Monday, October 6, 2008

တပ်မတော်က သစ္စာဖောက်ပြီ



အောင်မလေးဗျာ…ဒီခေါင်းစဉ်ကို တင်သာတင်လိုက်ရတယ် ကြက်သီးတွေထလိုက်တာ..။ တလွဲတော့ မတွေးပါနဲ့ဗျာ.. ကျွန်တော်က ဟာသလေးတစ်ခုပြောမလို့ပါဗျ.။
ထုံးစံအတိုင်း တက္ကသိုလ်ကျောင်းသားဘ၀ ဆိုပါတော့…။ ကျွန်တော်ကြုံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားဘဝဟာ မနက်ကျောင်းသွား (ရတနာပုံ) ကောင်မလေးတွေကြည့်၊ နေ့လည် တောင်တမန်အင်းသွား ထန်းရေသောက်၊ ညနေ အဆောင်ပြန် ဖဲရိုက်၊ ည အရက်ဆိုင်သွား အရက်သောက်၊ ညနက်ရင် မိန်းကလေးအဆောင်ရှေ့ မိုးလင်းထိ ဂစ်တာတီး ဒီလိုနေခဲ့ရတာလေ..။ အဲလိုနေရင်း တစ်ရက်မှာပေါ့ဗျာ..
ညနေပိုင်း အဆောင်မှာ သူငယ်ချင်းတွေနဲ့ ဖဲရိုက်နေတုန်း …..

“ ဟိတ်ကောင်တွေ ဟိတ်ကောင်တွေ … တပ်မတော်က သစ္စာဖောက်ပြီကွ ”

ဆိုပြီး အမောတကောနဲ့ အဆောင်ကသူငယ်ချင်းတစ်ယောက် ကျွန်တော်တို့ဆီကို ပြေးလာတယ်။ ရုတ်တရက်ဆိုတော့ ကျွန်တော်တို့လည်း ဘာတွေများဖြစ်ကုန်တာလဲပေါ့။ သူက အဲလိုပြောပြီး သူ့အိတ်ရှိတဲ့နေရာကိုသွား ပိုက်ဆံတွေယူပြီး ပြန်ပြေးထွက်သွားတယ်ဗျ.။ ကျွန်တော်တို့တွေလည်း ဘယ်နားမှာ ဘာတွေဖြစ်နေတာလဲဆိုတာ သိချင်တာနဲ့ သူ့နောက်ကို ပြေးလိုက်ကြည့်ကြတယ်။ ပတ်ဝန်းကျင် ကိုကြည့်တော့လည်း အေးအေးဆေးဆေးပါပဲ..။ လိုက်ရင်းလိုက်ရင်းနဲ့ ကိုယ်တော်ချောက ဘယ်ကိုပြေးတယ်မှတ်လဲဗျ.. သူဝင်ပြေးသွားတာ အရက်ဆိုင်တစ်ဆိုင်ဗျ။ ဆိုင်ထဲကိုလှမ်းကြည့်လိုက်တော့ အဆောင်ကသူငယ်ချင်း နှစ်ယောက်ရယ် ကျွန်တော်တို့ လိုက်ကြည့်တဲ့ တစ်ယောက်ရယ်ပေါင်း သုံးယောက် တစ်ဝိုင်းထဲထိုင်နေပြီး ငြင်းခုံနေကြတယ်။ စားပွဲပေါ်မှာလည်း ပုလင်းတွေ တန်းစီလို့ .. ကိုးလုံးလောက်ရှိမယ်။ ဒါနဲ့ ကျွန်တော်တို့ ဝင်ထိုင်တော့ သူတို့ပြောနေတာက…..

“ဟိတ်ကောင် မင်းပြောတော့ မိန်းမတွေက တပ်မတော်လောက်သစ္စာမရှိဘူးဆိုကွ. ငါတို့ကို တပ်မတော်က သစ္စာအရှိဆုံးဆို.. ကဲ ခုတော့ ဘယ်နှယ်လဲ.. အရင်တုန်းက တစ်လုံးဆိုရင် ငါတို့ သုံးယောက်လုံး မူးနေပြီ.. ခုတော့ တစ်ယောက်ကို သုံးလုံးသောက်တာတောင် ဘယ်လိုမှမနေသေးဘူး… ဒါလား တပ်မတော်က သစ္စာရှိတာ ”

ဆိုပြီး သူ့ရှေ့က Army Rum ပုလင်းကို လက်ညိုးထိုးပြီး ပြောတော့

“ အေးပါကွာ .. ဒါကြောင့်မို့ ငါအဆောင်မှာ ပိုက်ဆံသွားယူတာပေါ့ကွ.. ငါတို့ တပ်မတော်ဟာ သစ္စာဘယ်လောက်ထိ မရှိတာလဲဆိုတာ စမ်းသပ်ရင်း ထပ်သောက်ကြရအောင် ”

