Tuesday, January 12, 2010

နှစ်နှစ်ပြည့် ၁၀၀ ပို့စ်


ခုဆိုရင် ပတ္တမြားမြေ ဆိုတဲ့ ဘလော့စပေါ့လေးကနေ အစပျိုးပြီး ဖြစ်တည်လာခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်မဲ့ဂစ်တာ ဘလော့ဟာ ဆိုရင် နှစ်နှစ် တင်းတင်းပြည့်ခဲ့ပါပြီ..။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို နှစ်နှစ်ပြည့်တဲ့ အချိန်နဲ့ ခု တင်လိုက်တဲ့ ပို့စ်ဟာ ကျွန်တော့ရဲ့ ၁၀၀ မြောက် ပို့စ်အဖြစ်နဲ့ တစ်ထပ်ထဲကျနေပါတယ်..။ ဟိုး ပတ္တမြားမြေ ဘလော့မှ စလို့ အချစ်မဲ့ဂစ်တာ ဘလော့ထိအောင် မျက်စိအညောင်းခံ၊ လက်အညောင်းခံ၊ ပိုက်ဆံ အကုန်ခံပြီး လာရောက်လည်ပတ်ကြသူတွေ သူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူး အထူးတင်မိပါတယ်..။


ဟိုအရင် ပတ္တမြားမြေ ဘလော့ကိုတော့ မိုးကုတ်မြို့အကြောင်းတွေပဲ တင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်ဖြစ်ခဲ့ပါတယ်….။ ဒါပေမယ့် တဖြည်းဖြည်း ကိုယ့်မြို့နာမည်နဲ့ တင်ထားတဲ့ ဘလော့ဖြစ်နေတော့ တွေးမိတာတွေကို ရေးချင်လာတဲ့ အခါ မိုးကုတ်မြို့နဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးအကြောင်းတွေ ဖြစ်နေလေတော့ ဘယ်မှာတင်လို့ တင်ရမှန်းမသိဖြစ်လာပါတယ်.။ တဖြည်းဖြည်း မိုးကုတ်မြို့ဆိုပြီး ခေါင်းစဉ်တင်ထားတဲ့ အတွက် ရေးချင်တာတွေနဲ့ မရေးသင့်တာတွေ ချင့်ချိန်ပြီး ဘောင်ကျဉ်းလာသလို ခံစားရတာကြောင့် ဒီ အချစ်မဲ့ဂစ်တာ ဆိုပြီး စတင်ပုံဖော်ဖြစ်ခဲ့ပါတယ်..။ ဒီဘလော့လေးကို အစပျိုးပြီး မကြာပါဘူး မိုးကုတ်မြို့လေးကို ခွဲခွာပြီး ထွက်လာခဲ့ရတော့ နောက်ပိုင်း ပတ္တမြားမြေ ဘလော့ကို သိပ်မကိုင်ဖြစ်တော့ပဲ ဒီဘလော့လေးမှာပဲ ပျော်မွေ့ခဲ့ပါတယ်..။ ပတ္တမြားမြေ ဘလော့အတွက် ပို့စ်တွေကိုတော့ ကိုကျော်လင်းထွဋ် ( အောင်ချမ်းသာ) က ဆက်လက်ပြီး တာဝန်ယူ တင်ပေးနေပါတယ်..။


