Sunday, October 14, 2018

ကဗျာ




မင်းသိပ်လှတယ်ဆိုတာ
မင်းကိုယ်တိုင် မသိတဲ့ဒီနေ့
ဒါဟာ လဲ ကဗျာ တစ်ပုဒ်ပါပဲ..။


#အချစ်မဲ့ဂစ်တာ

Thursday, October 11, 2018

နတ်သမီးထံသို့ ကဗျာ ( ၃)





အိပ်မက် ၁)

တစ်ခါတစ်လေ ကျုပ်ကို ကျုပ် မီးရှို့ကြည့်မိတော့
လောင်ချက် လောင်ချက်ပါပဲ .... ။
တစ်ခုတော့ သတိထားမိလိုက်တယ်

ကျုပ်ရဲ့ မီးခိုးရနံ့တွေဟာ တစ်မျိုးဖြစ်နေတာ
မသင်္ကာလို့ ကျုပ် ဟိုအဝေး အပြင်ကနေ
ကျုပ်ရဲ့ လောင်ကျွမ်းမှုက  မီးခိုးတွေကို ထွက်ကြည့်မိတယ် ...။
ဟာ...
ကျုပ် မျှော်လင့် ထားတဲ့ အ‌ရောင်တွေနဲ့ လွှဲနေပါပေါ့လား ...။

ကျုပ်ကိုယ်ကျုပ် လောင်စာ အဖြစ် လောင်ကျွမ်းတော့မယ့် အချိန်မှာ
ကျုပ် ဆီက ထွက်လာမယ့်  မီးခိုးငွေ့ရဲ့ အရောင်နဲ့
ခုထွက်နေတဲ့ အရောင်ဟာ
ကျုပ်မျှော်လင့်ထားတဲ့ အရောင် မဟုတ်ဘူး...။

ဒီအ‌ရောင်တွေ ဘယ်ကများ ထွက်လာသတုန်း
ကျုပ်လဲ တစ်သက်နဲ့ တကိုယ် ဒီလို အရောင်မျိုး မနေခဲ့ဖူးပါဘူး
ကျုပ် ပြန်စဉ်းစားမိတယ်... ။

ကျုပ်ဘဝကပဲ ပင်ကိုယ် ဒီအရောင် ဖြစ်နေသလား
ကျုပ်ဆွေမျိုးတွေသေဆုံးခဲ့တုန်းကကော ဒီအရောင်  ဖြစ်နေခဲ့သလား
ဒါတော့ ကျုပ် သတိမထားမိခဲ့ဘူး ...။

ကျုပ်အလှည့်ကျမှ ဖြစ်လာခဲ့လေသလား...။
ဒီလိုဆိုတော့လဲ ....။

အိပ်မက် ၂)

အလင်းလေး တစ်ခုရှိတယ်
မျှော်လင့်ချက် ရောင်စဉ်လေး တစ်ခုပေါ့။

အဆင်ပြေနေသလား
ပျော်နေရဲ့လား
အားငယ်နေသလား
စိတ်ညစ်နေသလား
ဝမ်းနည်းနေသလား


သူ ပျော်ရွှင်နေတာဟာ ကျုပ်ဝမ်းနည်းနေတာ မဟုတ်သလို
သူ ဝမ်းနည်းနေတာဟာလဲ ကျုပ် ပျော်ရွှင်နေတာတော့ မဟုတ်ဘူးပေါ့
သူ စိတ်ညစ်နေတိုင်း ကျုပ် မပျော်တတ်တော့
သူ မပျော်တိုင်း ကျုပ် စိတ်ညစ်နေမိတာ ဘယ်လိုကြောင့်လဲတော့ မသိ...။

မျှော်လင့်ချက်ဆိုတာ အရောင် မှိန်လာတတ်ပေမယ့် ဆုံးဖြတ်ချက်ကတော့ ခိုင်မာနေဖို့ လိုအပ်တာကိုး...။


------

ပြန်ထကြည့်မိလိုက်တယ်
မရတော့ဘူး
ကျုပ်တစ်ကိုယ်လုံးတော့ အစိမ်းရောင် သမ်းနေပါပေါ့လား ...။