အော်.. သူတို့ပြောတဲ့ တပ်မတော်ဆိုတာက Army Rum တဲ့.. မှတ်သားလောက်ပါရဲ့..။

Friday, April 18, 2008

ဘူးသီးဖီလင်




ဘူးသီးဖီလင် ဆိုတာ ကျိုက်ထီးရိုးတောင် ခြေလျှင်တောင်တက်လမ်းက ဘူးသီးကြော်ဆိုင်လေးပေါ့…

ဒီနှစ် ဧပြီ ၁၁ ရက် သင်္ကြန်မတိုင်ခင်က ရောက်သွားတဲ့ကျိုက်ထီးရိုး အမှတ်တရလေးပါပဲ သူငယ်ချင်းတို့ရေ…အဲဒီနေ့က ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ ကျွန်တော့် အကိုတစ်ယောက်နဲ့ အားလုံး စုပြီးတက်ကြတာလေ…အရမ်းပျော်ဖို့ကောင်းတဲ့ ခရီးလေးတစ်ခုပါပဲ…ကျွန်တော်တို့ အဖွဲ့လည်း မနက် ၁၀ နာရီခွဲလောက်ကစပြီး တောင်ပေါ်စပြီး တောင်ပေါ်စတက်ကြတယ်လေ ….တောင်တက်လမ်းမှာလည်း ပုဇဉ်းရင်ကွဲ အော်သံတွေနဲ့ ငှက်ပေါင်းစုံတို့ရဲ့ အသံတွေနဲ့ အတော်သာယာတယ်ဗျာ..

ဒီလိုနဲ့ ကျွန်တော်တို့ တက်လာရင်းနဲ့ အကိုက ပြောတယ် “ဘူးသီးဖီလင်”ကို ရောက်အောင်တက်နှင့် အဲဒီမှာ ငါ့ ညီတစ်ဝမ်းကွဲရှိတယ်”ဆိုပြီးတော့ သူက ဖြေးဖြေးတက်လာတယ်လေ..ဒါနဲ့ ကျွန်တော်တို့လည်း တက်ရင်းနဲ့ ဘူးသီးဖီလင်ဆိုတဲ့ ဆိုင်ကို ရှာရင်းတက်ရင်းနဲ့ပေါ့….ဒီလိုနဲ့ ဖိုးပြန်တောင်ကိုလဲ ကျော်လာရော ..တွေ့ပါပြီ…ဘူးသီးဖီလင် ဆိုင်လေးကလည်း တော်တော်လှတယ်ဗျ…ကျွန်တော်တို့လည်း ရောက်တာနဲ့ ကျွန်တော့အကို နာမည်ပြောပြီးမိတ်ဆက်လိုက်တာပေါ့…သူလည်း ကျွန်တော့ အကိုနာမည်ကြားတော့ အတော်ဝမ်းသာသွားတယ်လေ.. ဒါနဲ့ ကျွန်တော်တို့လည်း အမောဖြေပြီး အကို့ကို စောင့်ရင်းနဲ့ တစ်ရေးလောက်နှပ်လိုက်ကြတာပေါ့…သိပ်မကြာပါဘူး အကိုလည်းရောက်လာရော..သူတို့တွေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလိုက်ကြတာ အတော်ကြာသွားတယ်..နောက်တော့ ဆိုင်က အကိုကပြောတယ် မင်းတို့တွေ ရေမိုးချိုးပြီး ထမင်းစားပြီးမှပဲ ဆက်တက်ရမယ်တဲ့ …ဟီး …ဒီက ကောင်တွေကလည်း သိပ်မငြင်းကြပါဘူး..ရေချိုးမယ် ထမင်းစားမယ်ဆိုတာပဲ…

