Sunday, October 11, 2009

ခွန်အား တစ်စုံ


ချစ်ခြင်းကို ဖျက်စီးဖို့
မိုးဖြိုချရင်တောင် ဖြစ်နိုင်ပါ့မလား….
မင်းရင်ထဲမှာ ငါ..
ငါ့ရင်ထဲမှာ မင်း…
ဘေးစကားတွေ ခဝါချ
ကြားစကားတွေ မီးပုံရှို့ ….
ချစ်သူ့အပြုံး
နှလုံးသားမှာ သိမ်းထုတ်ပြီး
ကမ္ဘာတစ်ခု ဖြစ်စေမယ်……..။

အချစ်မဲ့ ဂစ်တာ
October 11, 2009 at 5:14pm

သံရိုက်ခြင်း




တစ်ရက်တုန်းက ကျွန်တော့်ဆီကို သူငယ်ချင်းတစ်ယောက် လာတွေ့တယ်..။ သူ အလုပ်တစ်ခုလုပ်ဖို့ လုပ်သင့် မလုပ်သင့်ကျွန်တော်နဲ့ လာတိုင်ပင်တာပါ။ သူလုပ်မယ့်  အလုပ်က ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်..။ ဒါပေမယ့် သူက အဆင်မပြေပဲဖြစ်မှာကို အတော်စိုးရိမ်နေတယ် ..။ ဒါနဲ့ ကျွန်တော်သူ့ကို အကြောင်းအရာလေးတစ်ခု  ပြောပြဖြစ်တယ်…။

နောက်တစ်ခါ မိန်းမယူဖို့ စဉ်းစားနေတဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်း ဒီအကြောင်းအရာလေးကို ပြောပြဖြစ်တယ်။ ကျွန်တော်ပြောပြပြီး နောက်တစ်ရက်မှာပဲ  ဒီကောင် မိန်းမခိုးသွားခဲ့တယ်။ အဲဒီအကြောင်းအရာက ဘာလဲဆိုတော့………..

အိမ်တစ်အိမ်မှာ လူတစ်ယောက်ဟာ နံရံတစ်ခုပေါ်ကို သံတစ်ချောင်းရိုက်လိုက်တယ်…။ အရင်က အဲဒီနံရံပေါ်မှာ ဘာမှမရှိပါဘူး။ သံချောင်းဟာလည်း သာမန် သံလေးတစ် ချောင်းပါပဲ..။ ဒီသံချောင်းလေးကို ဘာမှမရှိတဲ့ နံရံပေါ်မှာ ရိုက်လိုက်တဲ့ အခါမှာ တစ်ခုခုကိုချိတ်လို့ရတဲ့ အရာလေးတစ်ခုဖြစ်သွားတယ်…။  မကြာခင်မှာပဲ အဲဒီနံရံမှာ ရိုက်ထားတဲ့သံချောင်းလေးအတွက် ချိတ်စရာတစ်ခုခုတော့ ဘယ်လိုပဲဖြစ်ဖြစ် ရှိလာပါလိမ့်မယ်။ ဒီသံချောင်းလေးကို ရိုက်လိုက်တဲ့ လူကပဲဖြစ်ဖြစ် အခြားလူတစ်ယောက်ကပဲ ဖြစ်ဖြစ် ဒီသံချောင်းရဲ့ ခံနိုင်မှုကိုကြည့်ပြီး သော့တွဲဖြစ်စေ၊ ဦးထုပ်ဖြစ်စေ၊ ခါးပတ်ဖြစ်စေ၊ အကျီဖြစ်စေ ချိတ်ဖြစ်သွားမှာပါပဲ။ ဒီသံချောင်းလေးကို မရိုက်ခင်က ဘယ်ပစ္စည်းမှ ဘာမှမရှိတဲ့ နံရံမှာဘာမှချိတ်လို့မရဘူးလေ..။ ဘာမှမရှိတဲ့ နံရံမှာ သံချောင်းလေးတစ်ချောင်းရိုက်ဖြစ်တာနဲ့ပဲ သူ့ကိုလာချိတ်ဖို့အရာတွေဟာ တစ်ခုမဟုတ်တစ်ခုတော့ ပေါ်ကိုပေါ်လာတာပါပဲ..။ နောက်ဆုံးကုန်ကုန်ပြောရင် သားရေကွင်းတောင် ချိတ်ဖြစ်ကြပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုရှိတာက ရိုက်လိုက်တဲ့ သံအနေအထား၊ စရိုက်ကတည်းက သံချောင်းသေးသေးပဲရိုက်ရင် သူခံနိုင်ရည်ရှိသလောက်သေးငယ်သော အရာလေးတွေပဲ ချိတ်လို့ရမှာပေ့ါ။ အစကတည်းက သံကြီးကြီးရိုက်ထားမယ်ဆိုရင်တော့  ကြီးကြီးမားမားသော အရာတွေ ချိတ်စရာဖြစ်လာမှာပါ..။