နောက်ဆုံးပြန်ကြည့်မိတော့ သူဟာ အစိမ်းရောင်ကို ကိုယ်စားပြုတဲ့ နတ်သမီး ဖြစ်နေတယ်။

ကိုယ်နဲ့ ထိုက်မှ ကိုယ်ရမယ့်  အရာတွေပဲမို့   အားလုံးကို ကျုပ်ဘယ်တော့မှ မမုန်းခဲ့ဖူးဘူး
ကံစီမံရာပါပဲပေါ့လေ ...။

Photo Credit: counciloflove.com

#အချစ်မဲ့ဂစ်တာ
1:56 AM
11 Oct 2018

Saturday, October 6, 2018

နတ်သမီးထံသို့ ကဗျာ ( ၂)




သူ ရှိနေတယ်
ကျုပ်ကို မတွေ့ဘူး
ကျုပ်က တွေ့ပြန်တော့
သူ မရှိတော့ပြန်ဘူး

ဒီလိုပါပဲလေ...
ဆန္ဒနဲ့ဘ၀ဟာ
ထပ်တူကျဖို့တော့ သိပ်ခက်ခဲပါပါ့...။

အဖြစ်က ...
ကြယ်တွေ တစ်ချက် အငိုက်မှာ သူကြွေကျသွားသလိုမျိုး
သက်တန့်တွေဟာ မိုးရေတွေရဲ့ နောက်ကျောမှာ လှပနေတာမျိုးပေါ့ ...။

ဒီလိုနဲ့
ဒီနေ့ည (သောကြာနေ့)ဟာ
သေဆုံးနေခဲ့လေရဲ့ ...။

#အချစ်မဲ့ဂစ်တာ
6 Oct 2018
1:13 AM

Photo Credit: deviantart.com

Friday, October 5, 2018

နတ်သမီးထံသို့ ကဗျာ (၁)



အတွေးဟာ
စိတ္တဇဆန်တယ် ...။

ကျယ်ပြန့်တယ်
မျောလွင့်တယ်
တစ်ခါတစ်ရံ
ဘုရင် တစ်ပါး
တစ်ခါတစ်ရံ
သူဖုန်းစား

အတွေးတွေများ နယ်ချဲ့ရင်
စိတ်ဓါတ်တွေတောင်
ကိုလိုနီ ဖြစ်လို့ ...။

Photo credit: fineartamerica.com

#အချစ်မဲ့ဂစ်တာ
5 Oct 2018
12:05 AM

Saturday, September 29, 2018

ဖြစ်စဉ်




စိတ်တွေ သိပ်ခုန်နေတယ် ...
ဘဝတွေက သိပ်ခါးတယ်
ကံတရားက ကိုယ့်ဘက် မရှိပေမယ့်လဲ ...
ဘီယာကျ သိပ်ချိုတယ် ...
မင်းကိုတော့ သိပ်သတိရတယ် ...။


#အချစ်မဲ့ဂစ်တာ

Tuesday, September 25, 2018

မှတ်တိုင်




မှတ်တိုင်တစ်ခုတွင် ဖြစ်သည်။ ရုံးဆင်းချိန် ဖြစ်သောကြောင့် လူပေါင်းများစွာ လမ်းဘေးပလက်ဖောင်းပေါ်တွင် ဥဒဟို သွားလာနေကြသည်။ ကားစောင့်နေသော ကျွန်တော်သည်လည်း ထိုလူများစွာကြားထဲမှာ ရောထွေးလျှက်ရှိသည်။ ဘတ်စ်ကားများမှာလည်း တစ်စီးပြီး တစ်စီးဝင်လိုက် ထွက်လိုက်ဖြင့် ရှုပ်ယှက်ခတ်နေသည်။ ကျွန်တော်လည်း စီးရမည့်ကားကို စောင့်ရင်း စောင့်နေကြသော လူများကို ငေးမောကြည့်နေမိသည်။ အကြည့်များနှင့် အတူ အတွေးများစွာလည်း လိုက်ပါလာသည်။ လှုပ်ရှားနေကြသော လူများစွာတို့သည် ဘယ်အတွက်ကြောင့် လှုပ်လှုပ်ရွရွ ဖြစ်နေသနည်း။

