Friday, September 11, 2009

ဆုံမှတ် infinity …..



“ ဆုံမှတ်တစ်ခုမှာ
အတူရပ်ခဲ့ကြပေမယ့်
ကျာခြင်းကပ်ဖြစ်နေလေတော့
ရှေ့ဆက်မယ့် ခြေလှမ်းတိုင်းဟာ ……………. ”


လေအဝှေ့မှာ လွင့်ဝဲသွားတဲ့ ဆံနွယ်တွေကြားက ဖြူနုနေတဲ့ ချစ်စဖွယ် လည်တိုင်လေး…။



ဒီလည်တိုင်လေးပေါ်မှာ ငါ့ရင်ထဲက တစ်ခုခုကို ကောင်းစွာကိုင်လှုပ်နိုင်စွမ်းရှိတဲ့ အနီရောင် မှဲ့နီလေးတစ်လုံး.။



ဒီမှဲ့နီလေးကြောင့် အရာရာက စတင်ခဲ့ပြီး အားလုံး အဆုံးသတ်ချိန်မှာတော့  င့ါဆီမှာ ရှိတဲ့ ငါပိုင်ဆို်င်ထားတဲ့ အရာတွေ အားလုံး အားလုံးဟာ ဒီမှဲ့နီလေးထဲမှာ နစ်မြုပ် ကျန်ရစ် ခဲ့တာပါပဲ..။



“ ချစ်တယ် ”ဆိုတဲ့ စကားတစ်ခွန်းကို ၀တ်ကျေတန်းကျေဆန်လွန်းစွာ ရရှိခဲ့တဲ့ ငါဟာ.. “ တောင်းပန်ပါတယ် ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဖျက်ဆီးခံလိုက်ရပြန်တော့ ငါမင်းကို ဘာများ ပြောခွင်ရှိဦးမှာလဲ..။ တစ်ခုရှိတာတော့ မင်းကို အမှန်တကယ် မြတ်နိုးခဲ့တယ် ဆိုတာကိုပါပဲ..။ နှစ်ချို့အောင် ကြိုးစားပြီး ရခဲ့တဲ့ မင်းရဲ့ ချစ်ခြင်း(အတု)တွေကြားမှာ မင်းရဲ့ ပါးပြင်လေးကိုတောင် နမ်းရှိုက်ဖို့ ငါနှမြောခဲ့ရတာလေ..။ ဒါပေမယ့်  မင်းပြောခဲ့တဲ့ “ ချစ်တယ် ”ဆိုတဲ့ စကားနဲ့ “ တောင်းပန်ပါတယ် ” ဆိုတဲ့ စကားနှစ်ခွန်းကြားရဲ့ အချိန်ကာလတွေမှာ ပျော်ရွှင်မှုတွေ မျှော်လင့်ချက်တွေကို စားသုံးရင်း မင်းမျက်နှာလေးကို ကြည့်ပြီး ငါ့ဘဝရှင်သန်ခဲ့တယ်ဆိုရင်……..။



အသည်းပုံချိုချဉ်လေးကျွေးတာတောင် တစ်လုံးထဲ ကျွေးရင် မပြည့်စုံမှာစိုးလို့ ချိုချဉ်ကို နေ့စဉ် နှစ်လုံး နှစ်လုံး ပုံမှန် မင်းဆီကို မရောက်ရောက်တဲ့ နည်းနဲ့ ပို့ခဲ့တာဟာ ငါရူုးသွပ်ခဲ့တာလား.။ နောက်ဆုံးခွဲရမယ့် အချိန်မှာ “ ရင်နာနာနဲ့ ရယ်နေရမယ့် အဖြစ်မျိုး မကြုံချင်လို့ ဒီနာရီကို မရချင်ပါဘူး ” လို့ ပြောခဲ့တဲ့ မင်း..။ ငါကိုယ်တိုင်ကလည်း  ရူးသွပ်လွန်းလို့ မင်းရဲ့ လက်မှာ ကိုယ်တိုင်ဝတ်ပေးမိခဲ့တာ ငါ့အမှားဖြစ်သွားတာလား..။ တကယ့်တကယ် ရယ်နေပေမယ့် ရင်ထဲမှာ နာကျင်စွာ ငိုနေရတာဟာ မင်းမဟုတ်ပဲ ငါဖြစ်သွားတာလေ။ အဲဒီတုန်းက နာရီလေးတစ်လုံးကို ခုချိန်ပြန်တွေ့ရရင် သိချင်ပါ့ရဲ့ ..။ သူစကားပြောတတ်ရင်ပေါ့… ငါ့အတွက်နဲ့ မင်း မျက်ရည်တစ်ပေါက်ကျခဲ့ဖူးသလား  ဆိုတာကို….။



အချိန်တွေလည်း ဆယ်စုနှစ်တစ်ခုကြာရောပေါ့..။ ခုချိန်ထိ ငါ့နှလုံးသားရဲ့ ဟိုး………… အဝေးတစ်ထောင့်မှာ မှဲ့နီလေး တစ်လုံးဟာ ငါ့အတွက် တစ်စတစ်စ မှေးမှိန်လျှက်…..။။



အချစ်မဲ့ဂစ်တာ

11/9/2009

No comments:

Post a Comment