Friday, November 28, 2008

လူပျိုလေးများ သိကောင်းစရာ




တစ်ခါက ကုန်သည်တစ်စုဟာ ကန္တာရထဲမှာ ခရီးသွားရင်း ညပိုင်းမှာ ခဏနားနေကြတယ်။ အဲဒီအချိန်မှာ သူတို့ထဲက တစ်ယောက်က အဲဒီပတ်ဝန်းကျင်မှာ မြင်းကျောင်းဖို့ ထွက်သွားခဲ့တယ်။ သူမြင်းကျောင်းနေရင်းနဲ့ ရေတွင်းကြီးတစ်တွင်းကို တွေ့လိုက်တယ်။ သူ ရေတွင်းထဲကို ငုံ့ကြည့်တဲ့ အခါမှာတော့ အရောင်တွေ တဖျပ်ဖျပ်တောက်နေတဲ့ စိန်တွေကို တွေ့ရတယ်။



ဒါနဲ့ သူလည်း သူ့သူငယ်ချင်းတွေကို သွားခေါ်ပြီး စိန်တွေကိုပြတော့ အားလုံးက ဆင်းယူဖို့ သဘောတူကြတယ်။ဒါနဲ့ သူတို့မှာ ပါလာတဲ့ ကြိုးတွေကို ဆက်ပြီး ရေတွင်းအောက်ကို ဆင်းဖို့ လုပ်တယ်။ ဒါပေမယ့် တွင်းက အရမ်းနက်လွန်းတော့ ပါလာတဲ့ ကြိုးနဲ့ မလောက်ဘူးဖြစ်နေတယ်လေ။ ဒါနဲ့ သူတို့ရဲ့ အဝတ်တွေအားလုံးကိုပါ ကြိုးအနေနဲ့ ဆက်ပြီး တွင်းထဲကို ချကြတယ်။ နောက်ဆုံးမှာ ကြိုးက ရေတွင်းအခြေကိုရောက်သွားတယ်။



ဒီတော့ သူတို့ထဲက တစ်ယောက်က စပြီး ရေတွင်းကြီးထဲကို ဆင်းတယ်။ သူဟာ ရေတွင်းထဲကို ဆင်းရင်းဆင်းရင်းနဲ့ ရေတွင်းအောက်ခြေနားကို ရောက်တဲ့ အခါ ကြည့်လိုက်တော့ စိန်တွေမဟုတ်ပဲ မြွေတွေဖြစ်နေတယ်။ တကယ်တော့ ရေတွင်းထဲက မြွေတွေကို ရေတွင်းအပေါ်ကနေကြည့်တော့ လရောင်ကြောင့် မြွေမျက်လုံးတွေဟာ အရောင်တွေ တောက်နေတော့ စိန်တွေလို့ ထင်ကြတာကိုး။ မြွေတွေကို မြင်လိုက်ရတယ်ဆိုရင်ပဲ အဲဒီလူဟာ အပေါ်က လူတွေကို လှမ်းအော်ပြီး ပြောတယ်။



“ အောက်မှာ စိန်တွေမဟုတ်ဘူးဟေ့ … မြွေတွေ မြွေတွေ တစ်ယောက်မှ မဆင်းခဲ့နဲ့နော် ”


လို့ပြောတော့ အပေါ်က လူတွေက စဉ်းစားကြတယ်။ သူတို့ မြင်နေရတာကလည်း စိန်တွေ။ အရောင်တွေကို တောက်လို့။ အောက်ကို ဆင်းသွားတဲ့ လူက ပြောတာ မြွေတွေဆိုတော့  အောက်ကတစ်ယောက်ဟာ စိန်တွေကို တစ်ယောက်ထဲ အပိုင်စီးချင်လို့ ငါတို့ မလာအောင်ပြောတာပဲလို့ စဉ်းစားကြတယ်။ အောက်ကို ဆင်းသွားတဲ့ တစ်ယောက်ကလည်း  သူ့အပေါ်က လူတွေကို အော်ပြောရင်းနဲ့ပဲ အသံတိတ်သွားခဲ့တယ်။ ဒါနဲ့ နောက်တစ်ယောက် ရေတွင်းထဲကို ထပ်ဆင်းတယ်။ နောက်တစ်ယောက်လည်း ရေတွင်း အောက်ကို ရောက်တော့ မြွေတွေကို တွေ့ပြီး



“အော်.. ပထမလူပြောသွားတာ တကယ်ပါလား.. ငါတို့ မယုံခဲ့တာ မှားတာပဲ ”



ဆိုပြီး နောင်တတွေ ရသတဲ့ …။ နောက်ပြီး အပေါ်ကလူတွေကို အရင်လူပြောသွားသလိုပဲ အော်ပြောတယ်။ အဲလိုပြောသံကိုကြားတဲ့ အပေါ်ကလူတွေဟာ



“ အင်း… နောက်တစ်ယောက်လည်း စိန်တွေကိုတွေ့တာနဲ့ လောဘတက်ပြီး အရင်တစ်ယောက်နဲ့ ပေါင်းပြီး နှစ်ယောက် အပိုင်စီးဖို့ ကြံနေကြပြီ ”