သူတို့သည် သွားနေကြသူများလား…။ ပြန်နေကြသူများလား…။ ကျွန်တော်မသိ …..။

သို့သော် သူတို့ အားလုံး၏ ရင်ထဲတွင်တော့ ဦးတည်ချက်တစ်ခုစီတော့ ကိုယ်စီ ကိုယ်စီ ရှိကြလိမ့်မည်။ အလုပ်ကိစ္စ ချိန်းထားကြသူများလည်း ရှိမည်။ ချစ်သူဆီသို့ သွားနေကြသူများလည်း ပါလိမ့်မည်။ သင်တန်းနောက်ကျ၍ အပြေးတပိုင်း လှမ်းနေကြသူများလည်း ပါမည်။ နေညိုလို့ လေပြိုလာကြသူများလည်း ရှိမည်။ စျေးဦးမပေါက်သေးသော သူများရှိမည်။ အသည်းကွဲ၍ ကော်ရည်ဆိုင်သို့ ဦးတည်နေသူများလည်း ပါဦးမည်။ အိမ်သူသက်ထားစောင့်နေမည့် အိမ်တံခါးဝကို စိတ်ကူးနေသူများလည်း ရှိတတ်သည်။ အိမ်ပြန်ရောက်တာနဲ့ ကိုးရီးယားကားကြည့်ဖို့ စိုင်းပြင်းနေသူများလည်း ပါမည်။ အကြွေးရစရာရှိ၍ သွားတောင်းမည့်သူများလည်း ရှိမည်။ သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်သွားရန် လူစုနေကြသူများလည်း တွေ့ရမည်။ သမီးကို လာစောင့်နေသော သမီးရဲ့ ဦးတွေလည်း တွေ့နိုင်သည်။ ဒီနေ့မှ ပန်းကုံးလာမစွပ်ရင် နောက်ရက် အပြတ်ပဲဟု စိတ်ထဲတွင် ကျိန်းနေသူများလည်း ရှိဦးမည်။ အိမ်နှင့် အဆင်မပြေသောကြောင့် အိမ်ကဆင်းလာသူများလည်း ရှိမည်။ အဖေကို အရုပ်ဝယ်ခိုင်းလို့ မရလို့ ငိုနေသော ကလေးငယ်လေးများလည်း တွေ့ရလိမ့်မည်။ ညနေစာစားရဖို့ လမ်းမဘေးမှာ တောင်းရမ်းနေသော လူမမယ် ကလေးများလည်း ရှိဦးမည်။ နေ့လည်ပိုင်းက ရယ်စရာများကို ယခုမှ ပြန်စဉ်းစားရင်း ရယ်နေသောချာတိတ်မလေးများလည်း ပါဦးမည်။ ဝယ်သောက်ရန် ပိုက်ဆံမရှိသောကြောင့် ကပ်တီးမူးလဲရန် ဘော်ဘော်လိုက်ရှာနေသူများလည်း ထုနဲ့ ထေးရှိနိုင်သည်။

ဒီလိုနှင့် လူပေါင်းများစွာတို့သည် ထိုမှတ်တိုင်လေးနားတွင် စိတ်ပေါင်း မြောက်မြားစွာဖြစ်ပေါ်လျှက်ရှိနေလိမ့်မည်။

သူတို့သည် သွားနေကြသူများလား…။ ပြန်နေကြသူများလား..။

Photo Credit: http://artofkd.blogspot.com

#အချစ်မဲ့ဂစ်တာ

Sunday, September 23, 2018

မနက်ဖြန်



တံခါးခေါက်လိုက်တယ်
မင်းကြားချင်လဲ ကြားမယ်
ကြားချင်မှလဲ ကြားမယ် ... ။
...
...
တိတ်ဆိတ်ခြင်း များစွာနဲ့ ... ။

Photo credit from : meetmindful.com

#အချစ်မဲ့ဂစ်တာ