ဒီတော့ သင်ရော ဘာတွေတွေးနေပါလဲ…။ ဘာတွေပြုလုပ်ချင်နေပါလဲ..။ အဆင်ပြေပါ့မလားဆိုတာတွေ စဉ်းစားနေပါသလား..။ ဘာပဲဖြစ်ဖြစ် သင့်အနေနဲ့ သံတစ်ချောင်းတော့ရိုက်ဖို့ လိုပါလိမ့်မယ်။ ဒီသံတစ်ချောင်း ရိုက်ပြီး သွားပြီဆိုသည်နှင့် သင်ရိုက်လိုက်သော သံအနေအထားပေါ်မူတည်ပြီး  တစ်ခုမဟုတ် တစ်ခုသော အရာတွေဟာ အဆင်ပြေစွာရောက်ရှိလာပါလိမ့်မယ်။

အချစ်မဲ့ ဂစ်တာ
11 Oct 2009

Friday, September 11, 2009

ဆုံမှတ် infinity …..



“ ဆုံမှတ်တစ်ခုမှာ
အတူရပ်ခဲ့ကြပေမယ့်
ကျာခြင်းကပ်ဖြစ်နေလေတော့
ရှေ့ဆက်မယ့် ခြေလှမ်းတိုင်းဟာ ……………. ”


လေအဝှေ့မှာ လွင့်ဝဲသွားတဲ့ ဆံနွယ်တွေကြားက ဖြူနုနေတဲ့ ချစ်စဖွယ် လည်တိုင်လေး…။



ဒီလည်တိုင်လေးပေါ်မှာ ငါ့ရင်ထဲက တစ်ခုခုကို ကောင်းစွာကိုင်လှုပ်နိုင်စွမ်းရှိတဲ့ အနီရောင် မှဲ့နီလေးတစ်လုံး.။



ဒီမှဲ့နီလေးကြောင့် အရာရာက စတင်ခဲ့ပြီး အားလုံး အဆုံးသတ်ချိန်မှာတော့  င့ါဆီမှာ ရှိတဲ့ ငါပိုင်ဆို်င်ထားတဲ့ အရာတွေ အားလုံး အားလုံးဟာ ဒီမှဲ့နီလေးထဲမှာ နစ်မြုပ် ကျန်ရစ် ခဲ့တာပါပဲ..။