ဘလော့ဆိုပြီး စတင်ရင်းနှီးလာတာကတော့ ကိုသားဖြူ (မိုးကုတ်မီဒီယာ) ရဲ့ ကျေးဇူးကြောင့်ပါပဲ..။ မိုးကုတ်မြို့ရဲ့ ပထမဦးဆုံး ဘလော့ဂါ လို့လည်း ပြောလို့ရပါတယ်.။ နောက်ပိုင်း သားဖြိုး (ကဗျာလွယ်အိတ်လေး) အတူ ဘလော့အကြောင်းတွေကို တော်တော် လေ့လာဖြစ်ခဲ့ပါတယ်..။ ခုထိလည်း လေ့လာနေဆဲပါပဲ..။ ဒီဘလော့ကို စတည်ပြီးတာနဲ့ ရေးချင်တာတွေ ရေးတော့မယ်ကွာ.. ဘယ်သူလာမဖတ်လည်း ကိုယ့်ဖာသာပဲဖတ်မယ်ဆိုပြီး လုပ်ခဲ့တာပါပဲ..။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ ကိုယ့်ဆီကို လာလည်ကြတဲ့ သူငယ်ချင်းတွေက အားပေးကြတော့ တဖြည်းဖြည်းနဲ့ ကိုယ့်ပိုစ်တွေကိုကိုယ် ပြန်စီစစ်ဖြစ်လာခဲ့တယ်..။ လာလည်ဖတ်ရှုသူတွေကိုလည်း အားနာလာမိတယ်..။ ဒီဘလော့လေးနဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေ များစွာကိုလည်း ပိုင်ဆိုင်ခဲ့ရတယ်..။ သူတို့အားလုံးနဲ့လည်း စိတ်ချင်းရင်းနှီးမှုတွေ ရှိလာခဲ့တယ်.။


ဒီလိုနဲ့ပဲ တစ်ရက်တစ်ရက် အွန်လိုင်းကို မထိုင်ဖြစ်ရင်ပဲ ဘာလိုနေသလိုလို …။ အွန်လိုင်းတက်ဖြစ်ပြီ ဆိုတာနဲ့ ပထမဆုံး ဖွင့်မိတာ ကိုယ်ဘလော့ပါပဲ..။ နောက် စီဘောက်မှာ လာအော်သွားကြတဲ့ သူငယ်ချင်းတွေရဲ့ စကားတွေ၊ ကွန်မန့်ပေးသွားကြတဲ့ စာတွေကို ကြည့်ရင်း ပီတိဖြစ်ခဲ့ရတာပါပဲ..။ ဒီလိုနဲ့ပဲ ခုဆိုရင် နှစ်နှစ် တင်းတင်းပြည့်ခဲ့ပါပြီ..။ နှစ်နှစ်ကြာခဲ့ပေမယ့် ပို့စ်ကတော့ ခုမှ ၁၀၀ မြောက်ခဲ့တာ..။ ဒါကိုရေးကြီးခွင်ကျယ် လုပ်ပြီးများ ပို့စ်တင်နေသေးတယ်လို့ ပြောရင်လည်း ခံရမှာပါပဲ..။ ရှက်စရာပါပဲလားနော်…။ ဒါပေမယ့်လည်း အမှတ်တရအနေနဲ့ပဲ ဒီပို့စ်လေးကို တင်လိုက်ပါတယ်…။


အမြဲ လာရောက်အားပေးကြတဲ့ သူငယ်ချင်းများ ၊ စီဘောက်မှာ ရေးသွားကြတဲ့ သူငယ်ချင်းများ၊ ကွန်မန့်တွေ ပေးသွားကြတဲ့ သူငယ်ချင်းများ၊ ဘာမှမရေးပဲ စာတွေကိုပဲ အစဉ်လာရောက်ဖတ်ရှုကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်…..။




အချစ်မဲ့ဂစ်တာ

12.Jan.2010



Thursday, January 7, 2010

သောက်တလွဲ ကျောက်ခဲ



ကျွန်တော့်နာမည် ကျောက်ခဲ..။ ဒီလောကမှာ သန်းပေါင်းများစွာရှိတဲ့ ကျောက်ခဲတွေထဲက တစ်လုံးပေါ့ဗျာ..။ ကျွန်တော်တို့ မျိုးရိုးတွေထဲမှာ အနီမျိုးရိုးတို့ အပြာမျိုးရိုးတို့ဆိုရင် ဂုဏ်ကြီးရှင်မျိုးတွေပေါ့ဗျာ..။ သူတို့တွေက တစ်မြို့ထဲသားတွေလေ.. သူတို့အားလုံးဟာ တန်ဖိုးရှိတဲ့အမျိုးတွေ ဆိုပါတော့။ သူတို့တွေဟာ တစ်ခါတစ်ခါဆိုနိုင်ငံခြားသွားကြတယ်ဗျ။ သူတို့ သူဌေးတွေက ချမ်းသာကြတာကိုး။ အဆင်ပြေရင် နိုင်ငံခြားမှာ နေခဲ့ကြတာတွေ ရှိသလို အဆင်မပြေလို့ သူတို့သူဌေးတွေနဲ့ ပြန်လိုက်လာကြတာတွေလည်း ရှိတယ်ဗျ။ တစ်ချို့တွေများဆိုရင် နိုင်ငံခြားကို ဘယ်သူမှမသိလို်က်ပဲ ရောက်သွားတာတွေ အများကြီးပဲလေ..။

