာတုန်း.. ခင်ဗျားသားသမီးတွေ ကျွေးတာနဲ့ အေးအေးဆေးဆေး အနားယူတော့လေဗျာ..”

သူ့သားသမီး လို့ကျွန်တော်ဆိုလိုက်သောအခါ သူ့မျက်လုံးများ ရုတ်တရက် အရောင်လက်သွားသည်။

“ငါ့သားသမီးတွေထဲက ၃ ယောက်က နိုင်ငံခြားရောက်ကုန်ပြီကွ.. ကျန်တဲ့ နှစ်ယောက်ကတော့ ဒီမှာရှိတယ်။ သူတို့လည်း သူတို့အပူနဲ့ သူတို့ဟ .. ငါ့ဆီလည်း မလာတာကြာပေါ့”

သူ ဒီလိုပြောရင်းဖြင့် သူ့မျက်လုံးများမှာ အရင်ထက်ပင် ပြန်လည်မှေးမိန်သွားခဲ့သည်။ အော်.. (၃)ယောက်က နိုင်ငံခြားမှာတဲ့လား။  သူ့အဖေဒီလိုဖြစ်နေတာကို သိကြရဲ့လားမသိ။ ဒီမှာရှိသော (၂) ယောက်ကရော ဘာတွေလုပ်နေကြသနည်း။ သူတို့တွေ လူလားမြောက်တဲ့အထိ ကုန်ထမ်းကာ ကျွေးမွေးခဲ့သော ကိုယ့်ကျေးဇူးရှင်မွေးသဖခင်ကို သူတို့ ဒီအတိုင်းပစ်ထားကြတာလား။ ဒါဟာ ဘယ်လိုပဲပြောပြော မဖြစ်သင့်ဘူးဟု ကျွန်တော် ထင်မိသည်။ ဒီလိုမိဘကို ပြန်မကြည့်ကြသော သားသမီးများလည်း ဒီလောကတွင် ဘယ်လောက်များရှိနေမလဲ။ သူကတော့ သူ့သားသမီးတွေကို အပြစ်မမြင်၊ သူ့ဝမ်းစာအတွက် သူ့ဖာသာပင် ကျန်းမာရေးမကောင်းသည့်ကြားမှ ဖြစ်သလိုရုန်းကန်နေသည်။ ဟိုးအတိတ်က သူ၏ သားသမီးများကို သူပြုစုပျိုးထောင်ခဲ့သမျှသည် အတိတ်မှာပင် ကျန်ခဲ့ပြီး သူ့အနာဂတ်ကို သူတစ်ယောက်ထဲသာ ဆက်လက်ဖန်တီးနေရရှာသည်။

“ အေးကွာ မင်းကိုတွေ့ရတာ ဝမ်းသာတယ်…ငါလည်း အလုပ်လိုက်ရှာရဦးမယ်ဟေ့.. အသက်ကြီးပေးမယ့် ငါအလုပ်လုပ်နိုင်ပါသေးတယ်ကွ ”

ပြောပြောဆိုဆိုနှင့်ပင် ကျွန်တော့်ပုခုံးကို တစ်ချက်ကိုင်ပြီး သူ့ချိုင်းထောက်လေးကို အားပြုကာ ဆက်လက်ထွက်ခွာသွားလေသည်။ ကျွန်တော့်မှာတော့ သူ့ကျောပြင်ကို  အတွေးပေါင်းများစွာနှင့် စိုက်ကြည့်နေမိရင်း မြင်ကွင်းမှ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

Monday, February 16, 2009

အချစ်လား




အချစ်လား
ခြင်္သေ့ပုံ စက္ကူတွေ နောက်မှာ
ခွက်ချင်းတိုက်နေတယ်
အချစ်လား
သံယောဇဉ်နဲ့ ကိုယ်ကျင့်တရားကြားမှာ
ကြိုးတန်းလျှောက်နေတယ်
အချစ်လား
ဆက်သွယ်မှု ဧရိယာပြင်ပမှာ
ကခုန်နေတယ်
အချစ်လား
နေရောင်ကို မမြင်တော့ပဲ
လရောင်နဲ့သာ ပျော်မြူးနေတယ်
အချစ်လား
လှိုင်းထနေတဲ့ ကန်ရေပြင်မှာ
မြုပ်တလှည့် ပေါ်တလှည့် ကြည့်နေတယ်
အချစ်လား
သူ့တန်ဖိုးတွေ သုညအမှတ်အောက်မှာ
လိုလိုလားလား ပျော်ဝင်နေတယ်
အချစ်လားး………။
အချစ်လားး………။

