Monday, January 4, 2010

လူလည်ကြီး သားသမီး




သန့်ရှင်း သပ်ရပ်၍ ညီညာလှပစွာ ခင်းကျင်းထားသော ထိုဆိုင်လေးထဲတွင် စားသုံးသူများစွားဖြင့် စည်ကားလျှက်ရှိလေသည်။ စားပွဲထိုးလေးများ ကလည်း  စနစ်ကျလှစွာ ဝန်ဆောင်မှုကောင်းလှသည်။ ထိုဆိုင်လေးကတော့ မြန်မာနိုင်ငံရဲ့ ရှေးဟောင်း မြို့တော် တစ်ခုဖြစ်တဲ့ ပုဂံမြို့လေးမှ ပင်ဖြစ်သည်။ ကောင်းမွန်သော ချက်ပြုတ်မှု လက်ရာများကြောင့် ထိုဆိုင်လေးမှာ လူပြတ်သည် မရှိ..။ အမြဲ တစ်ဝိုင်းစ နှစ်ဝိုင်းစတော့ ပုံမှန်ရှိနေတတ်သည်။

တစ်ရက်မှာတော့ ထိုဆိုင်လေးထဲသို့ တိုးရစ်တစ်ယောက် ဟိုကြည့် ဒီကြည့်ဖြင့် ရောက်လာကာ ဆိုင်အတွင်းရှိ စားပွဲဝိုင်းအလွတ်တစ်ခုတွင် ဟန်ပါပါ ဝင်ထိုင်လိုက်လေသည်။ မကြာမီ စားပွဲထိုးလေးတစ်ယောက် ရောက်လာကာ  မီနူးကဒ်ကို တိုးရစ်ရှေ့သို့ အသာချပေးလိုက်ရင်း “ ဘာများ သုံးဆောင်မလဲ ” လို့  အဓိပ္ပာယ်သက်ရောက်သော စကားစုတစ်ခုကို သူ အလွတ်ကျက်မှတ်ထားသည့် အတိုင်း သွက်လက်စွာမေးလိုက်သည်။ တိုးရစ်ကြီးကလည်း မီနူးကဒ်ကို စတိုင်အပြည့်ဖြင့် လှမ်းယူလိုက်ပြီး စာမျက်နှာ တစ်ရွက်ကို စတင်လှန်လိုက်သည်။ ပြီး နောက်တစ်ရွက် ..။ နောက်တစ်ရွက်..။ သူ မျက်မှောင်တစ်ချက်  ကျုံ့သွားသည်။ တော်တော်လည်း စိတ်ညစ်သွားပုံပေါ်သည်။ ညစ်လည်း ညစ်ချင်စရာပင်..။ စားပွဲထိုးလေး ချပေးလိုက်သော မီနူးကဒ်လေးထဲတွင် ထိုအချိန်က အင်္ဂလိပ်လို တစ်လုံးမှ မပါ..။ အားလုံးဟာ မြန်မာလိုချည်း….။ ဒါနဲ့ သူလည်း မီနူးကဒ်ကို ပြန်ချပြီး ဘေးဘီသို့ တစ်ချက် အကဲခတ်လိုက်သည်။ သူ့ဘေးချင်းကပ်ရက် ဝိုင်းတစ်ခုတွင် လူတစ်ယောက်…။ သူ့စားဝိုင်းပေါ်တွင် ထမင်းနှင့် ဟင်းပွဲများမှာ အပြည့်..။ စားသောက်နေပုံမှာလည်း ဘေးကနေကြည့်လျှင်  သွားရည်ကျချင်စရာ..။ ဒါနဲ့ သူလည်း စားပွဲထိုးကို ခေါ်ကာ သူ့ဘေးဝိုင်းသို့ လက်ညှိုးထိုးပြကာ ၎င်းပုံစံမျိုးချပေးရန် စားပွဲထိုးကို နားလည်အောင် ပြောလိုက်သည်။