ကျွန်တော်တို့မျိုးရိုးကတော့ သာမန်မျိုးရိုးဆိုပါတော့ဗျာ။ ကျွန်တော်တို့ ဘဝဟာ နိုင်ငံခြားဆိုတာ အဝေးကြီးမှာပေါ့။ ဒါပေမယ့်လည်း ကျွန််တော်တို့ဟာ လောကကိုကျရာနေရာကနေ တာဝန်ကျေချင်တဲ့ စိတ်တွေရှိတယ်လေ။ အနီမျိုးရိုးတို့ အပြာမျိုးရိုးတို့ဆိုရင် လောကကို အလှဆင်ပြီးတာဝန်ကျေကြတယ်မဟုတ်လားဗျ.။ဒီတော့ ကျွန်တော်တို့လည်း ကျောက်ခဲဖြစ်ရကျိုးနပ်ပြီး တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်တာတော့ အမှန်ပဲဗျ..။

တစ်ရက်တုန်းကပေါ့.။ ကျွန်တော်တို့ အမျိုးတွေ အားလုံးပျော်ခဲ့ကြတယ်ဗျ.။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ကျောက်ခဲဖြစ်ရကျိုးနပ်ဖို့ အခွင့်အလမ်းရလာလို့လေ။အားလုံးကို ကျွန်တော်တို့ သူဌေးက ကားတစ်စီးနဲ့ လာခေါ်တယ်။ နောက်သူ ထားခဲ့တဲ့ နေရာမှာ အားလုံး စောင့်ဆိုင်းနေကြတာပေါ့ဗျာ။ ကျွန်တော်တို့ကို မြင်တဲ့ သူတွေ အားလုံးကလည်းပျော်ရွှင်နေကြတာပေါ့။ သူတို့တွေ သွားရေးလာရေး အဆင်ပြေကြတော့မှာကိုး။ ဒါပေမယ့်ဗျာ.. တစ်ရက်ပြီးတစ်ရက်သာ ကုန်သွားတယ်.. ကျွန်တော်တို့ဟာာသူတို့ ထားခဲ့တဲ့နေရလေးမှာ ငုတ်တုတ်လေးတွေ ထိုင်လို့ပဲဗျ.။ မိုးရွာတော့လည်း ဒီအတိုင်းလေးပဲ။ နေပူတော့လည်း ဒီအတိုင်းလေးပဲလေ။ အချိန်နည်းနည်းကြာတော့ကားတစ်စီးနဲ့ ကျွန်တော်တို့ကို ပြန်လာခေါ်သွားတယ်။ ကျွန်တော်တို့လည်း သူတို့ခေါ်တဲ့ နောက်ကို လိုက်လာခဲ့ရတာပေါ့။ သူတို့ဟာ ကျွန်တော်တို့ကို နောက်ထပ်တစ်နေရာကို ပြန်ပို့တယ်။ ကျွန်တော်တို့လည်း လောကအတွက်ပဲလေဆိုပြီး စိတ်ရှည်ရှည်ထားပြီး စောင့်နေကြပါတယ်။ ဒီနေရာမှာလည်း အချိန် တော်တော်ကြာတော့ကားနဲ့လာခေါ်ပြီး နောက်တစ်နေရာကို ထပ်ပို့ပြန်တယ်ဗျ.။

ဒီလိုနဲ့ ကျွန်တော်တို့ အမျိုးတွေဟာ တဖြည်းဖြည်း လုံးပါးပါးကုန်တော့တာပါပဲ။ တစ်နေရာရွေ့တိုင်း ကျန်ခဲ့တဲ့သူနဲ့၊ အဝေးကိုလွင့်သွားခဲ့တဲ့သူနဲ့လေ။ ဒါပေမယ့်ကျွန်တော်တို့ သူဌေးကတော့ ရာထူးတွေတက်လို့ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားတယ်လေ။ ကျွန်တော်တို့ ဘဝတွေကတော့ ကားပေါ်ရောက်လိုက်၊လမ်းပေါ်အိပ်လိုက်နဲ့ လုံးပါးပါးရင်း……………….။