“ ချစ်တယ် ”ဆိုတဲ့ စကားတစ်ခွန်းကို ၀တ်ကျေတန်းကျေဆန်လွန်းစွာ ရရှိခဲ့တဲ့ ငါဟာ.. “ တောင်းပန်ပါတယ် ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဖျက်ဆီးခံလိုက်ရပြန်တော့ ငါမင်းကို ဘာများ ပြောခွင်ရှိဦးမှာလဲ..။ တစ်ခုရှိတာတော့ မင်းကို အမှန်တကယ် မြတ်နိုးခဲ့တယ် ဆိုတာကိုပါပဲ..။ နှစ်ချို့အောင် ကြိုးစားပြီး ရခဲ့တဲ့ မင်းရဲ့ ချစ်ခြင်း(အတု)တွေကြားမှာ မင်းရဲ့ ပါးပြင်လေးကိုတောင် နမ်းရှိုက်ဖို့ ငါနှမြောခဲ့ရတာလေ..။ ဒါပေမယ့်  မင်းပြောခဲ့တဲ့ “ ချစ်တယ် ”ဆိုတဲ့ စကားနဲ့ “ တောင်းပန်ပါတယ် ” ဆိုတဲ့ စကားနှစ်ခွန်းကြားရဲ့ အချိန်ကာလတွေမှာ ပျော်ရွှင်မှုတွေ မျှော်လင့်ချက်တွေကို စားသုံးရင်း မင်းမျက်နှာလေးကို ကြည့်ပြီး ငါ့ဘဝရှင်သန်ခဲ့တယ်ဆိုရင်……..။



အသည်းပုံချိုချဉ်လေးကျွေးတာတောင် တစ်လုံးထဲ ကျွေးရင် မပြည့်စုံမှာစိုးလို့ ချိုချဉ်ကို နေ့စဉ် နှစ်လုံး နှစ်လုံး ပုံမှန် မင်းဆီကို မရောက်ရောက်တဲ့ နည်းနဲ့ ပို့ခဲ့တာဟာ ငါရူုးသွပ်ခဲ့တာလား.။ နောက်ဆုံးခွဲရမယ့် အချိန်မှာ “ ရင်နာနာနဲ့ ရယ်နေရမယ့် အဖြစ်မျိုး မကြုံချင်လို့ ဒီနာရီကို မရချင်ပါဘူး ” လို့ ပြောခဲ့တဲ့ မင်း..။ ငါကိုယ်တိုင်ကလည်း  ရူးသွပ်လွန်းလို့ မင်းရဲ့ လက်မှာ ကိုယ်တိုင်ဝတ်ပေးမိခဲ့တာ ငါ့အမှားဖြစ်သွားတာလား..။ တကယ့်တကယ် ရယ်နေပေမယ့် ရင်ထဲမှာ နာကျင်စွာ ငိုနေရတာဟာ မင်းမဟုတ်ပဲ ငါဖြစ်သွားတာလေ။ အဲဒီတုန်းက နာရီလေးတစ်လုံးကို ခုချိန်ပြန်တွေ့ရရင် သိချင်ပါ့ရဲ့ ..။ သူစကားပြောတတ်ရင်ပေါ့… ငါ့အတွက်နဲ့ မင်း မျက်ရည်တစ်ပေါက်ကျခဲ့ဖူးသလား  ဆိုတာကို….။



အချိန်တွေလည်း ဆယ်စုနှစ်တစ်ခုကြာရောပေါ့..။ ခုချိန်ထိ ငါ့နှလုံးသားရဲ့ ဟိုး………… အဝေးတစ်ထောင့်မှာ မှဲ့နီလေး တစ်လုံးဟာ ငါ့အတွက် တစ်စတစ်စ မှေးမှိန်လျှက်…..။။