အချစ်လား………။

အချစ်မဲ့ဂစ်တာ
၁၆-၀၂-၂၀၀၉

Thursday, February 5, 2009

ဖေဖော်ဝါရီ တစ်ဆယ်သုံးမှာ



` ဦးရေ… ဗယ်လင်တိုင်း နေ့မှာ ဘာလုပ်မလဲဗျ ´
 ကျွန်တော့်တူ ရှစ်တန်းကျောင်းသားလေး က ကျွန်တော်ကို မေးလိုက်ခြင်းပါ။ ဒါနဲ့ ကျွန်တော်ကလည်း သူ့ကို ရုတ်တရက် ပြန်ပြီး
` နေပါဦးဟ အဲဒီနေ့က ဘယ်နေ့တုန်း ´ လို့ မသိချင်ဟန်ဆောင်ပြီး ပြန်မေးလိုက်ပါတယ်..။ ` အာဗျာ.. ဦးကလည်း သိရက်နဲ့ သားကို ပြန်မေးနေတယ်.. ဖေဖော်ဝါရီ (၁၄ ) ရက်နေ့လေဗျာ ´ လို့ မကြည်သလို ကြည့်ပြီး ပြန်ပြောပါတယ်။
ကျွန်တော်ကလည်း ပြန်ပြီး`ဒါနဲ့ ဖေဖော်ဝါရီ (၁၃) ရက်နေ့ကရောကွ ဘာနေ့လဲ သိလား ´ ဆိုတော့ သူက တစ်ချက်စဉ်းစားးတယ်ဗျ.. နောက် လက်ချိုးကြည့်ပြီး
`ဖေဖော်ဝါရီ (၁၃) ရက်က သောကြာနေ့လေဗျာ.. ဘာလို့လဲ ပုံမှန်ရက်တစ်ရက်ပဲ မဟုတ်လား ´ တဲ့……။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိလာပြီး ခေါင်းကို တစ်ချက် ထုလိုက်ပါတယ်…။
` တယ် ငါထုလိုက်ရ.. ဘယ်က သောကြာနေ့လဲ ဘယ်က ပုံမှန်ရက်တစ်ရက်လဲ .. ငါတို့ နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကွ ´
ဆိုမှ`
အော်.. မှတ်မိပြီဗျ…. ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာထဲမှာ ပါတာပဲ….. မေ့တောင်နေပြီ .. ကျွန်တော်က ဖေဖော်ဝါရီ ဆိုရင် ဗယ်လင်တိုင်းနေ့ ရှိတာပဲ သတိရတာဗျ…ဗိုလ်ချုပ်မွေးနေ့ဆိုတာတောင် သတိမထားမိပါဘူး… ´ တဲ့ဗျာ……….။
—————————————————-
ကဲဗျာ… ဘယ့်နှယ်လုပ်ကြရပါ့.. ကလေးတွေတောင် ဗိုလ်ချုုပ်မွေးနေ့ကို သတိမရကြတော့ဘူးတဲ့..။ ထားလိုက်ပါတော့ ကလေးတွေက ငယ်သေးလို့ သတိမရတာ။ လူကြီးတွေ ကရော.. သတိရကြပါရဲ့လား။ ဗယ်လင်တိုင်းဒေးကိုတော့ သတိရပြီး ဗိုလ်ချုပ်မွေးနေ့ကို သတိမရကြတဲ့ လူကြီးတွေရော ဘယ်လောက်များနေပါသလဲ။ စဉ်းစားမိရင် စိတ်မကောင်း အတော်ဖြစ်မိတယ်ဗျာ..။

