Sunday, June 28, 2009

အမှတ်တရ ဒီမွေးနေ့



လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်တာ ကာလ….

ဒီလိုနေ့ရက်မှာပေါ့… လူလောကကြီးထဲကို မျက်စိသူငယ် နားသူငယ်နဲ့ ရောက်လာခဲ့တဲ့ ကလေးလေးတစ်ယောက်…။ ဒီလောကရဲ့  ဖျားယောင်းမှု၊ လှည့်စားမှု၊  ပြောင်းလဲမှုတွေကြားမှာ ကြီးပြင်းလာလိုက်တာ လူဘဝရဲ့ သက်တမ်းအရဆိုရင် သုံးပုံတစ်ပုံဟာ ကုန်ဆုံးသွားခဲ့လေပြီ။ ဒီလိုကုန်ဆုံးသွားတဲ့ ကာလာတွေထဲမှာ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အောင်မြင်မှုတွေ၊ ရှုံးနိမ့်မှုတွေ၊ မျှော်လင့်ချက်တွေ၊ စိတ်ပျက်အားလျှော့ခဲ့ရမှုတွေ စတဲ့ လောကဓံရဲ့ လှိုင်းတံပိုးထဲမှာ အလူးလူး အလိမ့်လိမ့် နဲ့ပါပဲ။

အထပ်ထပ်ဖိချခဲ့ရတဲ့ ဆပ်မကုန်တဲ့ ကျေးဇူးတရားတွေအောက်မှာ ပြန်လည်ဦးမော့နိုင်ဖို့နဲ့ တစ်ထပ်ပြီး တစ်ထပ် ပြန်လည်ချေဖျက်ပစ်ဖို့ ကြိုးစားနေရတဲ့ လူတစ်ယောက်…။ တစ်ချို့ တစ်ချို့သောအရာတွေ လုပ်နိုင်ခဲ့တာရှိသလို လုပ်နေသမျှကာလပတ်လုံးမှာလည်း ပြန်လည်ပြီး  တစ်ရစ်နဲ့ တစ်ရစ် ပိကျခံနေရဆဲ…ပြန်လည်နစ်မြုပ်နေဆဲပါ..။  ပြီးဆုံးသွားတဲ့ အရာတွေမှာ အမှန်တွေရှိခဲ့သလို အမှားတွေဆိုတာလည်း ဒုနဲ့ ဒေးပေါ့..။ ဒီလိုနဲ့ ပြင်ဆင်လို့ ရနိုင်တဲ့ အမှားတွေကို ကြိုးစားပြင်ဆင်ရင်းနဲ့  ပြန်ပြင်မရနိုင်တော့တဲ့ နောင်တတွေလည်း များစွာ ပိုက်ထွေးလျှက်…..။ ဘာပဲပြောပြော..  ရည်မှန်းချက်တစ်ခုအတွက်ဆိုရင်တော့  မာနဆိုတဲ့ အရာက်ိုလက်ဆွဲရင်း…..။

ဒီလိုနှစ်ကာလအတွင်းမှာပဲ…တစ်ခါတစ်ရံ အချိန်တွေမှာ အကောင်းဆုံးဖြစ်နိုင်ဖို့ လှုပ်ရင်း လှုပ်ရင်းနဲ့ မြုပ်မြုပ်သွားခဲ့ရတဲ့ အခြေအနေတွေ၊ နွံထဲရောက်သွားသလို အခြေအနေမျိုးတွေလည်း ကြုံခဲ့ရတာ ခဏခဏပေါ့…..။ ဒီလိုအဖြစ်မျိုးတွေကြုံလိုက်ရတိုင်း ကျကျသွားတတ်တဲ့ အရာတစ်ခုကို မရမက ပြန်ပြန်ကောက်ခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ..။ တစ်ခါတစ်ခါလည်း နှောင်ကြိုးတစ်ချောင်းကို သွားပြီးတွယ်ငြိလိုက်မိခဲ့ပေမယ့် ဒီနှောင်ကြိုးက အချည်မခံလိုသူအတွက် အသာအယာဆွဲဖြေလိုက်ရုံနဲ့ပဲ ပြေလျှောသွားခဲ့လေရဲ့….။ တစ်ခါတစ်ရံလည်း စဉ်းစားမိခဲ့ပါရဲ့… ဘဝဆိုတာ ဘာမဟုတ်တဲ့ စက္ကူတွေအတွက်များလားပေါ့လေ..။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး..။ ဘာမဟုတ်တဲ့ စက္ကူတွေက ဘဝတစ်ခုကို ဖြစ်စေခဲ့တာကို သိလိုက်ရမိပြန်ရော..။

ဒီလိုနဲ့ပဲ ခုဆိုရင် နှစ်ဆယ်ငါးနှစ်တဲ့… အချိန်က သတိပေးလာတယ်…။ ခုချိန်ထိ ဘာဆိုဘာမှ မလုပ်ခဲ့လိုက်ရသေးသလိုလို …. ။ ဘာဆိုဘာမှလည်း မပြီးမြောက်သေး သလိုလို..။ ကုန်ဆုံးသွားတဲ့ အချိန်တွေဟာလည်း ဘာမှ မကြာလိုက်သလိုလို..။ မထင်မှတ်ပဲ မကြာသေးခင်ကမှ တွယ်ငြိမိပြန်တဲ့သံယောဇဉ်ကြိုးတစ်ချောင်းအတွက်လည်း  ရင်လေးမိသလိုလို…။ ဒီကြိုးလေးဟာ လုံးဝထင်မှတ်မထားပဲတင်းကျပ်စွာချည်နှောင်မိနေလေတော့လဲ ခက်ပါ့… ။ ထားလိုက်ပါပြီ..။  ပြီးခဲ့တာတွေလည်း  နေ့စဉ်ရက်ဆက် သင်္ဂြုလ်နေခဲ့ရပြီး နောင်လာမယ့် အချိန်တွေကိုလည်း ဖမ်းဆုပ်လို့ မလွယ်ဘူးဖြစ်နေတော့….။ ဒီအချိန်.. ဒီအရွယ်မှာဖြင့်…………….။ ဒီလိုနဲ့ပဲ မနက်ဖြန်ဆိုရင် ၂၆ လို့ပြောရတော့မယ်……………………….။

ps.. ဘာပဲပြောပြောပေါ့လေ.. ဒီမွေးနေ့ဟာ ကျွန်တော့်အတွက် အမှတ်တရအဖြစ်ဆုံးသော မွေးနေ့တစ်ခု ဖြစ်ခဲ့တာတော့ အမှန်ပါပဲ… Thank you for all…

အချစ်မဲ့ဂစ်တာ
၂၈.၆.၂၀၀၉

No comments:

Post a Comment