လို့ ထင်ကြတယ်။ ဒီလိုနဲ့ပဲ အောက်ကိုရောက်နေတဲ့လူဟာ အပေါ်ကလူတွေကို အော်ပြောနေရင်းနဲ့ပဲ ပထမဆင်းသွားတဲ့ လူလို အဖြည်းဖြည်း အသံတိတ်သွားပြန်တယ်။ ဒါနဲ့  အပေါ်က တတိယမြောက်အနေနဲ့ ထပ်ဆင်းပြန်တယ်..။ သူလည်း ပထမလူနဲ့ ဒုတိယလူလိုပဲ အောက်ရောက်တော့မှ နောင်တတွေရပြီး အပေါ်ကို ပြန်အော်ပြောရင်း အသံတိတ်သွားပြန်တယ်။ ဒီလိုနဲ့ပဲ တစ်ယောက်ပြီးတစ်ယောက်ဆင်းသွားပြီး နောက်ဆုံး တစ်ယောက်မှ မကျန်တော့ပဲ ရေတွင်းထဲက မြွေစာမိကုန်တယ်လေ..။



———————————–



ဒီပုံပြင်လေးအတိုင်းပဲပေါ့ဗျာ.. ခုခါမှာတော့ ကျွန်တော်တို့ရဲ့ အိမ်ထောင်ကျပြီးသား အစ်ကိုတော်တွေဟာ



“ညီလေးတို့ မိန်းမမယူကြနဲ့ မှားမယ်၊ ဒုက္ခရောက်လိမ့်မယ် ”



လို့ ဆိုတာကို ကျွန်တော်တို့လူငယ်တွေကလည်း



“ အင်း.. ဒီလူကြီးက သူကျ မိန်းမယူပြီး ပျော်ရွှင်နေပြီးတော့ ငါတို့ကျတော့ မယူရဘူးတဲ့ ”



ဆိုပြီး စဉ်းစားကြတယ်ပေါ့ဗျာ..။ ကျွန်တော်တို့ မြင်နေရတာကလည်း အဆီတဝင်းဝင်းနဲ့ကိုးဗျ။ ပုံပြင်ထဲကလိုဆိုရင်တော့ ကျွန်တော်တို့ဟာ  ရေတွင်းပေါ်ကနေကြည့်ပြီး စိန်တွေကို မြင်နေသလိုဖြစ်နေတာပေ့ါဗျာ.။ ကဲ အဲဒီတော့ ဆက်ပြီးစဉ်းစားကြည့်ပေါ့ဗျာ… ဒီပုံပြင်လေးနဲ့ ပတ်သက်ပြီး အများကြီး မြင်ကြည့်လိုရပါတယ်.. ဟုတ်တယ်ဟုတ်။



ဒီပုံပြင်လေးနဲ့ ဒီအကြောင်းအရာကို စာအုပ်တစ်အုပ်က ဖတ်ဖူးတာပါ.. ခုပြန်စဉ်းစားတာ ဘယ်လိုမှစဉ်းစားမရတော့ဘူးဖြစ်နေတယ်။ သိရင်လည်း ပြောပြပေးကြပါဦးဗျ..။

Monday, November 17, 2008

ဒကာ မနာစေရဘူး



ဆိုက်ကားသမားတစ်ယောက် မန္တလေးမှာ ဆိုက်ကားနင်းရင်းနဲ့ ဦးဇင်းတစ်ပါးက သူ့ဆိုက်ကားကို တားသတဲ့။ မန္တလေးမြို့ဟာ ဘုန်းကြီးမြို့တော်ကြီးတစ်ခုလိုဖြစ်နေတော့ လိုက်ပို့ပြီးမှ ငှားစီးတဲ့ ဦးဇင်းက ဆိုက်ကားခမပေးမှာကို ဆိုက်ကားသမားက စိုးရိမ်မိတယ်။ ခံခဲ့ရတာတွေလည်း များနေပြီကိုး။ ဒါနဲ့ ဆိုက်ကားသမားက ဦးဇင်းကို

“ အရှင်ဘုရား ဘယ်ကြွမလဲဘုရား”

လို့မေးတယ်။ ဦးဇင်းက

“ ဘုရားကြီးဘက် သွားမယ်”

လို့ မိန့်သတဲ့။  ဒါနဲ့ ဆိုက်ကားသမားက

“ အရှင်ဘုရား ဘုရားကြီးဘက်ကို ဆိုရင် ဆိုက်ကားခက.. ”

ဆက်ပြောမယ်လုပ်တုန်းမှာပဲ ဦးဇင်းက

“ လိုက်မှာသာလိုက်ခဲ့ပါ ဒကာ၊ ဒကာမနာစေရပါဘူး”

ဆိုတော့ ဆိုက်ကားသမားလည်း စိတ်ချလက်ချနဲ့ ဘုရားကြီးဘက်ကို နင်းသွားသတဲ့။  နောက်ဆုံး ဘုရားကြီးကိုလည်း ရောက်ရော ဦးဇင်းဟာ ဆိုက်ကားပေါ်ကနေ ဘာမှမပြောပဲ ဆင်းသွားတယ်။ အဲဒီအချိန်မှာ ဆိုက်ကားသမားက

“ အရှင်ဘုရား၊ ဆိုက်ကားခလေး ဘုရား”

လို့ဆိုတော့ ဦးဇင်းက

“ ဒကာ မနာစေရဘူးလို့ ပြောထားတယ်မဟုတ်လား၊ ဘာလဲ ဒကာက နာချင်လို့လား”

အချစ်မဲ့ဂစ်တာ