ခုနောက်ပိုင်းတွေမှာ ကလေးတွေဟာ ဗိုလ်ချုပ်ကို သိပ်မသိတော့တာလဲ အပြစ်လို့ ဆိုလို့မရဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတွေမှာ နိုင်ငံတော် အလံကို အလေးပြုရင် အရှေ့ကနေ ` ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား …… အလေးပြု ´ လို့ ဆိုခဲ့ကြပေမယ့် ခုနောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ မပါတော့ပဲ `ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်း များအား … အလေးပြု ´ ဆိုတာပဲ ကြားနေရတာတွေ၊ နောက် ကျောင်းတွေ ရုံးတွေမှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို နိုင်ငံတော် အလံရဲ့ အောက်မှာချိတ်ထားတာတွေဟာ ခုဆိုရင် မတွေ့ရတော့ပါဘူး..။ ဒါတွေဟာ နောင်တက်လာမယ့် ကလေးတွေကို ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို မသိတော့အောင် ဖြစ်စေတယ်လို့ ထင်ပါတယ်။

နောက်တစ်ခုကတော့ မီဒီယာပိုင်းအနေနဲ့ ဆိုရင် ဖေဖော်ဝါရီလအတွက် ထွက်လာတဲ့ မဂ္ဂဇင်းတွေ အတော်များများမှာ ဗယ်လင်တိုင်းဒေးကိုပဲ အလေးထားဖော်ပြကြတာတွေကိုသာ တွေ့ရပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့လ အဖြစ် သိပ်မတွေ့ရတာကရော လူကြီးတွေ မေ့လျှော့နေကြခြင်းလား…။ အမေ့ခံနေကြခြင်းလား။ မေ့အောင် လုပ်နေကြခြင်းလား..။

ယခုနှစ် ဖေဖော်ဝါရီ တစ်ဆယ်သုံးရက်နေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၄) နှစ်ပြည့်မွေးနေ့ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ..။ ကျွန်တော်တို့ အားလုံး.. မြန်မာနိုင်သားအားလုံးရဲ့ ရင်ထဲမှာ ဖေဖော်ဝါရီလဆိုတာ ဗင်လင်တိုင်းဒေးထက် ဗိုလ်ချုပ်မွေးနေ့ ဆိုတာကိုရှိသင့်တယ်လို့ ထင်မိပါတယ်။

ကျွန်တော်တို့ အားလုံးရဲ့ နှလုံးသားတွေထဲမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ကဗျာလေး တစ်ပုဒ်ကို ကိုယ်စီငြီးရင်းနဲ့ ….
ဗိုလ်ချုပ်ရဲ့ မွေးနေ့ဆီသို့..
 


ဖေဖော်ဝါရီ တစ်ဆယ်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြ့ံခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါစုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။

PS // ကျွန်တော်ရဲ့ ထင်မြင်ချက်များနဲ့ ခံစားမှုများသာ ဖြစ်ပါသည်။


အချစ်မဲ့ဂစ်တာ
February 5, 2009

Monday, February 2, 2009

ကျွန်တော်နဲ့ သော့ကုလား




“ဂျလောက်”

ဟိုက်..သွားပြီ။ ကျွန်တော်တို့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ ကျွန်တော်လက်ထဲတွင် တစ်ဘက်က မီးအိမ်ကို ကိုင်ထားပြီး ကျန်တစ်ဘက်က laptop ကိုပိုက်ထားသည်။ ကျန်တစ်ယောက်လက်ထဲမှာလည်း ပစ္စည်းတွေ အပြည့်။ တကယ်တော့ တိုက်ခန်းအထွက်မှာ လက်ကိုင်ဘုကို lock ချမိပြီးမှ တိုက်ခန်းထဲတွင် သော့ကျန်ခဲ့ခြင်းပင်ဖြစ်သည်။ ရုတ်တရက် မည်သို့ လုပ်ရမည်မှန်းမသိ။ သော့ကလည်း အပိုမရှိ။  ဒီတော့လည်း ထုံးစံအတိုင်း ခေါ်ရပြီပေါ့ဗျာ … သော့ကုလား။