 အချစ််မဲ့ဂစ်တာ

Monday, January 4, 2010

လူလည်ကြီး သားသမီး




သန့်ရှင်း သပ်ရပ်၍ ညီညာလှပစွာ ခင်းကျင်းထားသော ထိုဆိုင်လေးထဲတွင် စားသုံးသူများစွားဖြင့် စည်ကားလျှက်ရှိလေသည်။ စားပွဲထိုးလေးများ ကလည်း  စနစ်ကျလှစွာ ဝန်ဆောင်မှုကောင်းလှသည်။ ထိုဆိုင်လေးကတော့ မြန်မာနိုင်ငံရဲ့ ရှေးဟောင်း မြို့တော် တစ်ခုဖြစ်တဲ့ ပုဂံမြို့လေးမှ ပင်ဖြစ်သည်။ ကောင်းမွန်သော ချက်ပြုတ်မှု လက်ရာများကြောင့် ထိုဆိုင်လေးမှာ လူပြတ်သည် မရှိ..။ အမြဲ တစ်ဝိုင်းစ နှစ်ဝိုင်းစတော့ ပုံမှန်ရှိနေတတ်သည်။

တစ်ရက်မှာတော့ ထိုဆိုင်လေးထဲသို့ တိုးရစ်တစ်ယောက် ဟိုကြည့် ဒီကြည့်ဖြင့် ရောက်လာကာ ဆိုင်အတွင်းရှိ စားပွဲဝိုင်းအလွတ်တစ်ခုတွင် ဟန်ပါပါ ဝင်ထိုင်လိုက်လေသည်။ မကြာမီ စားပွဲထိုးလေးတစ်ယောက် ရောက်လာကာ  မီနူးကဒ်ကို တိုးရစ်ရှေ့သို့ အသာချပေးလိုက်ရင်း “ ဘာများ သုံးဆောင်မလဲ ” လို့  အဓိပ္ပာယ်သက်ရောက်သော စကားစုတစ်ခုကို သူ အလွတ်ကျက်မှတ်ထားသည့် အတိုင်း သွက်လက်စွာမေးလိုက်သည်။ တိုးရစ်ကြီးကလည်း မီနူးကဒ်ကို စတိုင်အပြည့်ဖြင့် လှမ်းယူလိုက်ပြီး စာမျက်နှာ တစ်ရွက်ကို စတင်လှန်လိုက်သည်။ ပြီး နောက်တစ်ရွက် ..။ နောက်တစ်ရွက်..။ သူ မျက်မှောင်တစ်ချက်  ကျုံ့သွားသည်။ တော်တော်လည်း စိတ်ညစ်သွားပုံပေါ်သည်။ ညစ်လည်း ညစ်ချင်စရာပင်..။ စားပွဲထိုးလေး ချပေးလိုက်သော မီနူးကဒ်လေးထဲတွင် ထိုအချိန်က အင်္ဂလိပ်လို တစ်လုံးမှ မပါ..။ အားလုံးဟာ မြန်မာလိုချည်း….။ ဒါနဲ့ သူလည်း မီနူးကဒ်ကို ပြန်ချပြီး ဘေးဘီသို့ တစ်ချက် အကဲခတ်လိုက်သည်။ သူ့ဘေးချင်းကပ်ရက် ဝိုင်းတစ်ခုတွင် လူတစ်ယောက်…။ သူ့စားဝိုင်းပေါ်တွင် ထမင်းနှင့် ဟင်းပွဲများမှာ အပြည့်..။ စားသောက်နေပုံမှာလည်း ဘေးကနေကြည့်လျှင်  သွားရည်ကျချင်စရာ..။ ဒါနဲ့ သူလည်း စားပွဲထိုးကို ခေါ်ကာ သူ့ဘေးဝိုင်းသို့ လက်ညှိုးထိုးပြကာ ၎င်းပုံစံမျိုးချပေးရန် စားပွဲထိုးကို နားလည်အောင် ပြောလိုက်သည်။

