Saturday, March 2, 2019

ပန်းအကြွေ



ပန်းတစ်ပွင့်လေ ...
သူ့ကိုယ်သူ ဝေဆာ
သူ့ကိုယ်သူ စေတနာ ...

ပန်းတစ်ပွင့်လေ ....
သူ့ကိုယ်သူ သံသရာ ...
သူ့ကိုယ်သူ ဝေဖြာ ....

ပန်းတစ်ပွင့် ...
ပန်းလေး တစ်ပွင့်ပေါ့ ...
မင့်ပွင့်ဝေမှုက
မင်းကိုပြန် အဆိပ်ခတ် ...

မင့် လန်းဆန်းမှုက
မင်းကိုပြန် ဒဏ်ခတ် ...

မင်းနှလုံးသားနဲ့ မင်းပွင့်ခဲ့
ရနံ့ကွယ်ပျောက်
ရိုးတံခြောက် ...

ပျား ပိတုန်း တွေဝဲ
ရမ္မက် နံ့တွေထဲမှာ
တစ်ချက် အငိုက်
မင့် စရိုက်နဲ့ ...

ခုတော့ ...

မင်းကိုယ်မင်း ပြန်ခြွေချရတော့မယ် ...။

အချစ်မဲ့ဂစ်တာ

Saturday, January 12, 2019

အေးစက်


အေးစက်ခဲ့တယ်။
ကိုယ့်ရဲ့ ချစ်ခြင်းနဲ့
အေးစက်တဲ့ မင်းရဲ့ နှလုံးသားလေး လုံခြုံပါစေ။

အေးစက်ခဲ့ပါတယ်။
သို့ပေသိ ကိုယ်ဟာ နွေးထွေးစွာနဲ့
ချစ်နေဆဲပါပဲ။

#အချစ်မဲ့ဂစ်တာ

Photo Credit: https://www.needpix.com

Sunday, October 14, 2018

ကဗျာ




မင်းသိပ်လှတယ်ဆိုတာ
မင်းကိုယ်တိုင် မသိတဲ့ဒီနေ့
ဒါဟာ လဲ ကဗျာ တစ်ပုဒ်ပါပဲ..။


#အချစ်မဲ့ဂစ်တာ

Thursday, October 11, 2018

နတ်သမီးထံသို့ ကဗျာ ( ၃)





အိပ်မက် ၁)

တစ်ခါတစ်လေ ကျုပ်ကို ကျုပ် မီးရှို့ကြည့်မိတော့
လောင်ချက် လောင်ချက်ပါပဲ .... ။
တစ်ခုတော့ သတိထားမိလိုက်တယ်

ကျုပ်ရဲ့ မီးခိုးရနံ့တွေဟာ တစ်မျိုးဖြစ်နေတာ
မသင်္ကာလို့ ကျုပ် ဟိုအဝေး အပြင်ကနေ
ကျုပ်ရဲ့ လောင်ကျွမ်းမှုက  မီးခိုးတွေကို ထွက်ကြည့်မိတယ် ...။
ဟာ...
ကျုပ် မျှော်လင့် ထားတဲ့ အ‌ရောင်တွေနဲ့ လွှဲနေပါပေါ့လား ...။

ကျုပ်ကိုယ်ကျုပ် လောင်စာ အဖြစ် လောင်ကျွမ်းတော့မယ့် အချိန်မှာ
ကျုပ် ဆီက ထွက်လာမယ့်  မီးခိုးငွေ့ရဲ့ အရောင်နဲ့
ခုထွက်နေတဲ့ အရောင်ဟာ
ကျုပ်မျှော်လင့်ထားတဲ့ အရောင် မဟုတ်ဘူး...။

ဒီအ‌ရောင်တွေ ဘယ်ကများ ထွက်လာသတုန်း
ကျုပ်လဲ တစ်သက်နဲ့ တကိုယ် ဒီလို အရောင်မျိုး မနေခဲ့ဖူးပါဘူး
ကျုပ် ပြန်စဉ်းစားမိတယ်... ။