အချစ်မဲ့ဂစ်တာ

11/9/2009

Thursday, August 13, 2009

နွံတစ်ခုသို့ နိဒါန်း







သူနှင့် ကောင်လေး စတင်သိကျွမ်းခဲ့တဲ့ နေ့က ဆယ်တန်းအောင်စာရင်း များ ထွက်သည့်နေ့ဖြစ်သည်။ ကောင်လေးရဲ့ သူငယ်ချင်းတစ်ယောက်က စတင်မိတ်ဆက် ပေးခဲ့ခြင်းဖြစ်သည်။ အရင်တုန်းကတော့ ကောင်လေးကလည်း သူ့ကို မြင်ဖူးခဲ့သလို… သူလည်း ကောင်လေးကို တွေ့ခဲ့ဖူးပါသည်။ ခုတော့ သူနဲ့ ကောင်လေးဟာ စားပွဲဝိုင်းတစ်ခုမှာ စတင်ဆုံတွေ့ခြင်းဖြစ်သည်.. ။ ခုလိုမျိုး တစ်ဝိုင်းထဲမှာ သူတို့ တစ်ခါမှ အတူမထိုင်ခဲ့ဖူး…။ ဒီလို ထိုင်နေချိန်အတွင်းမှာ ကောင်လေး သူ့ကိုကြည့့်တဲ့ အကြည့်တွေကို သူသတိထားမိခဲ့သည်။ ကောင်လေးရဲ့ အကြည့်တွေမှာ မဝံ့ရဲမှုတွေ၊ စိုးရိမ်ကြောက်ရွံ့မှုတွေ ရောယှက်နေတာကို ကောင်လေးရဲ့ ပျော်ရွှင်မှုအပြုံးတွေကြားမှာ သူမြင်လိုက်ရသည်။ ထိုနေ့အတွက်တော့ ကောင်လေးဟာ သူ့ကြောင့် အတိုင်းအတာ တစ်ခုထက်ကိုပို၍ ပျော်ရွှင်ခဲ့တာတော့ အသေအချာပင်။

ဒီတွေ့ဆုံမှုနောက်ပိုင်းမှာတော့ ကောင်လေးနဲ့သူ မကြာခဏဆိုသလို ဆုံတွေ့မိကြသည်။ ဒီလိုဆုံဖို့ကိုလည်း ကောင်လေးဟာ အရဲစွန့်၍ ကြိုးစားလာခဲ့သည်ကို  သူသိနေသည်။ အစပိုင်းတွေမှာတော့ ကောင်လေးရဲ့ သူငယ်ချင်းတစ်ယောက် နှစ်ယောက်နဲ့ အတူလာတတ်ပေမယ့် နောက်ပိုင်း ကောင်လေးတစ်ယောက်ထဲသာ သူဆီကို ရောက်ရောက်လာပြီ ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်လာပြီဖြစ်တဲ့ ကောင်လေးနဲ့ သူဟာ အချိန်ကြာလာသည်နှင့်အမျှ အတော် သံယောဇဉ်ဖြစ်လာလေပြီ။ ကောင်လေးကလည်း ၀မ်းသာစရာရှိသည်ဖြစ်စေ၊ ၀မ်းနည်းစရာရှိသည်ဖြစ်စေ သူဆီသို့ အရောက်လာပြီး ရင်ဖွင့်လာတတ်သည်။ ကောင်လေးဟာ ကျောင်းမှာ ချစ်သူတစ်ယောက်ရှိတဲ့ အကြောင်းကိုလည်း သူ့ကို ပြောပြသည်။ ကောင်လေးရဲ့ ချစ်သူဟာ ကောင်လေး သူနဲ့နေတာကို သဘောမကျတဲ့ အကြောင်းလည်း သူ့ကို ရင်ဖွင့်ဖူးသည်။ ချစ်သူရှိရက်နှင့် သူ့ဆီအမြဲလာနေသော ဒီကောင်လေးဟာ ဘယ်လိုကောင်လေးမျိုးပါလိမ့်..။