ဒါနဲ့ သူကပဲ ဦးဆောင်ပြီး ရေချိုးတဲ့နေရာကို သွားမယ်လဲလုပ်ရော တောကပြန်လာတဲ့ မုဆိုးတစ်ယောက်က ဆိုင်မှာလာရောင်းတယ်လေ…”တောဝက်သား”တဲ့…ကံတဲ့လူတွေများ မပူနဲ့..ဟီး…. အကုန်လုံးဝယ်ပြီး သူ့မိန်းမကို ချက်ခိုင်းထားပြီးတော့ ရေချိုးဖို့ သွားကြတာပေါ့…. လမ်းကနေ တော်တော်လေး အောက်ဆင်းလိုက်တော့ သဘာဝအလျှောက်ထွက်နေတဲ့ ရေတွင်းလေးကို တွေ့တယ်ဗျ…သူတို့က အဲဒါကို ရေချောက် လို့ခေါ်တယ်တဲ့ …ရေကလည်း အေးမှအေးဗျာ.. မိုးကုတ်ကိုတောင် ပြန်သတိရသွားတယ်…ကောင်းလိုက်တဲ့ ရေ…အဲဒီမှာ ရေအဝချိုးပြီး ပြန်တက်လာတော့ ဆိုင်မှာ ထမင်းဝိုင်းက အသင့်ဗျာ.. တောင်တက်လာတဲ့ အရှိန်နဲ့ ဆာတဲ့ အရှိန်နဲ့ တွယ်ထည့်လိုက်ကြတာ ဆလုံနဲ့ နှစ်ပန်းကန်စီလောက် ကုန်ကြတယ်..နောက်ပြီး ငပိရေနဲ့ တို့စရာလည်းကောင်းမှကောင်း…နောက် ကျွန်တော်တစ်ခါမှ မစားဖူးတဲ့ တို့စရာ တစ်ခုလည်းတွေ့သေးတယ်..နာမည်ကလည်း ကြည့်ဦးလေ “ခွေးအီးသီး”တဲ့…အတော်ကောင်းတယ်ဗျ…စားဖူးကြလားတော့ မသိဘူး…ဒီလိုနဲ့ စားပြီးသောက်ပြီးတော့ နေတောင် အတော်စောင်းနေပြီလေ….ဒါနဲ့ တောင်ဆက်တက်လိုက်ကြတာ ည ၈နာရီလောက်မှာ တောင်ပေါ်ရောက်ခဲ့တယ်ဗျ…တောင်ပေါ်ရောက်တော့ ဘုရားကို ဖူးလိုက်ရတာနဲ့ တစ်လမ်းလုံးတက်လာလို့ မောတဲ့ အမောတွေ ဘယ်ရောက်သွားမှန်းတောင် မသိဘူးဗျာ…အရမ်းကို သပ္ပာယ်လိုက်တာ ….မီးရောင်တစ်ဝင်းဝင်းနဲ့..။

ကျွန်တော်တို့လည်း ဘုရားဖူးပြီး တည်းဖို့နေရာရှာတော့ နေရာရပါတယ်...ရင်ရင်ပြုံး ထမင်းဆိုင်တဲ့…ဆိုင်ရှင် အကိုကြီးကလည်း သဘောကောင်းတယ်ဗျ…ဆိုင်က အမတွေကလည်း အတော်လေး ဖော်ရွေတယ်..ကျွန်တော်တို့လည်း ဆိုင်မှာတစ်ညအိပ်၊ မနက်ကျတော့ ဆွမ်းတော်ပွဲတွေကိုယ်စီနဲ့ ဆွမ်းတော်ကပ်ပြီး မနက်ပိုင်းမှာပဲ တောင်အောက်ကို ပြန်ဆင်းခဲ့တယ်…..ဒီလိုနဲ့ ဘူးသီးဖီလင်ကို ပြန်ရောက်လာတယ်လေ…. အော်..ပြောဖို့ကျန်ခဲ့တော့မလို့ ဘူးသီးဖီလင် က အကိုကြီးက ဆိုင်ကယ်လေးတွေကို သစ်တွေဝါးတွေနဲ့ လုပ်ရောင်းတာ အတော်လက်ရာမြောက်တယ်ဗျာ…ကျွန်တော်တောင် တစ်ခုဝယ်ခဲ့သေးတယ်…လက်ဆောင်ပေးဖို့ (ဘယ်သူ့ကို ပေးမှာလဲဆိုတာတော့ ပြောပြဘူး) ဟီး…. ဘူးသီးဖီလင်မှာ ခဏနားပြီး တောင်အောက်ကို ပြန်ဆင်းလာခဲ့တယ်လေ…ဒါတောင် ထမင်းစားပြီးမှ ပြန်ခိုင်းတာ အားနာလို့မစားခဲ့တော့ဘူး…

သူငယ်ချင်းတို့ရေ ..သူငယ်ချင်းတို့လည်း ကြုံလို့များ ကျိုက်ထီးရိုးကို ခြေလျှင်လမ်းက တက်မယ်ဆိုရင်တော့ ဘူးသီးဖီလင်ဆိုင်မှာ ဝင်နားကြဦးနော့….ဆိုင်ကယ်လေးတွေလဲမိုက်တယ်. ဘူးသီးကြော်လည်းကောင်းတယ်…ကံကောင်းရင်တော့ ထမင်းလေးပါဝင်တွယ်ရမှာဗျ….