“ အစ်ကိုရေ… အိမ်တံခါး လော့ကျပြီး သော့က အထဲမှာ ကျန်ခဲ့လို့ လိုက်ခဲ့ပေးပါဦးဗျ ” ဆိုတော့ သော့ကုလားများ ဘာပြောတယ်မှတ်လဲဗျ။ အသွား အပြန် တက္ကစီနဲ့မှ လိုက်မတဲ့ဗျာ။ သူတို့လုံခြုံရေးအတွက် ဘတ်စ်ကားမစီးပါဘူးတဲ့။ ဒီတော့လဲ ဘယ်တတ်နိုင်တော့မလဲဗျာ .. သူတို့မှ မခေါ်ရင်လည်း သော့က ဖျက်ရတော့မှာကိုးဗျ။ ဒါနဲ့ပဲ ရှိစုမဲ့စုလေးနဲ့ သူ့ကို တက္ကစီငှားပြီး ခေါ်ခဲ့ရတာပေါ့ဗျာ။ “ ကဲ .. အစ်ကိုရေ.. ဒီ lock ပဲဗျ…” ဆိုပြီး လက်ညှိုး ထိုးပြလိုက်တာနဲ့  တိုလီမုတ်စတွေ ထည့်ထားတဲ့ သူ့အိတ်ကို စပြီးမွှေနှောက်တော့တာပဲ။ သံချောင်းလေးတွေထုတ် သော့အုံထဲကို စပြီး လှည့်တော့ တာပါပဲ။ လှည့်ရင်း လှည့်ရင်းနဲ့ သံချောင်းက လွတ်ကျလိုက်။ ပြန်ကောက်လိုက် ။ ပြန်လည့်လိုက် ။ ပြုတ်ကျလိုက်နဲ့။ သော့ကတော့ ပွင့်မလာ။ သူကတော့ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ အချိန်က အတော်ကြာလာပြီ။ သော့ကတော့ ဘယ်လိုမှပင် မနေသေး။ဒီလိုနဲ့ နာရီဝက်ကျော်  ကြာလာတော့ ကျွန်တော်လည်း စိတ်မရှည်တော့။ သူလည်း စိတ်ညစ်လာပြီထင်ပါ့… ကျောက်လှည့်နဲ့ သော့ဘုအနောက်ဘက်ကို ပလာယာနဲ့စပြီး ထုတော့တာပဲ။ ဒုံးဒုံး ဒိုင်းဒိုင်း နဲ့ ဆိုတော့ ကျွန်တော်လည်း စိတ်က နည်းနည်းပေါက်လာပြီး “ ခင်ဗျားကို သော့ဖွင့်ခိုင်းတာနော်.. သော့ဖျက်ခိုင်းတာမဟုတ်ဘူး ” ဆိုတော့ ဆရာသမားက မကျေမလည်ပြန်ကြည့်တယ်ဗျ။