မကြာခင်မှာပဲ ကောင်လေးဟာ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ အကြောင်းကို ကောင်လေးအပြောကြောင့် သူသိလိုက်ရသည်။ နောက် ထပ်သိလိုက်ရတာကတော့  ကောင်လေးချစ်သူနဲ့ လမ်းခွဲရခြင်း အကြောင်းရင်းဟာ သူ့ကြောင့်ဆိုတာကိုပါပဲ။ ချစ်သူနဲ့ ပြတ်ပြီးနောက်ပိုင်း ကောင်လေးဟာ သူနဲ့သာ အချိန်တွေကုန်ပြီး ချစ်သူ  အသစ်လည်း ထပ်ရှာတာ မတွေ့ရတော့….။ သူနဲ့ တွေ့တိုင်း ကောင်လေးဟာ စကားတွေ အများကြီးပြောတတ်လေပြီ။  ၀ိဉာဉ်တွေအကြောင်း၊ အနုပညာအကြောင်း၊ မဖြစ်သင့်တာတွေ ဖြစ်နေပြီး ဖြစ်သင့်တာတွေ ပျောက်ပျက်နေတဲ့ အကြောင်း၊ ကြွေလွင့်သွားကြတဲ့ ကြယ်တွေအကြောင်း၊ ထိုင်ခုံတွေအကြောင်း၊ အလင်းပျောက် အမှောင်ကမ္ဘာအကြောင်း စပြီး စုံနေအောင်ပြောသည်။ တစ်ခါတစ်ရံ ကောင်လေးဟာ သူ့ကိုရီဝေစွာကြည့်တတ်ပြီး  ဘယ်မိန်းကလေးမှ သူ့လောက် မချစ်မိတဲ့ အကြောင်းလည်း တဖွဖွပြောတတ်သေးသည်။

တစ်ရက် တစ်ယောက်ထဲနေသော ကောင်လေးရဲ့ တိုက်ခန်းကို ကောင်လေးလာခေါ်၍ သူရောက်ခဲ့သည်။ ထိုနေ့မှာပဲ ညနက်တဲ့အထိ ကောင်လေးရဲ့စကားတွေမှာ မျှောပါရင်း ကောင်လေးနဲ့ အတူတူ တစ်ညလုံးနေဖြစ်ခဲ့သည်။ ဒီလိုနဲ့ နောက်ပိုင်းရက်များတွင်တော့ ကောင်လေးရဲ့ တိုက်ခန်းသို့သာ ကောင်လေးက သူ့ကိုခေါ်လာတာ များသည်။ မနက် ကောင်လေးနိုးတဲ့ အချိန်မှာ သူမရှိတော့..။ ညနေစောင်းဆိုရင်တော့ ကောင်လေးက သူ့ကို ပြန်လာခေါ်သည်။ ကောင်လေးဟာ သူ့ကို တစ်ရက် တောင် မတွေ့ရမနေနိုင်အောင် စွဲလမ်းနေပြီဆိုတာ သူကောင်းကောင်းသိသည်။ ဒီလိုနဲ့ ဖြတ်သန်းလာလိုက်တာ ဆယ်စုနှစ် တစ်ခုကျော်လာလေပြီ။ ဒီနှစ်တွေ အတွင်းမှာ သူကတော့ သိပ်ပြောင်းလဲသွားခြင်းမရှိပေမယ့် ကောင်လေးကတော့ သူတို့ စတင်တွေ့ဆုံတုန်းကပုံစံနဲ့ ခုပုံစံဟာ အတော်ပင် ပြောင်းလဲသွားခဲ့သည်။

သူနဲ့ အတူနေရင်း အရေးအကြောင်းများစွာနှင့် ကြမ်းတမ်းသော အသားအရေများက ဟိုအရင် ကောင်လေးရဲ့ မျက်နှာနုနုလေးမှာ နေရာယူလာသည်။ စိမ်းစို၍ အလွန်တရာ ကြည့်ကောင်းလှသော ကောင်လေးရဲ့ ပါးသိုင်းမွေးများသည်လည်း ခု မရိတ်သင်တာ အတော်ကြာပြီဖြစ်လို့ မျက်နှာမှာ မည်းညစ်နေလေတော့သည်။  အရင်က ပြည့်ဖြိုးလှသော ကောင်လေးရဲ့ ခန္ဓာကိုယ်သည်လည်း ယခု လူတိုင်းက နေကောင်းရဲ့လား! အရမ်းပိန်သွားတယ်! စသဖြင့် ပြောလာကြသည်။ ကောင်လေးရဲ့ ပြောင်းလဲခြင်းများစွာကြားမှာ ပြောင်းလဲမသွားတာကတော့ သူနဲ့ တွေ့ဆုံမှုပင်ဖြစ်သည်။ နောက်ထပ် မပြောင်းလဲခြင်း တစ်ခုကတော့ ကောင်လေးရဲ့ သူ့ကိုချစ်သော အချစ် ဖြစ်သည်။ ယခုထိ ကောင်လေးဟာ သူ့ကို စကားတွေ အများကြီးပြောတုန်းဖြစ်သလို သူကလည်း ကောင်လေးရဲ့ အပြောတွေမှာ မျှောနေတုန်းပင်…။