ဒီလိုနဲ့ သင်္ကြန်အကျနေ့ ဧပြီ ၁၃ ရက်နေ့မှာ ကျိုက်ထို ကနေ ရန်ကုန်ကို ပြန်ခဲ့ကြတယ်ဗျ…အကျနေ့ဆိုတော့ သိတဲ့ အတိုင်းပဲ တစ်လမ်းလုံး ရေပက်ခံခဲ့ရတာပေါ့ဗျာ…တစ်လမ်းလုံးဆိုတော့လဲ ပဲခူးရောက်တော့ မနေနိုင်တော့ဘူးဗျ..ဒါနဲ့ပဲ တစ်လုံးပေါ့ဗျာ (ဒါတောင် မလောက်ဘူးဗျ ချမ်းတုန်း)..ဟဲဟဲ..

အချစ်မဲ့ဂစ်တာ


Thursday, April 3, 2008

ပိတောက်ပင်




ညက မိုးရွာခဲ့တယ်
မနက် ပိတောက်တွေပွင့်သွားတယ်
မျှော်နေကြသူတွေ
လွမ်းနေကြသူတွေ
ပျော်နေကြတယ်
ပိတောက်ပင်ကြီးလည်း
မီးကုန်ယမ်းကုန်
ပွင့်ပေးရကျိုးနပ်
ရနံ့တွေနဲ့
ပတ်ဝန်းကျင်ကို ခြုံလွမ်းပေး
ပီတိတွေနဲ့ပေါ့။

ဒါပေမယ့်
လူတွေလူတွေ
နှိပ်စက်လိုက်ကြတာ...။

သိပ်မကြာခင်ပဲ
ပိတောက်ပင်ကြီးဟာ
ဒဏ်ရာဒဏ်ချက်များစွာနဲ့
မျက်ရည်တွေစီးကျလို့...။

နောက်တစ်နှစ်အတွက်
သူ
အားပြန်မွေးရဦးမယ်…။

အချစ်မဲ့ဂစ်တာ

Friday, March 28, 2008

ပိတောက်နဲ့ ချယ်ရီ




၄ နှစ်လောက် ကြာမှ
ပြန်တွေ့ခွင့်ရတော့မယ့်
ပိတောက်ပွင့်တွေ
အချိန်အတော်ကြာ ဝေးနေခဲ့ပြီး
ခုမှ ပြန်ဆုံရမယ်ဆိုတော့
ရင်ခုန်မိပါရဲ့…..။

နောက်တော့
မခွဲချင်ပေမယ့်လဲ ခွဲခွာခဲ့ရတဲ့
တောင်ပေါ်ချယ်ရီနဲ့ တောင်နေကြာတွေ
သူတို့နဲ့တော့
ဘယ်တော့များမှ ပြန်ဆုံနိုင်ပါ့မလဲ….။

အချစ်မဲ့ဂစ်တာ
28/03/2008

Tuesday, March 4, 2008

သို့ အေးကြည်မ



သို့
အေးကြည်မ

ငါစာရေးလိုက်ပါတယ်..ရွာကိုပြန်ရောက်တော့ နင့်ကို အရမ်းသတိရတာပဲ သိလား…နင်က မြို့ကိုရောက်တော့ လွတ်ပြီးကိုလှသွားလိုက်တာနော်…နင်သူငယ်ချင်းဘုတ်ဆုံနဲ့ ရွှေမိတို့ကလည်း ငါပြန်ရောက်တာနဲ့ နင့်အကြောင်းမေးလိုက်ကြတာ…သူတို့ကလည်း နင့်ကို တော်တော်သံယောဇဉ်ရှိရှာတာဟ.. ရွှေမိဆို မျက်ရည်လေး ကလည်ကလည်နဲ့….နင့်ကိုဆီကို လာလည်ချင်တယ်လို့ပြောတယ်ဟ….ကြီးတော်သောင်းက မလွှတ်လို့တဲ့…ရွာဦးက ဘုန်းဘုန်းကတောင်မေးနေသေးတယ်..။

