Monday, November 16, 2009

နယ်မြေစိမ်းမှာ



ကျယ်လောင်လှသော ရင်ခုန်သံတစ်ခု…. ။ ဒီရင်ခုန်သံသည် မည်သည့် အရပ်မှ ပေါ်လာသနည်း။ ဟင်… င့ါရင်ဘတ်ထဲက အသံပါလား… ဒီတော့မှ ကိုယ့်ကိုယ်ကို ပြန်လည် သတိထားမိသည်။ ကျွန်တော့် ရင်ဘတ်တစ်ခုလုံးမှာ နိမ့်ချည် မြင့်ချည်ဖြင့်….. ပြင်းထန်လှသော မောဟိုက်မှုကို ခံစားနေသည်။ တစ်ကိုယ်လုံးမှာလည်း ချွေးများနှင့် ရွှဲနစ်လျှက်… စိုးရိမ်စိတ်များလည်း ရင်နှင့် မဆံ့အောင်ပင်…။



ဒီအကောင်ဟာ ဘာကောင်လဲ…… ????



ကျွန်တော့် အရှေ့တည့်တည့်တွင် ကြီးစိုးနေသော အမှောင်ရိပ်များစွာ….။ ထို အမှောင်ရိပ်ထဲမှ တစ်ချက်တစ်ချက်တွင် စူးရှလှသော၊ ကောက်ကျစ်မှုဆန်လှသော၊ လင်လက် တောက်ပလှသော မျက်ဝန်းသေးသေးလေး တစ်စုံ….။ ပေါ်လိုက်…. ပျောက်သွားလိုက်….။ ထို မျက်ဝန်းလေးမှာ တစ်နေရာထဲမှ မဟုတ်… တစ်ကြိမ်တွင် ထိုနေရာတစ်ခုမှ ပေါ်လာပြီးလျှင် နောက်တစ်ကြိမ်တွင်တော့ ထိုနေရာတွင် မဟုတ်….။ နောက်ထပ် တစ်နေရာမှ ထပ်မံ ပေါ်ထွက်လာသည်။



ယိုင်နဲ့နေသော ခြေလှမ်းများဖြင့် ရှေ့သို့ တစ်ဖြည်းဖြည်း လျှောက်လာမိသည်။ ရှေ့မှ မြင်ကွင်းတွင် အမှောင်ထုမှ တဖြည်းဖြည်း လင်းလာကာ လမ်းကြောင်းလေးတစ်ခုကို မြင်ရသည်ဆိုရုံ မှိန်ပြပြ….။ ဘေးဘက်များတွင်တော့ ပကတိအတိုင်း မှောင်မည်းလျှက်…။ ခပ်လှမ်းလှမ်းသို့ လျှောက်လာမိသောအခါ ယခင် ရပ်ခဲ့သော နေရာသို့ ပြန်ှလှည့် အကြည့်..။ ဟာ…. ရင်ထဲတွင် ထိတ်ခနဲ….။ ထိုနေရာကား ပြန်လည် မှောင်မည်းလျှက်။ စိတ်ကို ပြန်တင်းလိုက်ကာ ရှေ့သို့ ပြန်အလှည့် ….။ လျှင်မြန်လှသော အရှိန်ဖြင့် လူတစ်ယောက်၏ ဒူးဇစ်လောက်သာသာ အရပ်အမောင်းရှိသော လူနှင့် ခပ်ဆင်ဆင် တစ်ကုယ်လုံး အမွေးကြမ်းကြမ်းများဖြင့် ဖုံးအုပ်ထားသော ကြောက်မက်ဖွယ် ရုပ်သွင်ဖြင့် အကောင်လေးတစ်ကောင် ကျွန်တော့ဆီသို့ ပြေးလာပြီး ကိုယ်ပေါ်သို့ ခုန်တက်လာသည်။ ပုံသဏ္ဍာန်ကို မြင်လိုက်ရုံရှိသေးသည် ထိုအကောင်ကား ကိုယ်ပေါ်သို့ ရောက်နေနှင့်ပြီး ကျွန်တော့်အား စတင် တိုက်ခိုက်လေတော့သည်။



ရုတ်တရက် ထိတ်လန့် ကြောက်ရွံ အံ့သြမှုများစွာဖြင့် ထိုအကောင်လေး၏ တိုက်ခိုက်မှုကို အရူးတစ်ယောက်ပမာ တစ်ကိုယ်တည်း လှည့်ပတ်ကာကွယ်နေရသည်။ တစ်ချက် ထိုကောင်လေး၏ သေးငယ်လှသော လက်သေးသေးလေးနှစ်ဖက်ကို အမိအရဆုပ်ကိုင်မိချိန် ကိုယ်ခန္ဓာမှ အမြန်ဆွဲခွာ၍ ရှိရှိသမျှ အင်အားဖြင့် အဝေးသို့ ပစ်ပေါက်လိုက်သည်။ ပစ်လိုက်သော အရှိန်ဖြင့် အကောင်လေးမှာ ကြမ်းပြင်သို့ ခြေထောက်မိသည်နှင့် အမှောင်ထုသို့ လျှင်မြန်စွာ တိုးဝင်ပျောက်ကွယ်သွားလေသည်။ လွန်စွာ မောပန်းမှုများစွာ နှင့် အတူ အမှောင်ထုများဝိုင်းရံနေသော ထိုနေရာတွင် ကိုယ့်ကိုယ်ကို အားငယ်ကြောက်ရွံ့စိတ်များစွာ….။ ဒီအကောင်လေးမှ ဒီဝန်းကျင်မှာပဲ ရှိနေသည်ကိုလည်း စိတ်ထဲ အလိုလို သိနေမိသည်။ သူ ထပ်မံ ထွက်လာဥိးမည်။ ဘယ်နေရာမှ ထွက်လာမည်ကိုကား မသိ…။