ဒီလိုနှင့် တစ်ရက်မှာတော့ ကောင်လေးဟာ သူနဲ့ စကားပြောရင်း မျက်ရည်စတစ်စ ကောင်လေးရဲ့ ပါးပြင်ပေါ်မှာ လိမ့်ဆင်းသွားသည်။ ကောင်လေးရဲ့ စကားသံတွေ တိုးလျှနေသည်။ ကောင်လေးသူ့ပခုံးလေးကို ပွတ်သပ်လျှက် စကားတွေပြောနေသည်။ ကောင်လေးရဲ့ အပြောတွေမှာ သူ့ကို ဘယ်လောက်ချစ်တဲ့ အကြောင်း၊ သူနဲ့ နေခဲ့သမျှ ကာလပတ်လုံးမှာ  သူပေးခဲ့တဲ့ အရာတွေမှန်သမျှကို ကျေကျေနပ်နပ်ခံယူဖို့ အသင့်ဖြစ်ကြောင်း၊ ဘယ်သူ့ကိုမှလည်း သူ့လောက် မတွယ်တာမိကြောင်း၊ ဘယ်သူမှလည်း သူ့လောက် သစ္စာမရှိခဲ့ကြောင်း ထို့ကြောင့် သူနောက်ဆုံး အချိန် ထိ သူနဲ့သာ အတူရှိနေမယ့်အကြောင်းတွေ ပါသည်။ နောက် အစိတ်စိတ်အမွှာမွှာနှင့် အလွန်ခြောက်နေပြီဖြစ်သော အသည်း အကြောင်းတွေပါသည်။ ကောင်လေးဟာ ဘယ်လိုဖြစ်နေတာပါလိမ့်။ ကောင်လေးရဲ့ ပုံစံဟာ အတော် အားနည်းနေပုံပေါက်သည်။ အသက်ရှူသံပြင်းပြင်းကိုလည်း တစ်ချက် တစ်ချက် ကြားရသည်။ တစ်ခါ တစ်ခါ သက်ပြင်းချသံလည်းပါသည်။ အားတင်း၍ လှမ်းလာသော ကောင်လေး၏ တုန်ရီနေသောလက်တစ်စုံကို သူမြင်လိုက်ရသည်။ နောက် သူ့ကို  ကောင်လေးဟာ ရင်ခွင်ထဲကိုဆွဲသွင်းလိုက်ပြီး လွတ်ထွက်သွားမှာ… တစ်ယောက်ယောက်က ဆွဲထုတ်ခေါ်သွားမှာကို ကြောက်နေသည့်အလား စိုးရိမ်ကြီးစွာဖြင့် တင်းကျပ်စွာ ထွေးပိုက်ထားလျှက်ရှိသည်။ ကောင်လေးရဲ့ နှလုံးခုန်သံ တစ်ဖြည်းဖြည်းနှေးကွေးလာတာကို ကြားရသလို တင်းကျပ်စွာ ဖက်ထားသော ကောင်လေးရဲ့ လက်များမှာလည်း တဖြည်းဖြည်း လျှော့ကျ ငြိမ်သက်သွားလေပြီ။ သူလည်း ကောင်လေးရဲ့လက်ထဲမှ ကြမ်းပြင်ပေါ်သို့….