မကြာခင်အချိန်မှာပဲ သူ့စားပွဲပေါ်သို့ အရံဟင်းခွက်ပေါင်းများစွာဟာ ငပိရည်၊ တို့စရာ တို့နှင့် အတူ ဦးစွာရောက်လာသည်။ ထမင်းနှင့် အဓိက ဟင်းမှာကား ရောက်မလာသေး..။ သူလည်း ငပိရည်နှင့် တို့စရာကို တစ်ချက်ကြည့်ကာ ဘေးဝိုင်းမှ တစ်ယောက် စားသောက်နေပုံကို အကဲခတ်လိုက်သည်။ ဟိုတစ်ယောက်ကတော့  ခေါင်းပင်မဖေါ်..။ ခဏအကြာတွင် ထမင်းနှင့် အဓိကဟင်းပွဲရောက်လာသည်။ သူလည်း စားပွဲပေါ်မှ ဟင်းခွက်ပေါင်းများစွာကို သေချာကြည့်ကာ အရံဟင်းတစ်ခွက်ကို လက်ညိုးထို၍  စားပွဲထိုးလေးအား “how much..?” လို့ မေးလိုက်သည်။ စားပွဲထိုးလေးကလည်း အရံဟင်း ဖြစ်သောကြောင့် လက်ဆောင်ဖြစ်ကြောင်း အင်္ဂလိပ်လို ပြန်ဖြေလိုက်သည်။ ဒါနဲ့ နောက် အရံဟင်း တစ်ပွဲကို ညွှန်ပြကာ မေးပြန်သည်။ စားပွဲထိုးလေးကလည်း လက်ဆောင်ဖြစ်ကြောင်း ပြောသည်။ ဒီလိုနှင့် နောက် အရံဟင်းတစ်ခွက် ..။ နောက်တစ်ခွက်..။ နောက်တစ်ခွက်နှင့် စားဝိုင်းမှ အရံဟင်းပွဲများ ကုန်သွားလေပြီ..။ ဒါနဲ့ အသားဟင်းဖြစ်သော အဓိကဟင်းပွဲကို လက်ညှိုးထိုးကာ မေးတော့ စားပွဲထိုးလေးမှ “2500 ks” လို့ အင်္ဂလိပ်လို ပီသစွာ ပြန်ပြောလေသည်။ စားဝိုင်းတစ်ခုလုံးမှ ဟင်းပွဲများကို တစ်ခုမကျန်အောင် သူမေးပြီးလေပြီ..။ သူ့စိတ်ထဲ တစ်ခုခုကို ကျေနပ်သွားပုံရသည်။

နောက် အသားဟင်းဖြစ်သော အဓိက ဟင်းခွက်ကို ကြည့်သည်။ အရံဟင်းများဖြစ်သော ပဲဟင်း၊ ချဉ်ပေါင်ကြော်၊ ပုန်းရည်ကြီးသုပ်၊ ကြက်ဟင်းခါးသီးကြော်.. စသ်ညများနှင့် ငါးပိရည် အတို့ များကိုကြည့်ကာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချပြီးဟန်ဖြင့် သူ့ရှေ့မှ အသားဟင်းကို ကောက်ကိုင်ကာ စားပွဲထိုးလေး လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး “ i don’t need it ” ဟုပြောကာ လက်ခါပြလိုက်သည်။ နောက် ချထားပေးသော ဇွန်းနှင့် ခရင်းကို ကိုင်ကာ ရှေ့မှ  သူ့ ထမင်းပန်ကန်ထဲသို့ အရံဟင်းများကို လောင်းထည့်ကာ အရသာရှိသော ဟန်ဖြင့် အားရပါးရ စတင် စားသောက်လေတော့သည်။ စားပွဲထိုးလေးကတော့ အသားဟင်းခွက်ကိုကိုင်ကာ ဘေးတွင် ကြောင်ကြည့်လျှက်…။

အော်…. သူ့ အတွေးနဲ့ သူကတော့ လေးစားလောက်ပါရဲ့…။

#အချစ်မဲ့ဂစ်တာ