စိတ်ကို အစွမ်းကုန်တင်းလိုက်ကာ ရှေ့သို့ ရှိသမျှ ခွန်အားဖြင့် … တစ်လှမ်း …. နှစ်လှမ်း…. သုံးလှမ်း….။ “ ၀ှစ် ” ခနဲ့ အသံနှင့် အတူ ကျွန်တော့် ခြေထောက်ကြားမှ ဖြတ်ပြေး သွားသည်ကို သိလိုက်သည်။ ပတ်ဝန်းကျင်မှ အမှောင်ထုမှာလည်း ပိုမို သိပ်သည်းလာသလိုလို ….။ တိတ်ဆိတ်မှုကလည်း အပြည့်….။ အလင်းရောင် မှိန်ပြပြကိုတော့ မျက်စိရှေ့ လေးငါးလှမ်းစာလောက်ထိတော့ မြင်နေရသည်။ ပေါ်လိုက် ပျောက်လိုက်ဖြင့် မျက်ဝန်းတစ်ခုကိုလည်း အမှောင်ရိပ်ထဲ ကြည့်လိုက်လျှင် တစ်ချက်တစ်ချက် တွေ့တွေ့လိုက်သည်။ ရှေ့သို့ တစ်လှမ်းခြင်းနေရင်းဖြင့် ဒီအကောင်ဟာ ဘာကြောင့် ကျွန်တော့်ကို နှောက်ယှက်မှု ပြုနေလဲ စဉ်းစားနေမိသည်။ သို့သော် မ်ညသို့မှ စဉ်းစားလို့ မရ….။



“ ခွီး ”

အသံနက်ကြီးနှင့် အတူကျောပေါ်သို့ အကောင်တစ်ကောင် ကျလာပြန်လေသည်။ အား………….. ကျွန်တော် ကျယ်လောင်စွာ အော်ဟစ်ရင်း ထို အကောင်လေးနှင့် လုံးထွေးတိုက်ခိုက်နေရသည်။ မကြာမီ အမှောင်ထဲသို့ တိုးဝင် ကွယ်ပျောက်သွားပြန်လေသည်။ “ ခွီး ” အသံဆိုးကြီးနှင့် ဘေးဘက်မှ ထပ်မံ တိုက်ခိုက်လာပြန်သည်။ သူ၏ သေးငယ်လှသော လက်ကလေးဖြင့် ကျွန်တော့်ကို နေရာအနှံ့ကုတ်ဖဲ့နေလေ၏။ ကျွန်တော်လည်း ကြောက်လန့်တကြားဖြင့် ပြန်လည်ခုခံရပြန်သည်။ နောက် အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြန်သည်။ ကျွနတော်လည်း အတော်ပင် မောဟိုက်နေလေပြီ ..။ ခြေလက်များလည်း ပျော့ခွေ နုံးချိကာ လမ်းပင် မလျှောက်ချင်တော့ …အားအင်များလည်း ကုန်ခမ်းနေလေပြီ..။ နောက်တစ်ကြိမ် ဒီအကောင် ထပ်မံပေါ်ထွက်လာမှာကိုလည်း အလွန် ကြောက်ရွံ့နေမိသည်။ ထိုနေရာမှလည်း အဝေးဆိုးသို့ ထွက်ပြေးလွတ်မြောက်ချင်လှပြီ…။ သို့သော် ဘယ်ဘက်သို့ ပြေးရမည်ကို မသိ..။ ကိုယ့်ကိုယ်ကိုလည်း သိနေသည်..။ ဒီနေရာမှ လွတ်မြောက်အောင် မည်သို့ မှ မစွမ်းဆောင်နိုင်တော့…. ဒီလိုပဲ နေနေလို့လည်း မဖြစ်… ဒီလိုနှင့်တစ်လှမ်းခြင်း တစ်လှမ်းခြင်း အရှေ့သို့သာ ဦးတည်လျှက်……



“ ခွီး ” ……………………………………………..။



* ကျွန်တော် နယ်မှ နေစဉ်အချိန်အတွင်း (၇) ခါထက် မနည်း တစ်ပုံစံတည်း မက်ခဲ့ဖူးသော အိမ်မက်တစ်ခု ….။



အချစ်မဲ့ဂစ်တာ

16/11/2009

No comments:

Post a Comment