)))))))))))) ခွမ်း ((((((((((((((

ပုလင်းတစ်လုံး၏ လွင့်စင်သွားသော ဖန်ကွဲစများကြားမှာ…………..

နောက်ထပ် ကောင်လေးတစ်ယောက် သူ့ကိုကြည့်နေသည်။ ဒီကောင်လေး သူ့ကိုကြည့့်တဲ့ အကြည့်တွေကို သူသတိထားမိခဲ့သည်။ ဒီကောင်လေးရဲ့ အကြည့်တွေမှာ မဝံ့ရဲမှုတွေ၊ စိုးရိမ် ကြောက်ရွံ့မှုတွေ ရောယှက်နေတာကို သူမြင်လိုက်ရသည်။ နောက်ပိုင်းမှာတော့ ဒီကောင်လေးဟာလဲ သူ့ဆီသို့………..။

အချစ်မဲ့ဂစ်တာ

August 13, 2009 at 2:11pm ··

Sunday, June 28, 2009

အမှတ်တရ ဒီမွေးနေ့



လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်တာ ကာလ….

ဒီလိုနေ့ရက်မှာပေါ့… လူလောကကြီးထဲကို မျက်စိသူငယ် နားသူငယ်နဲ့ ရောက်လာခဲ့တဲ့ ကလေးလေးတစ်ယောက်…။ ဒီလောကရဲ့  ဖျားယောင်းမှု၊ လှည့်စားမှု၊  ပြောင်းလဲမှုတွေကြားမှာ ကြီးပြင်းလာလိုက်တာ လူဘဝရဲ့ သက်တမ်းအရဆိုရင် သုံးပုံတစ်ပုံဟာ ကုန်ဆုံးသွားခဲ့လေပြီ။ ဒီလိုကုန်ဆုံးသွားတဲ့ ကာလာတွေထဲမှာ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အောင်မြင်မှုတွေ၊ ရှုံးနိမ့်မှုတွေ၊ မျှော်လင့်ချက်တွေ၊ စိတ်ပျက်အားလျှော့ခဲ့ရမှုတွေ စတဲ့ လောကဓံရဲ့ လှိုင်းတံပိုးထဲမှာ အလူးလူး အလိမ့်လိမ့် နဲ့ပါပဲ။

အထပ်ထပ်ဖိချခဲ့ရတဲ့ ဆပ်မကုန်တဲ့ ကျေးဇူးတရားတွေအောက်မှာ ပြန်လည်ဦးမော့နိုင်ဖို့နဲ့ တစ်ထပ်ပြီး တစ်ထပ် ပြန်လည်ချေဖျက်ပစ်ဖို့ ကြိုးစားနေရတဲ့ လူတစ်ယောက်…။ တစ်ချို့ တစ်ချို့သောအရာတွေ လုပ်နိုင်ခဲ့တာရှိသလို လုပ်နေသမျှကာလပတ်လုံးမှာလည်း ပြန်လည်ပြီး  တစ်ရစ်နဲ့ တစ်ရစ် ပိကျခံနေရဆဲ…ပြန်လည်နစ်မြုပ်နေဆဲပါ..။  ပြီးဆုံးသွားတဲ့ အရာတွေမှာ အမှန်တွေရှိခဲ့သလို အမှားတွေဆိုတာလည်း ဒုနဲ့ ဒေးပေါ့..။ ဒီလိုနဲ့ ပြင်ဆင်လို့ ရနိုင်တဲ့ အမှားတွေကို ကြိုးစားပြင်ဆင်ရင်းနဲ့  ပြန်ပြင်မရနိုင်တော့တဲ့ နောင်တတွေလည်း များစွာ ပိုက်ထွေးလျှက်…..။ ဘာပဲပြောပြော..  ရည်မှန်းချက်တစ်ခုအတွက်ဆိုရင်တော့  မာနဆိုတဲ့ အရာက်ိုလက်ဆွဲရင်း…..။