ဟဲ့..ဒါနဲ့ အေးကြည်မရဲ့…
ဘလချာတိုင်းလား ဘာတိုင်းလဲဟာ …နင်တို့ပြောတဲ့ အဲဒီနေ့တုန်းက နင်လိုက်ပို့တဲ့ အဲဒီပန်းခြံကြီးက အကျယ်ကြီးပဲနော်…..လူတွေစီးနေကြတဲ့ ဟိုးအမြင့်ကြီးကိုတက်သွားပြီး ပြန်ပြန်ကျလာတဲ့ အဝိုင်းကြီးကလည်း အကြီးကြီးပဲ..ငါဖြင့် အဲလောက်ကြီးတဲ့ (ရွာဘုရားပွဲတွေမှာ ကလေးတွေစီးတဲ့ ချားကြီးကိုထောင်ထားတဲ့) ချားထောင်ကြီးကို မြင်ဖူးပေါင်…အဲဒီပန်းခြံရှေ့က ဘုန်းကြီးကျောင်းလိုလို.. ဘုရားလိုလိုအဆောက်အဦးကြီးကလည်း ကြီးမှကြီး…အဲလောက်ကျယ်တဲ့ ဧကကြီးမှာ လယ်စိုက်လိုက်ရရင်ဖြင့် သီးနှံတွေထွက်လိုက်မယ့် ဖြစ်ခြင်း…နှမြောစရာကြီးဟာ ..နော်..။

နောက် တိရိစ္ဆာန်ရုံသွားတဲ့နေ့တုန်းကိုလည်း သတိရလိုက်တာ…နင့်တီးကောက်ကြီးကိုကိုင်ပြီး ကော်ဖီဆိုင်က အထွက်လေ..လူတွေကလည်းရှုပ်တော့ ကုလားထိုင်ခြေထောက်နဲ့ ခလုတ်တိုက်ပြီး လဲတော့မလိုဖြစ်သွားတာလေ…တော်သေးလို့ ရှေ့က လုံမကို ထီးနဲ့ ထိုးမိတော့မလို့…သိလား…ဝိုင်းကြည့်နေကြတာလေ…အရှက်မရှိတဲ့ ငါ့လိုတောသားတောင် နဲနဲရှက်သွားတယ် သိလား..နင်တို့မြို့ က တိရိစ္ဆာန်တွေကလည်း တော်တော်များသား..ဒါတောင် နေပြည်တော်ကို တိရိစ္ဆာန်တွေ တော်တော်ပြောင်းသွားတာနော်…နို့မဟုတ် နဲဘူးကြီးနေမှာ…အဲဒီကနေပြန်တော့လည်း ကြည့်ဦး..နင်တို့ခေါ်တဲ့ ဘတ်ကားဘတ်ကားဆိုတဲ့ ကားပေါ်ကို တက်တော့လည်း ငါ့ကိုင်ထားတဲ့ထီးကောက်ကြီးက ပိုက်ဆံလိုက်ကောက်တဲ့ အကိုကြီးပုဆိုးနဲ့ ညှိနေတာလေ…တော်ပါသေးရဲ့ အရမ်းမဆွဲလိုက်မိတာ..ချွေးတောင်ပြန်သွားတယ်ဟ…နဲနဲသာအားစိုက်ဆွဲလိုက်ရင်တော့ မတွေးဝံ့စရာ…ဘာပဲပြောပြော နင်နဲ့နေရတာ ငါဖြင့် အရမ်းပျော်တာပဲသိလား….။

အေးကြည်မရေ..စာလည်းရှည်သွားပြီ..နောက်နှစ် ကောက်ရိတ်ပြီးရင် ငါတို့နှစ်ယောက်တူတူနေနိုင်တော့မှာပါဟ…ငါလည်းကြိုးစားပြီး စိုက်နေတယ်သိလား….ဝေးနေတော့လည်း လွမ်းသားဟ…ဟိုးအရင် ရွာမှာနေတုန်းက ချစ်တယ်ဆိုပြီး..ခုမြို့ရောက်တော့ မေ့သွားမှာလည်း စိုးပါ့ကွယ်…နောက်ပြီး..နင်”အိမ်သာနက်”ဆိုတာကြီးကို မသွားပါနဲ့ဟာ..ဘာမှန်းမသိ ညာမှန်းမသိနဲ့ ရည်းစားစကားတွေပြောနေကြတယ်…မြို့သားတွေက တယ်မလွယ်ဘူးလေကွယ်..စိုးရိမ်ပါ့..။

ကျန်းမာရေးလည်း ဂရုစိုက်နော်…ဘကြီးအောင်ရဲ့ ဝမ်းနုတ်ဆေးလည်း မှန်မှန်စား သိလား…. ရွာက ဝက်တစ်ကောင်နဲ့ နွားတစ်ရှဉ်းကိုလည်း မပူနဲ့ သိလား…ငါစောင့်ရှောက်ထားတယ်..။
ဒါပဲနော်…။

အမြဲ သတိရလျှက်
ချစ်တဲ့ သာဂိ

အချစ်မဲ့ဂစ်တာ