ဒါနဲ့ ကျွန်တော်လည်း ဘေးအခန်းကကျော်တက်ရင်တော့ ရနိုင်တယ်လို့ စဉ်းစားမိပြီး အိမ်အောက်ကို ဆင်းသွားလိုက်တယ်။ ဘေးချင်းကပ်ရက်က  အခန်းပိုင်ရှင်ကို ပြောပြတော့ သူတို့က ဖြစ်ပါ့မလားတဲ့။ ကျွန်တော်လည်း သူတို့ ပြတင်းပေါက်ကနေ ကျွန်တော့်အခန်းကို တစ်ချက်လှမ်းကြည့် လိုက်တယ်။ ဘုရား ဘုရား .. ဒီလေးလွှာကနေများ ကျော်ရင်းနဲ့ ပြုတ်ကျလိုက်ရင်တော့ ။ ကျွန်တော် တံတွေးတစ်ချက်မြိုချရင်း. “ ရပါတယ်ဗျ… ဖြစ်ပါတယ် ” ဆိုပြီး ပြတင်းပေါက်ကနေ အပြင်ကို ထွက်ဖို့ကြိုးစားတယ်။ သူတို့ ပြတင်းပေါက်ရှေ့မှာကလည်း ကိုင်စရာဆိုလို့ တီဗွီတိုင်  ထုတ်ထားတဲ့ တိုင်လေးတစ်တိုင်ပဲရှိတယ်။ ကျွန်တော်လည်း ဒီတိုင်လေးတစ်တိုင်ကို အားပြုပြီး ကျွန်တော်တို့ တိုက်ခန်းအောက်ထပ်က မိုးထားတဲ့ ဆန်းရှိတ်ပေါ်ကို ခြေထောက်လှမ်းလိုက်တယ်။ လူလည်း ချွေးတွေတောင် ရွဲနေပြီ။ ဆန်းရှိတ်ပေါ်ကို ရောက်တာနဲ့ ဆက်သွားဖို့က အဲယားကွန်းရယ် အဝတ်တန်းတွေနဲ့ဆိုတော့ ဆန်းရှိတ်ပေါ်မှာ လေးဘက်ထောက်ပြီးတော်တော်သွားယူရတယ်။ ဒီလိုနဲ့ တိုက်ခန်းရဲ့ ပြတင်းပေါက်ရှေ့ကိုရောက်မှ တဖြည်းဖြည်းထပြီး တံခါးပေါက်ပေါ်ကို တော်တော် တက်ယူရတယ်။ တိုက်ခန်းထဲကို ရောက်သွားတော့မှပဲ သက်ပြင်းချနိုင်တော့တယ်ဗျာ။

အပြင်ဘက်မှာ ကိုရွှေသော့ကုလားကတော့ တဒုံးဒုံးနဲ့ ထုတုန်း ထောင်းနေတုန်းပဲ။ ဒါနဲ့ တံခါးဆီမြန်မြန်သွားပြီး ဘုသော့လေးကို ဆွဲဖွင့်လိုက်တယ်။ ပထမဆုံးတွေ့လိုက်ရတာကတော့ သော့ကုလားရဲ့ ဝမ်းသာသွားတဲ့ မျက်နှာကြီးပေါ့။ သူဖွင့်လိုက်လို့ သော့ပွင့်သွားတယ်လို့ ထင်လိုက်ပုံရတယ်။ နောက် တိုက်ခန်းထဲက ကျွန်တော့်ကိုလည်း တွေ့ရော တော်တော်လေး မျက်နှာပျက်သွားတယ်။ သူဖွင့်လို့ တံခါးပွင့်တာ မဟုတ်မှန်းသိသွားတာကိုးဗျ။ တော်တော်လည်း စိတ်ညစ်သွားပုံရတယ်။ သူလည်း ဘာမှတောင် မပြောတော့ပဲ သူ့ပစ္စည်းတိုလီမုတ်စတွေကို သူအိတ်ထဲထည့်ပြီး ပြန်သွားတယ်။ ကျွန်တော့်ကိုလည်း သိပ်ကြည်ပုံမရ…။ သူဖွင့်တဲ့ သော့ကိုလည်း တော်တော်ကျိန်ဆဲနေမယ်ထင်ရဲ့…။ သူကတော့ ဘယ်လိုပြန်သွားတယ်မသိ။
သူ့လုံခြုံရေးအရ တက္ကစီငှားပြီး ပြန်မယ်တော့ မထင်…။

အော်.. သော့ကုလား သော့ကုလား…။ သူလုပ်တာနဲ့ ကျွန်တော်မှာ ရင်တမမနဲ့ ချွေးတော်တော်ပြန်သွားတယ်။ သူ့အားကိုးပါတယ်ဆိုမှ သူက  အဖြစ်မရှိ။ ကျွန်တော့်မှာတော့ ကျော်ရ ခွရနဲ့ စိတ်တော်တော်လှုပ်ရှားခဲ့ရတယ်။ ဒါနဲ့ပဲ စိတ်ငြိမ်အောင်ဆိုပြီး ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် သောက်လိုက်တာ ဝီ တစ်လုံး ဘယ်လိုကုန်သွားသည်ပင်မသိ………။

( နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်တယ်လို့တော့ ပြောနဲ့နော်…:p )

အချစ်မဲ့ဂစ်တာ
2 Feb 2009