မကြာခင်အချိန်မှာပဲ သူ့စားပွဲပေါ်သို့ အရံဟင်းခွက်ပေါင်းများစွာဟာ ငပိရည်၊ တို့စရာ တို့နှင့် အတူ ဦးစွာရောက်လာသည်။ ထမင်းနှင့် အဓိက ဟင်းမှာကား ရောက်မလာသေး..။ သူလည်း ငပိရည်နှင့် တို့စရာကို တစ်ချက်ကြည့်ကာ ဘေးဝိုင်းမှ တစ်ယောက် စားသောက်နေပုံကို အကဲခတ်လိုက်သည်။ ဟိုတစ်ယောက်ကတော့  ခေါင်းပင်မဖေါ်..။ ခဏအကြာတွင် ထမင်းနှင့် အဓိကဟင်းပွဲရောက်လာသည်။ သူလည်း စားပွဲပေါ်မှ ဟင်းခွက်ပေါင်းများစွာကို သေချာကြည့်ကာ အရံဟင်းတစ်ခွက်ကို လက်ညိုးထို၍  စားပွဲထိုးလေးအား “how much..?” လို့ မေးလိုက်သည်။ စားပွဲထိုးလေးကလည်း အရံဟင်း ဖြစ်သောကြောင့် လက်ဆောင်ဖြစ်ကြောင်း အင်္ဂလိပ်လို ပြန်ဖြေလိုက်သည်။ ဒါနဲ့ နောက် အရံဟင်း တစ်ပွဲကို ညွှန်ပြကာ မေးပြန်သည်။ စားပွဲထိုးလေးကလည်း လက်ဆောင်ဖြစ်ကြောင်း ပြောသည်။ ဒီလိုနှင့် နောက် အရံဟင်းတစ်ခွက် ..။ နောက်တစ်ခွက်..။ နောက်တစ်ခွက်နှင့် စားဝိုင်းမှ အရံဟင်းပွဲများ ကုန်သွားလေပြီ..။ ဒါနဲ့ အသားဟင်းဖြစ်သော အဓိကဟင်းပွဲကို လက်ညှိုးထိုးကာ မေးတော့ စားပွဲထိုးလေးမှ “2500 ks” လို့ အင်္ဂလိပ်လို ပီသစွာ ပြန်ပြောလေသည်။ စားဝိုင်းတစ်ခုလုံးမှ ဟင်းပွဲများကို တစ်ခုမကျန်အောင် သူမေးပြီးလေပြီ..။ သူ့စိတ်ထဲ တစ်ခုခုကို ကျေနပ်သွားပုံရသည်။

နောက် အသားဟင်းဖြစ်သော အဓိက ဟင်းခွက်ကို ကြည့်သည်။ အရံဟင်းများဖြစ်သော ပဲဟင်း၊ ချဉ်ပေါင်ကြော်၊ ပုန်းရည်ကြီးသုပ်၊ ကြက်ဟင်းခါးသီးကြော်.. စသ်ညများနှင့် ငါးပိရည် အတို့ များကိုကြည့်ကာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချပြီးဟန်ဖြင့် သူ့ရှေ့မှ အသားဟင်းကို ကောက်ကိုင်ကာ စားပွဲထိုးလေး လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး “ i don’t need it ” ဟုပြောကာ လက်ခါပြလိုက်သည်။ နောက် ချထားပေးသော ဇွန်းနှင့် ခရင်းကို ကိုင်ကာ ရှေ့မှ  သူ့ ထမင်းပန်ကန်ထဲသို့ အရံဟင်းများကို လောင်းထည့်ကာ အရသာရှိသော ဟန်ဖြင့် အားရပါးရ စတင် စားသောက်လေတော့သည်။ စားပွဲထိုးလေးကတော့ အသားဟင်းခွက်ကိုကိုင်ကာ ဘေးတွင် ကြောင်ကြည့်လျှက်…။

အော်…. သူ့ အတွေးနဲ့ သူကတော့ လေးစားလောက်ပါရဲ့…။

#အချစ်မဲ့ဂစ်တာ

No comments:

Post a Comment