Tuesday, March 4, 2008

သို့ အေးကြည်မ



သို့
အေးကြည်မ

ငါစာရေးလိုက်ပါတယ်..ရွာကိုပြန်ရောက်တော့ နင့်ကို အရမ်းသတိရတာပဲ သိလား…နင်က မြို့ကိုရောက်တော့ လွတ်ပြီးကိုလှသွားလိုက်တာနော်…နင်သူငယ်ချင်းဘုတ်ဆုံနဲ့ ရွှေမိတို့ကလည်း ငါပြန်ရောက်တာနဲ့ နင့်အကြောင်းမေးလိုက်ကြတာ…သူတို့ကလည်း နင့်ကို တော်တော်သံယောဇဉ်ရှိရှာတာဟ.. ရွှေမိဆို မျက်ရည်လေး ကလည်ကလည်နဲ့….နင့်ကိုဆီကို လာလည်ချင်တယ်လို့ပြောတယ်ဟ….ကြီးတော်သောင်းက မလွှတ်လို့တဲ့…ရွာဦးက ဘုန်းဘုန်းကတောင်မေးနေသေးတယ်..။

ဟဲ့..ဒါနဲ့ အေးကြည်မရဲ့…
ဘလချာတိုင်းလား ဘာတိုင်းလဲဟာ …နင်တို့ပြောတဲ့ အဲဒီနေ့တုန်းက နင်လိုက်ပို့တဲ့ အဲဒီပန်းခြံကြီးက အကျယ်ကြီးပဲနော်…..လူတွေစီးနေကြတဲ့ ဟိုးအမြင့်ကြီးကိုတက်သွားပြီး ပြန်ပြန်ကျလာတဲ့ အဝိုင်းကြီးကလည်း အကြီးကြီးပဲ..ငါဖြင့် အဲလောက်ကြီးတဲ့ (ရွာဘုရားပွဲတွေမှာ ကလေးတွေစီးတဲ့ ချားကြီးကိုထောင်ထားတဲ့) ချားထောင်ကြီးကို မြင်ဖူးပေါင်…အဲဒီပန်းခြံရှေ့က ဘုန်းကြီးကျောင်းလိုလို.. ဘုရားလိုလိုအဆောက်အဦးကြီးကလည်း ကြီးမှကြီး…အဲလောက်ကျယ်တဲ့ ဧကကြီးမှာ လယ်စိုက်လိုက်ရရင်ဖြင့် သီးနှံတွေထွက်လိုက်မယ့် ဖြစ်ခြင်း…နှမြောစရာကြီးဟာ ..နော်..။

နောက် တိရိစ္ဆာန်ရုံသွားတဲ့နေ့တုန်းကိုလည်း သတိရလိုက်တာ…နင့်တီးကောက်ကြီးကိုကိုင်ပြီး ကော်ဖီဆိုင်က အထွက်လေ..လူတွေကလည်းရှုပ်တော့ ကုလားထိုင်ခြေထောက်နဲ့ ခလုတ်တိုက်ပြီး လဲတော့မလိုဖြစ်သွားတာလေ…တော်သေးလို့ ရှေ့က လုံမကို ထီးနဲ့ ထိုးမိတော့မလို့…သိလား…ဝိုင်းကြည့်နေကြတာလေ…အရှက်မရှိတဲ့ ငါ့လိုတောသားတောင် နဲနဲရှက်သွားတယ် သိလား..နင်တို့မြို့ က တိရိစ္ဆာန်တွေကလည်း တော်တော်များသား..ဒါတောင် နေပြည်တော်ကို တိရိစ္ဆာန်တွေ တော်တော်ပြောင်းသွားတာနော်…နို့မဟုတ် နဲဘူးကြီးနေမှာ…အဲဒီကနေပြန်တော့လည်း ကြည့်ဦး..နင်တို့ခေါ်တဲ့ ဘတ်ကားဘတ်ကားဆိုတဲ့ ကားပေါ်ကို တက်တော့လည်း ငါ့ကိုင်ထားတဲ့ထီးကောက်ကြီးက ပိုက်ဆံလိုက်ကောက်တဲ့ အကိုကြီးပုဆိုးနဲ့ ညှိနေတာလေ…တော်ပါသေးရဲ့ အရမ်းမဆွဲလိုက်မိတာ..ချွေးတောင်ပြန်သွားတယ်ဟ…နဲနဲသာအားစိုက်ဆွဲလိုက်ရင်တော့ မတွေးဝံ့စရာ…ဘာပဲပြောပြော နင်နဲ့နေရတာ ငါဖြင့် အရမ်းပျော်တာပဲသိလား….။

အေးကြည်မရေ..စာလည်းရှည်သွားပြီ..နောက်နှစ် ကောက်ရိတ်ပြီးရင် ငါတို့နှစ်ယောက်တူတူနေနိုင်တော့မှာပါဟ…ငါလည်းကြိုးစားပြီး စိုက်နေတယ်သိလား….ဝေးနေတော့လည်း လွမ်းသားဟ…ဟိုးအရင် ရွာမှာနေတုန်းက ချစ်တယ်ဆိုပြီး..ခုမြို့ရောက်တော့ မေ့သွားမှာလည်း စိုးပါ့ကွယ်…နောက်ပြီး..နင်”အိမ်သာနက်”ဆိုတာကြီးကို မသွားပါနဲ့ဟာ..ဘာမှန်းမသိ ညာမှန်းမသိနဲ့ ရည်းစားစကားတွေပြောနေကြတယ်…မြို့သားတွေက တယ်မလွယ်ဘူးလေကွယ်..စိုးရိမ်ပါ့..။

ကျန်းမာရေးလည်း ဂရုစိုက်နော်…ဘကြီးအောင်ရဲ့ ဝမ်းနုတ်ဆေးလည်း မှန်မှန်စား သိလား…. ရွာက ဝက်တစ်ကောင်နဲ့ နွားတစ်ရှဉ်းကိုလည်း မပူနဲ့ သိလား…ငါစောင့်ရှောက်ထားတယ်..။
ဒါပဲနော်…။

အမြဲ သတိရလျှက်
ချစ်တဲ့ သာဂိ

အချစ်မဲ့ဂစ်တာ

No comments:

Post a Comment