ဒီလိုနှစ်ကာလအတွင်းမှာပဲ…တစ်ခါတစ်ရံ အချိန်တွေမှာ အကောင်းဆုံးဖြစ်နိုင်ဖို့ လှုပ်ရင်း လှုပ်ရင်းနဲ့ မြုပ်မြုပ်သွားခဲ့ရတဲ့ အခြေအနေတွေ၊ နွံထဲရောက်သွားသလို အခြေအနေမျိုးတွေလည်း ကြုံခဲ့ရတာ ခဏခဏပေါ့…..။ ဒီလိုအဖြစ်မျိုးတွေကြုံလိုက်ရတိုင်း ကျကျသွားတတ်တဲ့ အရာတစ်ခုကို မရမက ပြန်ပြန်ကောက်ခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ..။ တစ်ခါတစ်ခါလည်း နှောင်ကြိုးတစ်ချောင်းကို သွားပြီးတွယ်ငြိလိုက်မိခဲ့ပေမယ့် ဒီနှောင်ကြိုးက အချည်မခံလိုသူအတွက် အသာအယာဆွဲဖြေလိုက်ရုံနဲ့ပဲ ပြေလျှောသွားခဲ့လေရဲ့….။ တစ်ခါတစ်ရံလည်း စဉ်းစားမိခဲ့ပါရဲ့… ဘဝဆိုတာ ဘာမဟုတ်တဲ့ စက္ကူတွေအတွက်များလားပေါ့လေ..။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး..။ ဘာမဟုတ်တဲ့ စက္ကူတွေက ဘဝတစ်ခုကို ဖြစ်စေခဲ့တာကို သိလိုက်ရမိပြန်ရော..။

ဒီလိုနဲ့ပဲ ခုဆိုရင် နှစ်ဆယ်ငါးနှစ်တဲ့… အချိန်က သတိပေးလာတယ်…။ ခုချိန်ထိ ဘာဆိုဘာမှ မလုပ်ခဲ့လိုက်ရသေးသလိုလို …. ။ ဘာဆိုဘာမှလည်း မပြီးမြောက်သေး သလိုလို..။ ကုန်ဆုံးသွားတဲ့ အချိန်တွေဟာလည်း ဘာမှ မကြာလိုက်သလိုလို..။ မထင်မှတ်ပဲ မကြာသေးခင်ကမှ တွယ်ငြိမိပြန်တဲ့သံယောဇဉ်ကြိုးတစ်ချောင်းအတွက်လည်း  ရင်လေးမိသလိုလို…။ ဒီကြိုးလေးဟာ လုံးဝထင်မှတ်မထားပဲတင်းကျပ်စွာချည်နှောင်မိနေလေတော့လဲ ခက်ပါ့… ။ ထားလိုက်ပါပြီ..။  ပြီးခဲ့တာတွေလည်း  နေ့စဉ်ရက်ဆက် သင်္ဂြုလ်နေခဲ့ရပြီး နောင်လာမယ့် အချိန်တွေကိုလည်း ဖမ်းဆုပ်လို့ မလွယ်ဘူးဖြစ်နေတော့….။ ဒီအချိန်.. ဒီအရွယ်မှာဖြင့်…………….။ ဒီလိုနဲ့ပဲ မနက်ဖြန်ဆိုရင် ၂၆ လို့ပြောရတော့မယ်……………………….။

ps.. ဘာပဲပြောပြောပေါ့လေ.. ဒီမွေးနေ့ဟာ ကျွန်တော့်အတွက် အမှတ်တရအဖြစ်ဆုံးသော မွေးနေ့တစ်ခု ဖြစ်ခဲ့တာတော့ အမှန်ပါပဲ… Thank you for all…

အချစ်မဲ့ဂစ်တာ
၂၈.၆.၂၀၀၉