ကျုပ်ဘဝကပဲ ပင်ကိုယ် ဒီအရောင် ဖြစ်နေသလား
ကျုပ်ဆွေမျိုးတွေသေဆုံးခဲ့တုန်းကကော ဒီအရောင်  ဖြစ်နေခဲ့သလား
ဒါတော့ ကျုပ် သတိမထားမိခဲ့ဘူး ...။

ကျုပ်အလှည့်ကျမှ ဖြစ်လာခဲ့လေသလား...။
ဒီလိုဆိုတော့လဲ ....။

အိပ်မက် ၂)

အလင်းလေး တစ်ခုရှိတယ်
မျှော်လင့်ချက် ရောင်စဉ်လေး တစ်ခုပေါ့။

အဆင်ပြေနေသလား
ပျော်နေရဲ့လား
အားငယ်နေသလား
စိတ်ညစ်နေသလား
ဝမ်းနည်းနေသလား


သူ ပျော်ရွှင်နေတာဟာ ကျုပ်ဝမ်းနည်းနေတာ မဟုတ်သလို
သူ ဝမ်းနည်းနေတာဟာလဲ ကျုပ် ပျော်ရွှင်နေတာတော့ မဟုတ်ဘူးပေါ့
သူ စိတ်ညစ်နေတိုင်း ကျုပ် မပျော်တတ်တော့
သူ မပျော်တိုင်း ကျုပ် စိတ်ညစ်နေမိတာ ဘယ်လိုကြောင့်လဲတော့ မသိ...။

မျှော်လင့်ချက်ဆိုတာ အရောင် မှိန်လာတတ်ပေမယ့် ဆုံးဖြတ်ချက်ကတော့ ခိုင်မာနေဖို့ လိုအပ်တာကိုး...။


------

ပြန်ထကြည့်မိလိုက်တယ်
မရတော့ဘူး
ကျုပ်တစ်ကိုယ်လုံးတော့ အစိမ်းရောင် သမ်းနေပါပေါ့လား ...။

နောက်ဆုံးပြန်ကြည့်မိတော့ သူဟာ အစိမ်းရောင်ကို ကိုယ်စားပြုတဲ့ နတ်သမီး ဖြစ်နေတယ်။

ကိုယ်နဲ့ ထိုက်မှ ကိုယ်ရမယ့်  အရာတွေပဲမို့   အားလုံးကို ကျုပ်ဘယ်တော့မှ မမုန်းခဲ့ဖူးဘူး
ကံစီမံရာပါပဲပေါ့လေ ...။

Photo Credit: counciloflove.com

#အချစ်မဲ့ဂစ်တာ
1:56 AM
11 Oct 2018

Saturday, October 6, 2018

နတ်သမီးထံသို့ ကဗျာ ( ၂)




သူ ရှိနေတယ်
ကျုပ်ကို မတွေ့ဘူး
ကျုပ်က တွေ့ပြန်တော့
သူ မရှိတော့ပြန်ဘူး

ဒီလိုပါပဲလေ...
ဆန္ဒနဲ့ဘ၀ဟာ
ထပ်တူကျဖို့တော့ သိပ်ခက်ခဲပါပါ့...။

အဖြစ်က ...
ကြယ်တွေ တစ်ချက် အငိုက်မှာ သူကြွေကျသွားသလိုမျိုး
သက်တန့်တွေဟာ မိုးရေတွေရဲ့ နောက်ကျောမှာ လှပနေတာမျိုးပေါ့ ...။

ဒီလိုနဲ့
ဒီနေ့ည (သောကြာနေ့)ဟာ
သေဆုံးနေခဲ့လေရဲ့ ...။

#အချစ်မဲ့ဂစ်တာ
6 Oct 2018
1:13 AM

Photo Credit: deviantart.com